ရန်ကုန်မြို့မှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ အဖြစ်များနေတာကြောင့် လမ်းဘေးဆိုင်လို့ ခေါ်ဝေါ်ကြတဲ့ တနိုင်တပိုင်အစားအသောက်ရောင်းချမှုကို ဩဂုတ်လနောက်ဆုံးပတ်အတွင်း ဒေသန္တရအမိန့်ထုတ်ပြန်ပြီး ရပ်ဆိုင်းထားပါတယ်။
ရန်ကုန်မြို့မှာ ဩဂုတ်လ လဆန်းကစပြီး မိုးသည်းထန်စွာ ရွာသွန်းရာက ရေကြီးရေလျှံမှုတွေလည်း ဖြစ်ခဲ့ပြီး ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ဖြစ်လာတယ်လို့ သိရပါတယ်။ လူနာများအနက် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောသော အသက် ၉၂ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့တာကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဩဂုတ် ၁၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဆက်လက်မြင့်တက်လာတဲ့ ရောဂါကို ထိန်းချုပ်နိုင်ဖို့အတွက် အစားအစာရောင်းချခြင်းကို ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားချက်အရ သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးအဖွဲ့နဲ့ စည်ပင်သာယာရေးကော်မတီတွေက အကန့်အသတ်မရှိ ယာယီပိတ်ခိုင်းတာဖြစ်ပါတယ်။
“ဆိုင်ဘယ်တော့မှ ပြန်ဖွင့်မလဲဆို မပြောတတ်ဘူး။ စည်ပင်တွေနဲ့ အုပ်ကြီး (သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူး) လာပိတ်ခိုင်းတာ။ အကန့်အသတ်မရှိလို့ ပြောသွားတယ်။ ဝမ်းရောဂါအရမ်း ပြန်ဖြစ်နေတာကြောင့်လို့ ပြောတယ်။” လို့ တာမွေမြို့နယ် လူစည်ကားရာလမ်းမတခုတွင် ရောင်းအားကောင်းသော အသုပ်စုံဆိုင်ရှင်က MyanHealth က မေးမြန်းမှုကို ဖြေကြားပါတယ်။
ဝမ်းပျက်ဝမ်းလျှောရောဂါဟာ ရန်ကုန်အရှေ့၊ အနောက်၊ တောင်၊ မြောက်က မြို့နယ်စုံမှာ ဖြစ်ပွားနေတာလို့ ဆိုနိုင်ပြီး လူစည်ကားတဲ့ လသာ၊ လမ်းမတော်၊ လှိုင်သာယာ၊ အင်းစိန်၊ သာကေတကနေ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တွေအထိ ဖြစ်ပွားနေတာပါ။
သာကေတမြို့နယ် (၂) ရပ်ကွက်ဈေးအနီး ထမင်းကြော်၊ မုန့်ဟင်းခါးနဲ့ အသုပ်ရောင်းချသူတစ်ဦးကလည်း “ရက်တစ်ရာတုန်းက ကျွန်မတို့ဆိုင်က အိမ်ဆိုင်လိုဖြစ်နေတော့ မပိတ်ခဲ့ရဘူး။ ခုကတော့ အိမ်ဆိုင်လည်း ပိတ်ရမယ်ပြောတယ်။ ကိုယ့်ဆိုင်က စားလို့ဖြစ်သွားတယ်ဆို ဇာတ်လမ်းက အရှည်ကြီးဖြစ်သွားမှာ။ တချို့လမ်းဘေးသည်တွေတော့ ခိုးထွက်ကြတယ်။ ရက်တစ်ရာပိတ်ခိုင်းတာနဲ့ တဆက်ထဲလိုဖြစ်သွားတော့ ဝင်ငွေမရှိတာလည်း ကြာပြီလေ” ဆိုပြီး တနိုင်တပိုင်စားသောက်ဖွယ် ရောင်းချသူတွေရဲ့ အခက်အခဲအကျပ်အတည်းကိုပါ ဆက်စပ်ရှင်းပြပါတယ်။
စမ်းချောင်းမြို့နယ်အတွင်း တိုက်ခန်းမြေညီထပ်တွင် မုန့်ဟင်းခါး၊ အသုပ်စုံ ဖွင့်လှစ်ရောင်းချသူတဦးကမူ “သတင်းတွေမှာက လမ်းဘေးဈေးဆိုင်လို့ ပြောနေရေးနေတယ်။ ဆိုင်ခန်းသမားတွေပါ ပိတ်ခိုင်းတာ။ ဆိုင်ရောင်းအစားအသောက်မှန်သမျှလို့ နားလည်တာပဲ။ သေချာရှင်းရှင်းလင်းလင်း မပြောတော့ တို့လည်း တိုက်ခန်းမှာ အကျအနဖွင့်ထားပေမဲ့ ပိတ်ရတာပဲ။” လို့ သူ့အတွေ့အကြုံကို ပြောပါတယ်။
MyanHealth ရဲ့ ကွင်းဆင်းလေ့လာမှုအရ စားသောက်ဆိုင်ကြီးအများစု ဖွင့်မြဲဖွင့်လှစ်ထားတာကို ဩဂုတ်လ ၃၀ ရက်နေ့အထိ တွေ့ရပါတယ်။ တချို့မြို့နယ်တွေမှာ လမ်းဘေးအသုပ်ဆိုင်တချို့တောင် ညနေပိုင်းမှာ ရောင်းချနေတာကြောင့် မေးမြန်းကြည့်တဲ့အခါ မြို့နယ်စည်ပင်သာယာရေးကော်မတီနဲ့ ရပ်ကွက်အုပ်ချုပ်ရေးရုံးက လိုက်လံနှိုးဆော်တာ မနက်ပိုင်းကဖြစ်လို့ မသိလိုက်ကြောင်း၊ ညနေ ရောင်းနေကျဖြစ်လို့ ပုံမှန်အတိုင်း ရောင်းချနေကြောင်း ပြန်ဖြေတာလည်း ရှိပါတယ်။ တချို့သော လမ်းဘေးမှာ တနိုင်တပိုင်အစားအသောက်ရောင်းသူတွေဆို ရက်တစ်ရာစီမံချက်အနေနဲ့ ဈေးရောင်းချခွင့် ပိတ်ပင်မှု သက်တမ်းထပ်တိုးတာလား၊ ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ပိတ်တာလားတောင် သဲသဲကွဲကွဲမသိဘဲ ရောင်းနေကျပမာဏထက် လျှော့ပြီး အစမ်းသဘောနဲ့ စွန့်စားရောင်းချကြတာလည်း တွေ့ရပါတယ်။
မီနီကွန်ဒိုတခုက နာမည်ရမုန့်ဟင်းခါးဆိုင်တဆိုင်ဆို မုန့်ဟင်းခါးတမျိုးပဲ အရောင်းရပ်ပြီး ဖောက်သည်နဲ့ အရောင်းမပျက်အောင် အုန်းနို့ခေါက်ဆွဲနဲ့ ရွှေတောင်ခေါက်ဆွဲ ပုံမှန်အတိုင်း ရောင်းချကြောင်း ဝမ်းပျက်ဝမ်းလျှောတာဟာ မုန့်ဟင်းခါး၊ အသုပ်တို့စားမှ ဖြစ်သလိုမျိုး အထင်မှားအောင် ကြော်ငြာထားတာလည်း တွေ့ရပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနကတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အပါအဝင် ဆေးရုံပေါင်း ၆၅ ရုံမှာ ကုသရေးအဆောင်တွေ ဖွင့်လှစ်ထားပြီး ကုသမှုတွေ ပြုလုပ်ပေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
အမှန်တော့ မိုးဆက်တိုက်ရွာပြီး ရေကြီးရေလျှံဖြစ်နေချိန်ဟာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ အကူးစက်ခံရနိုင်ဆုံး အချိန်ပါပဲ။ ဒါကြောင့် လောလောဆယ် အပြင်စာတွေစားတာ ရှောင်ထားပြီး ရောဂါဖြစ်ပွားမှုကို အပြည့်အဝကာကွယ်နိုင်ဖို့ ဒီအချက် (၄) ချက်ကို နေ့စဉ် ဂရုစိုက်ဖို့လိုပါတယ်။
(၁) သန့်ရှင်းတဲ့ရေကိုပဲ သောက်ပါ။
မိုးတွင်းမှာ ရေမြောင်းတွေလျှံပြီး သုံးရေ၊ သောက်ရေထဲ ရောဂါပိုးတွေ ဝင်ရောက်လွယ်ပါတယ်။ သေချာကျိုချက်ထားတဲ့ရေ (သို့မဟုတ်) ကလိုရင်းဆေးခတ်ပြီးသား ရေကိုပဲ သောက်ပါ။
(၂) လက်ကို သေချာဆေးကြောပါ။
အညစ်အကြေး ကိုင်တွယ်ပြီးတိုင်း၊ အစာမစားခင်နဲ့ အိမ်သာတက်ပြီးတိုင်း ဆပ်ပြာနဲ့ ရေကိုသုံးပြီး လက်ကို ပြောင်စင်အောင် ဆေးကြောပါ။
(၃) အစားအစာတွေကို ဂရုစိုက်ပါ။
စိုစွတ်ပြီး ယင်ကောင်ပေါများတဲ့ ရာသီမို့ အစားအစာတွေကို ယင်မနားအောင် သေချာဖုံးအုပ်ပါ။ အစားအစာတွေကို ကျက်အောင်ချက်ပြီး ပူပူနွေးနွေးပဲ စားပါ။
(၄) အိမ်သာကို ယင်မဝင်အောင် ဂရုစိုက်ပါ။
အိမ်သာအဖုံးမလုံတာကနေ ဝမ်းရောဂါပိုးတွေ အလွယ်တကူ ပြန့်ပွားတတ်ပါတယ်။ ဒါကြောင့် အိမ်သာကို ယင်မဝင်အောင် တတ်နိုင်သလောက် ဖုံးအုပ်ထားပါ။ ကလေးငယ်တွေရဲ့ အညစ်အကြေးတွေကိုလည်း ပတ်ဝန်းကျင်မှာ ဒီတိုင်းမထားဘဲ စနစ်တကျ စွန့်ပစ်ပေးပါ။
အိမ်က မိသားစုဝင်တွေ ဝမ်းသွားတဲ့အခါ ရိုးရိုးဝမ်းလျှောတာလား၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောလားဆိုတာ ခွဲခြားသိဖို့ အရေးကြီးပါတယ်။
၂၄ နာရီအတွင်း အရည်ဝမ်း (၃) ကြိမ်နဲ့အထက် သွားရင် ဝမ်းပျက်ဝမ်းလျှောလို့ ခေါ်ပါတယ်။ ဒါပေမယ့် သတိထားရမှာက ဝမ်းသွားတဲ့အကြိမ်ရေ အလွန်များပြီး ဆန်ဆေးရည်လို ဖြူနောက်နောက်အရောင်နဲ့ ငါးညှီနံ့ ထွက်နေရင်တော့ ဒါဟာ အသက်အန္တရာယ်ရှိနိုင်တဲ့ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါပါ။
ဒီလိုဖြစ်လာရင် ခန္ဓာကိုယ်ထဲက ရေဓာတ်နဲ့ ဓာတ်ဆားတွေ နာရီပိုင်းအတွင်း ကုန်ခမ်းသွားတတ်လို့ အချိန်မီ ဆေးမကုသရင် အသက်အန္တရာယ် ရှိနိုင်ပါတယ်။
ဒီလိုလူတွေမှာ ဖြစ်ရင် ပိုဂရုစိုက်ပါ –
(၅) နှစ်အောက် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နာတာရှည်ရောဂါ ရှိသူများ၊ သက်ကြီးရွယ်အိုများအနေနဲ့ ပိုဂရုစိုက်ဖို့လိုပါတယ်။
မိသားစုဝင် တစ်ဦးဦးမှာ ဆန်ဆေးရည်လို ဝမ်းအရည်တွေ သွားနေပြီဆိုရင် ချက်ချင်း ဓာတ်ဆားရည် တိုက်ပေးပါ။ ပြီးတာနဲ့ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံး သွားရောက်ပြသပြီး လိုအပ်တဲ့ ဆေးကုသမှုကို အချိန်မီ ခံယူဖို့လိုပါတယ်။
Ref:UNICEFMyanmar