“နှမြောလိုက်တာ။ မှိုတက်နေတာလေးက နည်းနည်းလေးရယ်၊ အပေါ်ယံလေး လှီးထုတ်ပြီး စားလိုက်ရင် ရမှာပါ” – ဒီလိုအတွေးမျိုး တွေးဖူးကြလား၊ ဖြစ်ဖူးကြပါသလား။
အထူးသဖြင့် အိမ်က အမေတွေ၊ အိမ်ရှင်မတွေနဲ့ ချွေတာတတ်တဲ့သူတွေကြားထဲမှာ ဒီအကျင့်က တော်တော်လေး အတွေ့ရများနေပါတယ်။ ပေါင်မုန့်လေးတစ်ချပ် မှိုတက်နေရင် အဲဒီ မှိုတက်နေတဲ့ နားလေးကို ဖဲ့ပစ်ပြီး ကျန်တာကို စားလိုက်တာမျိုး၊ ယို (Jam) ပုလင်းထဲ အပေါ်ယံလေး မှိုတက်နေရင် ဇွန်းနဲ့ ခပ်ပစ်ပြီး ဆက်သုံးတာမျိုးပေါ့။
ဒါပေမဲ့ တကယ်တမ်းတော့ ဒီ “နှမြောစိတ်” လေးတစ်ခုက သင့်မိသားစုနဲ့ သင့်ကျန်းမာရေးကို ကင်ဆာရောဂါအထိ ဖြစ်စေနိုင်တဲ့ အဆိပ်အတောက်တွေ လက်ဆောင်ပေးမိသလို ဖြစ်နေတာကို သတိထားမိကြပါရဲ့လား။ အပြင်ပန်းကြည့်ရင် ဘာမှမဖြစ်သလို ရှိပေမယ့် ဆေးပညာရှုထောင့်အရတော့ ဒါဟာ တကယ်ကို အန္တရာယ်ကြီးတဲ့ အမှားတစ်ခုပါ။
အဖျားပိုင်းပဲ မြင်ရတဲ့ မှို
ကျွန်တော်တို့ ပေါင်မုန့်တွေ၊ သစ်သီးတွေပေါ်မှာ မြင်နေရတဲ့ အစိမ်းရောင်၊ အမည်းရောင် အစက်အပြောက်လေးတွေ ဒါမှမဟုတ် ဂွမ်းလို အမွေးအမျှင်လေးတွေဆိုတာ မှိုပေါက်ဖွားနေတဲ့ အစိတ်အပိုင်းတွေဖြစ်ပြီး မှိုမျှင်များ (Hyphae/Mycelium) နဲ့ မျိုးပွားစေတဲ့ spores တွေလည်း ပါဝင်နိုင်ပါတယ်။ အပင်တစ်ပင်နဲ့ ဥပမာပေးရရင် အပေါ်က ပွင့်လာတဲ့ အပွင့်နဲ့ အသီးလိုမျိုးပေါ့။
တကယ့် အန္တရာယ်က မျက်စိနဲ့ မမြင်ရတဲ့ အောက်ခြေမှာ ရှိပါတယ်။ မှိုမှာ “မှိုမျှင်အမြစ်တွေ” (Hyphae) ရှိပါတယ်။ မှိုမှာ Hyphae လို့ခေါ်တဲ့ မှိုမျှင်တွေ ရှိပါတယ်။ ဒီမှိုမျှင်တွေဟာ အစားအစာအတွင်းပိုင်းကို ထိုးဖောက် ပျံ့နှံ့နိုင်ပါတယ်။ ဒါကြောင့် အပေါ်ယံ မှိုတက်နေတဲ့အပိုင်းကို ကပ်လှီးပြီး ဖယ်လိုက်ပေမယ့် မှိုမြစ်တွေနဲ့ သူတို့ ထုတ်လိုက်တဲ့ အဆိပ်အတောက်တွေက မှိုမတက်ဘူးလို့ ထင်ရတဲ့ အပိုင်းထဲမှာ ပျံ့နှံ့နေနိုင်ပြီဆိုတာ လုံးဝ မမေ့ဖို့နဲ့ စားလိုက်ရင် မှိုမြစ်တွေကိုပါ မြိုချလိုက်သလို ဖြစ်သွားမှာကို သတိထားမိဖို့ လိုပါတယ်။
အစားအသောက်ထဲက တိတ်တဆိတ်လူသတ်သမား — “မှိုအဆိပ်” (Mycotoxins)
လူတွေ နေ့စဉ်စားသုံးနေတဲ့ အစားအသောက်တွေထဲမှာ သဘာဝအလျောက် ဖြစ်ပေါ်တတ်တဲ့ အဆိပ်အတောက်တစ်ခု ရှိပါတယ်။ အဲဒါကတော့ အချို့သော မှို (Fungi) မျိုးစိတ်တွေကနေ ထုတ်လွှတ်လိုက်တဲ့ “မိုင်ကိုတောက်ဆင်” (Mycotoxins) ခေါ် မှိုအဆိပ်ပဲ ဖြစ်ပါတယ်။
ဒီမှိုတွေဟာ ပူအိုက်စိုစွတ်ပြီး အစိုဓာတ်များတဲ့ အခြေအနေမျိုးမှာ အစေ့အဆန်တွေ၊ အခွံမာသီးတွေ၊ ဟင်းခတ်အမွှေးအကြိုင်တွေ၊ အသီးခြောက်တွေ၊ ပန်းသီးနဲ့ ကော်ဖီစေ့တွေပေါ်မှာ ကောင်းကောင်း ပေါက်ဖွားနိုင်ကြပါတယ်။ အဆိုးဆုံးကတော့ ၎င်းတို့ဟာ ဓာတုဗေဒအရ တည်ငြိမ်မှုရှိတာကြောင့် အစားအစာတွေကို စက်ရုံမှာ ပြုပြင်မွမ်းမံတာ ဒါမှမဟုတ် အိမ်မှာ အပူပေးချက်ပြုတ်ရုံမျှနဲ့ အန္တရာယ်ကင်းအောင် မဖယ်ရှားပစ်နိုင်တာပါပဲ။ မှိုဆိပ်ပါနိုင်တဲ့ အစားအစာတွေကို အပူချိန် အကြာကြီးပေးလိုက်ရင် မှိုဆိပ်တွေ ပြယ်သွားမှာဆိုတဲ့ အယူအဆဟာ လုံးဝ မှားပါတယ်။ ဒီအဆိပ်တွေဟာ သာမန် ချက်ပြုတ်၊ ကြော်လှော်၊ ကင်တဲ့ အပူချိန်လောက်နဲ့ လုံးဝဥဿုံ ပျက်စီးမသွားနိုင်ဘဲ အဆိပ်ဓာတ် ပါဝင်ဆဲ ဓာတုပစ္စည်းတွေဟာ အစားအစာထဲ စွဲမြဲစွာ ကျန်နေခဲ့ဦးမှာဖြစ်ပါတယ်။ ဒီလို မှိုတက်စာတွေကို ခဏခဏ ဖယ်စားတတ်တဲ့သူတွေဟာ ရေရှည်မှာ ဒီအဆိပ်ကြောင့်ပဲ ကိုယ်ခံအားစနစ် ပျက်စီးလာပြီး တခြားရောဂါပိုးတွေလည်း အလွယ်တကူ ဝင်လာစေနိုင်ပါတယ်။
အစားအစာထဲမှာ အတွေ့ရများတဲ့ ဒုက္ခပေးတဲ့ “မှိုအဆိပ်” (၄) မျိုး
ကမ္ဘာပေါ်မှာ မှိုအဆိပ် အမျိုးပေါင်း ရာနဲ့ချီ ရှိပေမဲ့ လူနဲ့ တိရစ္ဆာန်တွေရဲ့ ကျန်းမာရေးကို အပြင်းထန်ဆုံး ဒုက္ခပေးနေတဲ့ အတွေ့ရများဆုံး အဆိပ်ကြီး (၄) မျိုး လေးစား ရှိပါတယ်။
Aflatoxins
ဒီအဆိပ်အတောက်ဟာ မြေဆီလွှာ၊ အပင်ဆွေးတွေ၊ ကောက်ရိုးနဲ့ အစေ့အဆန်တွေမှာ ပေါက်တဲ့ Aspergillus မှိုကနေ ထွက်ပါတယ်။ အထူးသဖြင့် ပြောင်းဖူး၊ ဂျုံ၊ ဆန်၊ ပဲပုပ်၊ မြေပဲ၊ နေကြာစေ့၊ ငရုတ်သီး၊ ငရုတ်ကောင်း၊ စမုန်စပါး၊ နနွင်း၊ ချင်း (ဂျင်း)၊ သီဟိုဠ်စေ့၊ ဗာဒံစေ့ (Almond)၊ ပစ္စတာချီယိုစေ့နဲ့ အုန်းသီးတို့မှာ တွေ့ရတတ်ပါတယ်။ တိရစ္ဆာန်နို့ထဲမှာတော့ Aflatoxin M1 ပုံစံနဲ့ တွေ့ရတတ်ပါတယ်။ ဒီအဆိပ် ပါဝင်တဲ့ အစားအစာတွေကို ပမာဏအများကြီး စားမိရင် အသည်းကို ချက်ချင်း ထိခိုက်ပြီး အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နိုင်ပါတယ်။ ရေရှည်မှာ DNA ကို ဖျက်ဆီးပြီး လူတွေမှာဆိုရင် အသည်းကင်ဆာ တိုက်ရိုက်ဖြစ်စေနိုင်ကြောင်း သက်သေပြချက်တွေ ရှိထားပါတယ်။
Ochratoxin A
ကောက်ပဲသီးနှံနဲ့ ပြုပြင်ထားတဲ့ အစားအစာတွေမှာ တွေ့ရတတ်တဲ့ မှိုဆိပ်တစ်မျိုးပါ။ နောက်ပြီး သိုလှောင်ထားတဲ့ ကော်ဖီစေ့၊ စပျစ်သီးခြောက်၊ ဝိုင် (Wine)၊ စပျစ်ရည်၊ ဟင်းခတ်အမွှေးအကြိုင်တွေမှာလည်း တွေ့ရတတ်ပါတယ်။ လေ့လာဆန်းစစ်မှုတွေအရ ဒီမှိုဆိပ်ဟာ တိရစ္ဆာန်တွေမှာဆို ကျောက်ကပ်ပျက်စီးတာ၊ ကင်ဆာဖြစ်တာတွေ တွေ့ရပြီး၊ လူတွေမှာတော့ ကျောက်ကပ်ကို ထိခိုက်စေတဲ့အပြင် ကိုယ်ခံအားစနစ်နဲ့ မိခင်ဝမ်းတွင်းက သန္ဓေသားဖွံ့ဖြိုးမှုကိုပါ အန္တရာယ်ဖြစ်စေနိုင်တာကို တွေ့ရှိထားပါတယ်။
Patulin
ဒီမှိုဆိပ်ကို အဓိကအားဖြင့် ပုပ်နေတဲ့ ပန်းသီးတွေမှာ အတွေ့ရများပါတယ်။ ပုပ်နေတဲ့ ပန်းသီးတွေကို တိုက်ရိုက် မစားဘဲ အသီးဖျော်ရည်အဖြစ် ပြန်လုပ်တာနေလည်း လူတွေဆီကို ဒီအဆိပ်ရောက်လာစေတဲ့ အဓိက အကြောင်းအရင်းတစ်ခုပါ။ ဒီမှိုဆိပ်ကို ပမာဏများများ ထိတွေ့မိရင် လူတွေမှာ ပျို့အန်တာ၊ ရင်ပြည့်ရင်ကယ်ဖြစ်တာ၊ အစာအိမ်နဲ့ အူလမ်းကြောင်း မအီမသာဖြစ်တာတွေ ကြုံရတတ်ပြီး တိရစ္ဆာန်တွေမှာတော့ အသည်း၊ သရက်ရွက်နဲ့ ကျောက်ကပ်ကို ပျက်စီးစေပါတယ်။
Fusarium Toxins
စိုက်ပျိုးရေးလုပ်ငန်းမြေတွေထဲကနေ ဖြစ်လာတဲ့ ဒီမှိုဆိပ်ဟာ အစေ့အဆန်အမျိုးအစားအလိုက် အဆိပ်အမျိုးအစား ကွဲပြားပေမယ့် ဒီအဆိပ်အတောက်ကို ဂျုံ (Wheat) တွေမှာ အတွေ့ရများပါတယ်။ ZEN ဟာ estrogen ဟော်မုန်းနဲ့ ဆင်တူသက်ရောက်မှုရှိပြီး ပမာဏများများ ထိတွေ့မိရင် မျိုးပွားမှုဆိုင်ရာ ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ဒီအကျိုးသက်ရောက်မှုကို ဝက်တွေမှာ အထူးသဖြင့် ကောင်းကောင်း မှတ်တမ်းတင်ထားပါတယ်။ DON ကတော့ အစာအိမ်အူလမ်းကြောင်းနဲ့ ကိုယ်ခံအားစနစ်အပေါ် အဓိက သက်ရောက်နိုင်ပါတယ်။ T-2 နဲ့ HT-2 အဆိပ်ကတော့ အုတ်ဂျုံ (Oats) မှာ စွဲကပ်တာ များပြီး Fumonisins အဆိပ်ကတော့ ပြောင်းဖူးမှာ အတွေ့ရများပြီး လူတွေမှာဆို အစာရေမျိုပြွန်ကင်ဆာ (Oesophageal Cancer) ဖြစ်ပွားမှုတွေဟာ ဒါနဲ့ ဆက်စပ်နေပါတယ်။ ဒီအဆိပ်တွေဟာ အရေပြားနဲ့ အူလမ်းကြောင်းကို ချက်ချင်း စပ်ဖျဉ်းဖျဉ်းဖြစ်စေပြီး ဝမ်းလျှောစေနိုင်သလို၊ ရေရှည်မှာ ကိုယ်ခံအားစနစ်ကို ကျဆင်းစေပါတယ်။
ချက်ချင်း ခံစားရမယ့် ဝေဒနာနဲ့ အသက်ရှူလမ်းကြောင်း အန္တရာယ်
မှိုတက်နေတဲ့ အစားအစာကို စားမိရင် (ဒါမှမဟုတ်) ကိုင်တွယ်မိရင် ဗိုက်အောင့်တာ၊ ပြင်းပြင်းထန်ထန် အော့အန်တာ၊ မူးဝေတာနဲ့ ဝမ်းပျက်ဝမ်းလျှော ဖြစ်တာတွေ ချက်ချင်း ဖြစ်လာနိုင်ပါတယ်။ အစာအဆိပ်သင့်တာကို ဖြစ်စေသလို ကိုယ်ခံအားနည်းတဲ့ ကလေးတွေနဲ့ လူကြီးတွေဆိုရင် အသက်အန္တရာယ်ပေးတဲ့အထိ ရှိပါတယ်။ အရေပြားမှာ အင်ပြင်တွေ ထွက်ပြီး တစ်ကိုယ်လုံး ယားယံလာတတ်၊ ဓာတ်မတည့်မှု (Allergy) ဖြစ်တတ်ပါတယ်။
ဒါ့အပြင် “ဒါကြီးက မှိုတက်နေတာလား” ဆိုပြီး အနီးကပ် သွားနမ်းကြည့်တာမျိုး လုံးဝမလုပ်ပါနဲ့။ မှိုစပိုးမှုန်တွေ အသက်ရှူလမ်းကြောင်းထဲ ဝင်သွားရင် နှာချေ၊ ချောင်းဆိုး ဖြစ်တတ်ပြီး ပန်းနာရင်ကျပ် (Asthma) နဲ့ ထိပ်ခတ်နာ (Sinus) ရှိသူတွေဆိုရင် အသက်ရှူကျပ်ပြီး ရောဂါ တအား ထကြွလာတတ်ပါတယ်။
အစားအစာအမျိုးအစားအလိုက် ခွဲခြားသိထားရမယ့် အန္တရာယ်များ
နေ့စဉ် အစားအသောက်တွေဟာ ငွေကနေ ဖြစ်လာကြလို့ နှမြောတတ်ကြတာ သဘာဝဆိုတာကြောင့် ဘယ်အစားအစာတွေကတော့ မှိုတက်ရင် အကုန်ပစ်၊ ဘာတွေကတော့ တစ်စိတ်တစ်ပိုင်း စားသောက်လို့ ရတယ်ဆိုတာကို ခွဲခြားနိုင်ရင် ပိုကောင်းပါတယ်။
(က) မှိုတွေ့ရင် တစ်ခုလုံး အကုန်လွှင့်ပစ်ရမယ့် အုပ်စု (High-Moisture Foods)
အသားပွပြီး ရေဓာတ် ဒါမှမဟုတ် အစိုဓာတ်များတဲ့ အစားအစာတွေမှာ မှိုမြစ်တွေက စက္ကန့်ပိုင်းအတွင်း အတွင်းထဲအထိ ကွန်ရက်ဖြန့်ပြီး ပျံ့နှံ့သွားတတ်လို့ နှမြောလို့ လုံးဝ မရပါတဲ့ အုပ်စုပါ။
- ပေါင်မုန့်၊ ကိတ်မုန့်၊ မုန့်ဖုတ်လုပ်ငန်းသုံးပစ္စည်းတွေဟာ အပေါက်အပြဲလေးတွေ များပြီး ပွနေတဲ့အတွက် မှိုမျှင်တွေက အတွင်းထဲအထိ လျင်လျင်မြန်မြန် ဝင်သွားတတ်ပါတယ်။
- ယို (Jam)၊ ဂျယ်လီ၊ ငံပြာရည်၊ ခရမ်းချဉ်သီးဆော့စ်မှာလည်း မှိုတွေက အပေါ်ယံ ဇွန်းနဲ့ ခပ်ပစ်လည်း အောက်ခြေအထိ အဆိပ်တွေ ပျံ့နှံ့ပြီးသား ဖြစ်နေတတ်ပါတယ်။
- ခရမ်းချဉ်သီး၊ စတော်ဘယ်ရီ၊ ဖရဲသီး၊ ကမ္ဗလာသီး၊ သခွားသီး စတဲ့ နူးညံ့တဲ့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေလည်း မှိုတက်ရင် လွှင့်ပစ်ဖို့ မမေ့ပါနဲ့။
- ချက်ပြုတ်ထားတဲ့ အသားဟင်း၊ ငါးဟင်း၊ ထမင်းကျန်တွေမှာ မှိုတက်ရင် လုံးဝ (လုံးဝ) ပြန်နွှေး မစားပါနဲ့။
- ဒိန်ချဉ်၊ နို့ခဲနူးညံ့တာတွေ (Soft Cheese) တွေမှာလည်း မှိုအန္တရာယ်က မြန်ဆန်ပါတယ်။
(ခ) အထူးသတိထားရမယ့် အစေ့အဆန်အုပ်စု (Grain & Nuts)
မြေပဲခြောက်၊ ငရုတ်သီးခြောက်၊ ပြောင်းဖူး၊ ဆန်စတဲ့ ဒီအုပ်စုကတော့ အဆိုးဆုံးပါပဲ။ ပတ်ဝန်းကျင်မှာ ငရုတ်သီးခြောက်တွေ မှိုတက်ပြီး မည်းနေတာကို ကြိတ်ပြီး ဟင်းထဲ ထည့်ချက်တာမျိုး၊ မြေပဲမှိုတက်တာကို ဆီချက်ထဲ ထည့်တာမျိုး ခဏခဏ တွေ့ရတတ်ပါတယ်။ ဒါဟာ မိသားစုဝင်တွေကို ကိုယ့်လက်နဲ့ကိုယ် အသည်းကင်ဆာအဆိပ် ခတ်နေသလိုပါပဲ။
(ဂ) ချွင်းချက်အနေနဲ့ ဖြတ်တောက်ပြီး စားနိုင်တဲ့ အုပ်စု (Low-Moisture Foods)
အစိုဓာတ်နည်းပြီး အသားသိပ်သည်းလွန်းလို့ မှိုမြစ်တွေ အလွယ်တကူ မဝင်နိုင်တဲ့ အစားအစာမျိုးပါ။ ဂေါ်ဖီထုပ်၊ ဖရုံသီး (အသား တအားမာတာမျိုး) စတဲ့ မာကျောတဲ့ ဟင်းသီးဟင်းရွက်တွေ၊ Hard Cheese (အနှစ်မပါတဲ့ အတုံးအခဲ မာမာမျိုး) မာကျောတဲ့ ဒိန်ခဲတွေဆိုရင် မှိုတက်တဲ့ နေရာ ဘေးပတ်ပတ်လည်ကနေ အောက်ခြေအထိ အနည်းဆုံး တစ်လက်မလောက်ကို ဓားနဲ့ နက်နက် လှီးထုတ်ပစ်ရပါမယ်။ လှီးတဲ့အခါ ဓားကို မှိုတွေနဲ့ သွားမထိအောင်တော့ ဂရုစိုက်ရပါမယ်။ ဒါဟာ သိပ္ပံနည်းကျတဲ့ ချွင်းချက်ဖြစ်ပေမယ့် ကျန်းမာရေးအတွက် ရာနှုန်းပြည့် စိတ်ချရတာ မဟုတ်တဲ့အတွက် အကောင်းဆုံးကတော့ မှိုတက်ရင် စွန့်ပစ်တာ အကောင်းဆုံးပါပဲ။
မှိုမတက်အောင် ဘယ်လိုကာကွယ်မလဲ?
နှမြောလို့ လွှင့်ပစ်ရ ခက်ခဲနေရင် အကောင်းဆုံးကတော့ အစားအစာတွေကို မှိုမတက်အောင် အစကတည်းက ကြိုတင်ကာကွယ်ရပါမယ်။ ပေါင်မုန့်လို အရာမျိုးကို တစ်ပတ်စာ အများကြီး ဝယ်ထားတာမျိုးထက် နှစ်ရက်၊ သုံးရက်စာ ကုန်ရုံပဲ ဝယ်တာမျိုး၊ အစားအစားတွေကို အပြင်မှာ ဒီအတိုင်း ထားတာမျိုးထက် လေလုံတဲ့ ဗူး၊ ဇစ်ပိတ်အိတ်တွေကို စနစ်တကျ သိမ်းဆည်းတာ၊ ရေခဲသေတ္တာထဲ ထည့်တဲ့အခါ အသီးအရွက်တွေကို ရေခြောက်အောင် သုတ်ပြီးမှ ထည့်တာမျိုးတွေက တတ်နိုင်သလောက် ကြိုတင်ကာကွယ်တဲ့ နည်းလမ်းပါ။ နောက်ပြီး အရေးကြီးတာကတော့ ရေခဲသေတ္တာ အတွင်းပိုင်းကို တစ်လ တစ်ကြိမ်လောက် သန့်ရှင်းရေး လုပ်ဖို့ပါ။ ဘာလို့လဲဆိုရင် ရေခဲသေတ္တာထဲ မှိုစွဲတဲ့အခါ အအေးဓာတ်ခံနိုင်ပြီး ပိုပွားလာနိုင်လို့ပါ။ နောက်ပြီး ချက်ပြီးသား ဟင်းတွေကို အပြင်မှာ နှစ်နာရီထက် ပိုမထားဖို့ပါ။ ချက်ပြီးဟင်းက စားမကုန်လို့ ကျန်နေသေးတယ်ဆိုရင် ရေခဲသေတ္တာထဲ ချက်ချင်းထည့်ပြီး သုံးရက်အတွင်း ကုန်အောင် စားဖို့ပါ။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဟာ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) တို့ ပူးပေါင်းပြီး အစားအစာတွေထဲ မှိုဆိပ်ပါဝင်နှုန်းကြောင့် လူသားတွေ ခံစားရနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို အမြဲလေ့လာဆန်းစစ်မှုတွေ လုပ်နေပါတယ်။ လက်ရှိမှာ JECFA လို့ ခေါ်တဲ့ အစားအသောက် ဖြည့်စွက်ပစ္စည်းနဲ့ ပတ်သက်တဲ့ ကျွမ်းကျင်သူတွေ ပါဝင်တဲ့ ပူးတွဲကော်မတီကနေ လူတစ်ယောက်အတွက် နေ့စဉ် အန္တရာယ် မရှိနိုင်မယ့် မှိုအဆိပ်ပမာဏ (Tolerable Daily Intake) စံနှုန်းတွေကို သိပ္ပံနည်းကျ စစ်ဆေးမှုတွေ လုပ်ပြီး သတ်မှတ်ပေးနေပါတယ်။ ဒီသတ်မှတ်ချက်ကို အခြေခံပြီး နိုင်ငံတကာ အစားအသောက် စံချိန်စံညွှန်းအဖွဲ့ (Codex Alimentarius Commission) က ကမ္ဘာတစ်ဝန်း ရောင်းချနေကြတဲ့ အစားအသောက်တွေထဲ မှိုအဆိပ် ပါဝင်ခွင့်ရှိတဲ့ အမြင့်ဆုံးပမာဏကို ကန့်သတ်၊ ထုတ်ပြန်ထားပါတယ်။ မှိုအဆိပ်ဟာ လူ့ခန္ဓာကိုယ် ကျန်းမာရေးအတွက် ပြင်းထန်တဲ့ဆိုးကျိုး ဖြစ်စေလို့ သတ်မှတ်ချက်ပမာဏာဟာ မိုက်ခရိုဂရမ်အဆင့်ထိလောက်ကိုပဲ ခွင့်ပြုထားတာပါ။ ဥပမာ – ပန်းသီးဖျော်ရည် တစ်လီတာမှာ ပါကျူလင်အဆိပ် ၅၀ မိုက်ခရိုဂရမ်ထက် မပိုရ ဆိုတာမျိုးပါ။
ရာဂဏန်း နှမြောလို့ ထောင်၊ သောင်းချီ မကုန်ပါစေနဲ့
“နောင်အခါ ဆေးဖိုး ထောင်၊ သောင်းချီ မကုန်ချင်ဘူးဆိုရင် ဒီကနေ့ မှိုတက်စာတွေကို မနှမြောဖို့ လိုပါတယ်”။ ဒါကြောင့် အစားအသောက်တွေမှာ မှို နည်းနည်းလေးပဲ တွေ့တွေ့၊ များများပဲ တွေ့တွေ့၊ “အဟော သိကံ” ဆိုပြီး နှမြောစိတ်ကို အနိုင်ယူ၊ အမှိုက်ပုံးထဲသာ တန်းပစ်လိုက်ကြပါလို့ တိုက်တွန်းပါရစေ။ ဒါ့အပြင် အစားအစာများကို မှိုမတက်အောင် လေလုံသော ဘူးများဖြင့် စနစ်တကျ သိမ်းဆည်းခြင်း၊ စိုထိုင်းဆများတဲ့ နေရာတွေကို ရှောင်ကြဉ်တာ၊ ခပ်များများ ဝယ်ယူသိမ်းဆည်း စားသုံးတာထက် ခပ်နည်းနည်းနဲ့ လတ်ဆတ်ရုံလောက်အတိုင်းအတာကိုပဲ ဝယ်ယူပြီး စားသုံးတာဟာ ကိုယ့်ရဲ့ အသည်းကျန်းမာရေး ထိန်းသိမ်းရာရောက်ပြီး ခန္ဓာကိုယ်ကို တိတ်တဆိတ် ပျက်စီးစေမယ့် “မှိုအဆိပ်” ဘေးကနေ ကာကွယ်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။
ကိုးကား – www.healthline.com, www.who.int/news-room
တင်ဇာအောင်သည် ၂၀၁၂ တွင် အလုပ်သင်သတင်းထောက်အနေဖြင့် မီဒီယာလောကသို့ စတင်ဝင်ရောက်ပြီး ကော်ပီအယ်ဒီတာ၊ အမှုဆောင်အယ်ဒီတာအလုပ်များ ၂၀၂၁ ထိ လုပ်ကိုင်ခဲ့သည်။ သိပ္ပံဘွဲ့ကို ဇီဝဓာတုဘာသာရပ်ဖြင့် ရရှိခဲ့ပြီး Food safety, HACCP ကျွမ်းကျင်လက်မှတ်များ ရရှိထားပြီး လက်ရှိတွင် စားသောက်ကုန်ထုတ်လုပ် ဖြန့်ဖြူးရေးဈေးကွက်အတွင်း Executive တယောက်အဖြစ် လုပ်ကိုင်လျက်ရှိသည်။