Skip to content
Ads Advertisement

တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (September First Week )

• မြန်မာနိုင်ငံမှာ HIV ပိုးရှိသူ သုံးသိန်းနီးပါးရှိပြီး အခုနှစ် ဇွန်လအထိ စာရင်းအရ ART ဆေးသုံးနေရသူဟာ ရန်ကုန်တိုင်းတစ်ခုတည်းမှာတင် ၇၀,၀၀၀ ကျော် ရှိနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကို ကိုးကားပြီး ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေးမှာ တိုင်းအစိုးရက ပြောဆိုထားပါတယ်။

• ရန်ကုန်တိုင်းအတွင်းက ဆေးဆိုင်တွေမှာ မှတ်ပုံမတင်ထားတဲ့ ဆေးတွေ၊ စံမမီတဲ့ ဆေးတွေ၊ သက်တမ်းလွန်ဆေးတွေနဲ့ စပ်ဆေးတွေ၊ သုံးစွဲဖို့ မသင့်ဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ဆေးတွေ ရောင်းချ မှု ရှိ၊ မရှိကို ရှောင်တခင် ကွင်းဆင်းစစ်ဆေးနေတယ်လို့ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးဗိုလ်ဌေးက ပြောပါတယ်။ စစ်ဆေးတွေ့ရှိခဲ့ရင် ပထမအကြိမ် လိုင်စင် သုံးလပိတ်သိမ်းတာ၊ ဒုတိယအကြိမ် ခြောက်လနဲ့ တတိယအကြိမ် တွေ့ရှိရင် အပြီးပိတ်သိမ်းတဲ့အပြင် အရေးယူမယ်လို့လည်း ဆိုပါတယ်။

• ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ဖြစ်နေလို့ မြို့တွင်းခြောက်မြို့နယ်အပြင် ပုဇွန်တောင်၊ မင်္ဂလာတောင်ညွှန့်၊ သာကေတ၊ ဒေါပုံ၊ တာမွေ၊ လှိုင်၊ အင်းစိန်၊ စမ်းချောင်း၊ ကြည့်မြင်တိုင်နဲ့ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် ၁၀ ခုမှာပါ လမ်းဘေးအစားအသောက်ဆိုင်တွေကို ယာယီပိတ်သိမ်းခိုင်းထားတယ်လို့ ဆိုင်ရောင်းချသူတွေဆီက သိရပါတယ်။

• သာကေတမြို့နယ်ထဲက ရပ်ကွက်အချို့မှာ ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်တဲ့အနေနဲ့ သြဂုတ် ၂၆ ရက် မနက်ပိုင်းက ကလိုရင်းဆေးခတ်တာနဲ့ ရေသန့်ဆေး ဝေငှတာတွေကို မြို့နယ်ကျန်းမာရေးဦးစီးဌာနက ဆောင်ရွက်ခဲ့ပါတယ်။

• ၂၀၂၁ ခုနှစ်ကတည်းက ဆေးရုံတက် ကလေးအရေအတွက် များလာပြီး မွေးကင်းစကလေး အထူးစောင့်ရှောက်မှုတွေ လိုအပ်လာလို့ ထိုင်း-မြန်မာနယ်စပ် မဲ့ဆောက်မြို့က မယ်တော်ဆေးခန်းမှာ အထူးစောင့်ရှောက်ရေးယူနစ် SCBU ကို စတင်ဖွင့်လှစ်ဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

• နေပြည်တော် တပ်ကုန်းမြိုနယ်ထဲက သီလရှင်စာသင်တိုက်တွေမှာ ကျန်းမာရေး စစ်ဆေးပေးတာအပြင် အရေပြားရောဂါတွေကို စက်တင်ဘာ ၁ ရက်က ပြုလုပ်ပေးခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်တဲ့အနေန့ အဘိတ်ဆေး ခတ်တာ၊ အိမ်သာ ယင်လုံမှု ရှိ – မရှိ စစ်ဆေးပေးတာ၊ တစ်ကိုယ်ရေ သန့်ရှင်းရေးနဲ့ သွေးလွန်တုပ်ကွေးရောဂါ ကျန်းမာ ရေးအသိပညာပေးတာတွေကိုလည်း လုပ်ဆောင်ပေးခဲ့ပါတယ်။

• စစ်တွေခရိုင်ထဲက အဖျားရောဂါ ဖြစ်ပွားမှု မြင့်နေတဲ့ ကျေးရွာ သုံးရွာနဲ့ စစ်ရှောင်စခန်း နှစ်ခုက ဒေသခံပြည်သူ ၅၉၀ ကျော်ကို အာရက္ခ ပြည်သူ့ကျန်းမာရေးဌာနက သြဂုတ် ၁၇ ကနေ ၂၁ ရက်အထိ ငါးရက်ကြာ အခမဲ့ ကွင်းဆင်းကုသပေးခဲ့ပါတယ်။

• ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားရာ ဒေသအတွင်းမှာ ပညာရေးနဲ့ ကျန်းမာရေးဌာနတွေက ကျောင်းမုန့်စျေးတန်းတွေကို ကွင်းဆင်း စစ်ဆေးတာတွေ လုပ်ပြီးတဲ့နောက် အန္တရာယ်ရှိ သွားရည်စာ ၁၀ မျိုးကို မရောင်းဖို့ တားမြစ်ချက် ထုတ်ပြန်လိုက်ပါတယ်။

• “Pod” ဒါမှမဟုတ် “Zombie Vape” လို့ လူသိများတဲ့ အီးစီးကရက် ရေငွေ့ရည်နမှာ စိတ်ကြွဒြပ် ပေါင်း မက်သာဖက်တမင်း (Methamphetamine) နဲ့ မေ့ဆေးတစ်မျိုးဖြစ်တဲ့ Etomidate ဓာတုပစ္စည်းတွေ ပါဝင်တယ်လို့ ထိုင်းနိုင်ငံ၊ ဆေးသိပ္ပံဦးစီးဌာနက စစ်ဆေးတွေ့ရှိခဲ့ပြီး ဒီလို ပေါင်းစပ်သုံးတာဟာ အသက်အန္တရာယ်ကိုပါ စိုးရိမ်ရစေတယ်လို့ သတိပေးထားပါတယ်။ မက်သာဖက်တမင်းဟာ နှလုံးခုန် မမှန်တာ၊ နှလုံးရပ်တာမျိုးနဲ့ သေဆုံးနိုင်ခြေကို မြင့်စေပြီး မော့ဆေးဟာ အသက်ရှူနှုန်းကို ထိန်းချုပ်တာ၊ နှေးကွေးစေတာမို့ သတိမေ့တာ (Amnesia) ကို ဖြစ်စေပါတယ်။

• အမေရိကန်မှာ ၃၅ နှစ်အတွင်း ဝက်သက်ရောဂါကူးစက်မှုဟာ အမြင့်ဆုံးအဆင့်ကို ရောက်နေပြီး ပန်ဆယ်ဗေးနီးယားပြည်နယ်မှာ အခုနှစ်အတွင်း ရောဂါဖြစ်ပွားသူ ၃၉၃ ဦးအထိ ရှိကာ ကာကွယ်ဆေး မထိုးထားသူ နှစ်ဦးလည်း သေဆုံးထားတယ်လို့ AP သတင်းက ရေးသားထားပါတယ်။ လူသေဆုံးမှု ရှိခဲ့တဲ့ လန်ကတ်စတာခရိုင်မှာဆိုရင် မူကြိုအရွယ် ကလေးငယ်ရဲ့ ၈၅ ရာခိုင်နှုန်းကသာ ကာကွယ်ဆေး ထိုးထားကြပြီး ဒါဟာ ဝက်သက်ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ဖို့နဲ့ ကိုယ်ခံအားနည်းသူကို ကာကွယ်ဖို့အတွက် ရှိရမယ့် လိုအပ်တဲ့ ကာကွယ်ဆေးထိုးနှံနှုန်း ၉၅ ရာခိုင်နှုန်းအောက်ကို ကျဆင်းလာတဲ့ အခြေအနေဖြစ်တယ်လို့လည်း သတင်းမှာ သုံးသပ်ထားပါတယ်။

• ထိုင်းနိုင်ငံမှာ အခုနှစ်စကနေ သြဂုတ် ၂၈ ရက်အထိ ကိုဗစ် (၁၉) ကူးစက်ခံရသူဟာ တစ်သိန်းနီးပါးအထိ ရှိနေပြီး ၁၄ ဦး သေုဆံးထားတယ်လို့ ထိုင်း ရောဂါထိန်းချုပ်ရေးဦးစီးဌာန – DDC က ထုတ်ပြန်ထားပါတယ်။ ဌာနရဲ့ ဒစ်ဂျစ်တယ်ရောဂါစောင့်ကြည့်ရေးစနစ်အရ လူတစ်သန်းမှာ ၁၄၄ ဒသမ ၇၆ ဦးနှုန်း ကူးစက်နေကာ သေဆုံးနှုန်းဟာ ၀ ဒသမ ၀၁ ရာခိုင်နှုန်း ရှိတယ်လို့ The Nation သတင်းက ရေးသားထားပါတယ်။

• ထိုင်းနိုင်ငံရဲ့ HIV ကူးစက်ခံရမှုဟာ ငါးသိန်းကျော် ရှိနေပြီး ပြည်နယ် ၁၃ ခုမှာဆိုရင် ကူးစက်ခံရသူဟာ တစ်သောင်းကျော်စီအထိ ရှိတယ်လို့ ၂၀၂၆ ဘဏ္ဍာနှစ် အချက်အလက်တွေကို ကိုးကားပြီး Bangkok Post သတင်းက ဖော်ပြထားပါတယ်။

• မျောက်ကျောက်ရောဂါ (Mpox) နဲ့ ကိုဗစ် (၁၉) ဖြစ်ပွားမှုအသစ်တွေ ထိုင်းနိုင်ငံမှာ မြင့်တက်နေပြီး Mpox ဖြစ်ပွားမှုမှာ ပိုပြီးပြင်းထန်တဲ့ မျိုးကွဲတစ်မျိုး တွေ့ရှိထားတယ်လို့ ရောဂါထိန်းချုပ်ရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ ဇန်နဝါရီ ၁ ရက်ကနေ သြဂုတ် ၂၃ ရက်အထိ Mpox ဖြစ်သူ ၂၅၄ ဦးရှိပြီး ဒီထဲမှာ Clade Ib မျိုးကွဲ ၁၉၃ ဦး နဲ့ Clade II မျိုးကွဲ ၅၈ ဦး ပါဝင်တယ်လို့ ဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မွန်တီယန် ကနာဆဝတ်က ဗုဒ္ဓဟူးနေ့က ပြောဆိုထားပါတယ်။

• တရုတ်နိုင်ငံထဲကို ဝူဟန်မြို့ကနေတဆင့် ဝင်လာတဲ့ နိုင်ငံခြားသားတွေကို စစ်ဆေးရာမှာ HIV ပိုးတွေ့သူ အများစုဟာ နိုင်ငံတကာကျောင်းသား ထက်ဝက်ကျော် ပါတယ်လို့ တရုတ်အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။

လူကြိုက်များသောဆောင်းပါးများ

Ads Advertisement