Skip to content
Ads Advertisement

၀င်ငွေကနေ မမျှပေးနိုင်တော့တဲ့ ကျန်းမာရေးစရိတ်

ကုန်စျေးနှုန်းကြီးတာ၊ နေထိုင်မှုစရိတ် ကြီးတာတွေက မြန်မာနိုင်ငံထဲက အခြေခံမိသားစုတွေအတွက်တော့ “ကျန်းမာရေးစရိတ်” ဆိုတာ ဘာလဲလို့ မေးယူရမယ့် အခြေအနေကို စိုက်နေပါပြီ။​ အခြေခံလုပ်သားလို့ ဆိုရမယ့် ဆောက်လုပ်ရေး လုပ်သားတစ်ဦးရဲ့ တစ်နေ့ လုပ်ခလစာဟာ ပျမ်းမျှ ကျပ် ၂၀,၀၀၀ အထက်မှာ ရှိပေမယ့် တကယ်တော့ ဒီဝင်ငွေဟာ ထွက်ငွေနဲ့ ယှဉ်လိုက်ရင် ဘာမှ မဟုတ်ပါဘူး။ ထို့အတူ လခစားဝန်ထမ်း၊ သာမန် နေ့စားဝန်ထမ်းတွေရဲ့ လစဉ်ရှာဖွေလို့ ရတဲ့ ငွေကြေးဟာလည်း အိမ်အသုံးစရိတ်အတွက် ကာမိရုံသာ ရှိပါတယ်။

​”တစ်လ တစ်လ အိမ်လခနဲ့ စားစရိတ်အတွက်ကို လုံးပန်းနေရတာ။ ကျန်းမာရေးစရိတ်ဆိုတာကတော့ အဝေးကြီးပဲ” လို့ လှိုင်သာယာမြို့နယ်မှာ အိမ်ငှားအဖြစ် နေထိုင်နေတဲ့ အိမ်ရှင်မတစ်ဦးက MyanHealth ကို ပြောပါတယ်။

​တောင်ဒဂုံမြို့နယ်ကနေ မြောက်ဒဂုံမြို့နယ်ထဲ သွားပြီး အလုပ်လုပ်ရတဲ့ နေ့စားပန်းရံသမားတစ်ဦးကလည်း “အ လုပ်ကလည်း ဆင်းလို့ရတာ တစ်ရက်၊ မဆင်းရတာ တစ်ရက်နဲ့ဆိုတော့ ဝင်ငွေက အမြဲတမ်း မရှိဘူး။ အလုပ်ထဲမှာ ဘိလပ်မြေ ပြတ်သွားလို့ နှစ်ရက်၊ သုံးရက် နားရပြီဆို အရင်ရက်တွေတုန်းက ရထားတဲ့ပိုက်ဆံက ဈေးဖိုးနဲ့ ကုန်ပြီ။ နေမကောင်းရင် ဆေးဆိုင်တွေမှာ ဆေးဝယ်သောက်လိုက်တာပဲ။ ဒီကိုဂျင်တောင်တစ်လုံး ၅၀၀ (ကျပ်) အနည်းဆုံး ဖြစ်နေတော့ ဆေးဖိုးကလည်း ကုန်တယ်” လို့ ဆိုပါတယ်။

​လခစား ကုမ္ပဏီဝန်ထမ်းတွေဖြစ်တဲ့ ကိုကိုအောင်တို့ လင်မယားနှစ်ယောက်ကတော့ တစ်လကို ကျပ် သိန်း ၂၀ ကျော်လောက်အထိ ဝင်ငွေရှိပေမယ့် မိသားစုဝင်ငါးဦးရှိတဲ့ အိမ်ရဲ့ စားအိုးက မသေးလှသလို ငှားထားတဲ့ အိမ် သက် တမ်းပြည့်လို့ စာချုပ် ထပ်ချုပ်ရပြီဆိုရင် ဟိုက ချေးဦး၊ ဒီက ငှားဦးနဲ့ လည်ပတ်နေရတာပါ။ ဒီ ငါးယောက်ရှိတဲ့ အိမ်ရဲ့ စားစရိတ်က အနည်းဆုံး တစ်လကို ကျပ် ၁၀ သိန်းအထက်မှာ ရှိနေပါတယ်။

​“မိန်းမရော နှစ်ယောက်ပေါင်းရှာတာ တစ်လကို သိန်း ၂၀ ကျော်မှာရှိတယ်။ ဒါပေမဲ့ ပြန်သုံးရတဲ့အသုံးစရိတ်က မကာမိဘူး။ ကျောင်းထားရတဲ့ သမီးအတွက်၊ မီးဖိုး၊ ရေဖိုး မပါသေးဘူး။ ဒီအသုံးစရိတ်က။ ဘယ်လိုမှ မလောက်ဘူးလေ။ ဒီကြားထဲ အိမ်က တစ်ခါဌားပြီဆို ငွေမလည်လို့ ချေးယူရတာတွေရှိတယ်။ အဲဒါတွေအတွက်ကလည်း ပြန်ဆပ်ရတယ်” လို့ ကိုကိုအောင်က မလောက်ငတဲ့ကြား ရုန်းကန်နေရတဲ့ ဘဝအခြေအနေကို ပြောပြပါတယ်။ သူ ပြောပြတဲ့အထဲမှာ ကျန်းမာရေးမကောင်းလို့ ကုန်ကျရတဲ့ အသုံးစရိတ်တွေကိုတော့ ထည့်မပြောပြခဲ့ပါဘူး။

​စက်ရုံ၊​ အလုပ်ရုံမှာ လုပ်နေသူတွေထဲမှာ တစ်လကို ပျမ်းမျှ ကျပ်ငါးသိန်းကျော်သာ ဝင်ငွေရှိတဲ့ မိသားစုတွေလည်း အများကြီးရှိပါတယ်။​ ဒီသူတွေအတွက် ကျန်းမာရေးဆိုတာကို ဘေးချိတ်ထားပြီး နေ့စဉ် အလုပ်မပြတ်ရေးနဲ့ စားဝတ်နေရေးကသာ ပဓာန ဖြစ်နေပါတယ်။ ကုန်စျေးနှုန်းကလည်း တရိပ်ရိပ်တက်နေပေမယ့် လုပ်ခလစာက လိုက်တက်မလာတဲ့ မြန်မာနိုင်ငံမှာ အခြေခံလူတန်းစားတွေအတွက် ကျန်းမာရေးစိန်ခေါ်ချက်တွေက များသထက် များများ လာနေပါတယ်။​

​”နေမကောင်းမဖြစ်ပါစေနဲ့ ဆုတောင်းနေရတယ်။ မတ်တပ်စာပဲရှိတယ်။ တုံးလုံးစာ မရှိဘူးလေ” လို့ သာကေတစက်မှုဇုန်မှာ အလုပ်လုပ်ကိုင်နေတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

​သင်္ဃန်းကျွန်းမြို့နယ်မှာ နေထိုင်သူတစ်ဦးကလည်း “နေမကောင်း မဖြစ်ရဲဘူး။ နေမကောင်းဖြစ်လို့ ရပ်ကွက်မှာရှိတဲ့ ဆေးခန်းကို သွားပြရင် အနည်းဆုံး ၁၅,၀၀၀၊ ၂၀,၀၀၀ မှာရှိတယ်” လို့ ဆိုပါတယ်။

​”တချို့ ဆရာဝန်တွေက ကြည့်ရှုခ မတက်ပေမယ့် ဆေးဈေးကလည်းကြီးနေတော့ အနည်းဆုံးက ၁၅,၀၀၀ လောက်ကျတယ်။ ကျွန်တော့်သမီးလေး မိတ်ဖုတွေ အများကြီးထွက်လို့ ဆေးခန်းသွားပြတာ ဆရာဝန်က ကြည့်ရှုခ မယူလိုက်ဘူး။ ဒါတောင် ၁၅,၀၀၀ ကျတယ်။ အပြင်က ဆေးဆိုင်မှာ ဈေးနှုန်းသွားမေးကြည့်တော့ အဲဒီလိမ်းဆေးက ၁၂,၀၀၀ လောက်ရှိတယ်” လို့ မြောက်ဒဂုံမြို့နယ်မှာ နေထိုင်သူတစ်ဦးဖြစ်တဲ့ ကိုဝင်းမြင့်ဦးက ဆေးဝါးစျေးနှုန်း မြင့်တက်မှု အခြေအနေကို သူ့ကိုယ်တွေ့နဲ့ ယှဉ်ပြီး ပြောပါတယ်။

​မိသားစုမှာ ဆီးချို၊ နှလုံး၊ သွေးတိုးလို နာတာရှည်ရောဂါ စွဲကပ်သူတစ်ဦးဦး ပါနေပြီဆိုရင်တော့ ဒါဟာ ကျန် တဲ့ မိသားစုဝင်တွေအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာစေတဲ့အထိ ရုန်းကန်နေရမှုတွေလည်း ရှိနေပြန်ပါတယ်။ တခါတရံမှာ အိမ်ထောင်စုဝင်ငွေနဲ့ မိသားစု သံယောဇဉ်အကြား လွန်ဆွဲရတဲ့ အဖြစ်မျိုးတွေကလည်း မြန်မာ့ အောက်ခြေလူတန်းစား တွေထဲမှာ မကြာခဏဆိုသလို ကြားနေ၊ မြင်နေ၊ တွေ့နေရတဲ့ အခြေအနေပါ။ မိသားစု သံယောဇဉ်ကို အလေးသာနေ ရင်တောင် အချိန်နဲ့အမျှ တရိပ်ရိပ် တက်နေတဲ့ ကုန်စျေးနှုန်းက ခြိမ်းခြောက်တဲ့အဆင့်ကို ရောက်နေပါပြီ။​

​”အရင်တုန်းက ဆေးဖိုးက ၁၀၀,၀၀၀ (ကျပ်) လောက်ပဲ ကျမယ်ဆိုရင် အခုချိန်မှာက အနည်းဆုံး တစ်ဆခွဲကျော်လောက် တက်သွားတယ်။ ဒါတောင် အရင်ဆေးတွေ မရဘူး။ အမျိုးအစားတူတယ်လို့ပြောတဲ့ အလားတူဆေးမျိုးပဲ ရတယ်” လို့ သင်္ဃန်းကျွန်းမြို့နယ်မှာ နေထိုင်တဲ့သူတစ်ဦးက MyanHealth ကို ပြောပြပါတယ်။

​ကျန်းမာရေးစောင့်ရှောက်မှုစနစ် အားနည်းတဲ့ နိုင်ငံထဲ တစ်ခု အပါအဝင်ဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ လူဦးရေအများစုဟာ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ကိုယ်တိုင်ကုန်ကျခံရတဲ့ နည်းလမ်း (Out of Pocket Payment) ကိုသာ အလေးထားနေရဆဲပါ။ နိုင်ငံ့လူဦးရေ ၅၅ သန်းရှိတဲ့အထဲ လူဦးရေ ၆၀၀,၀၀၀ ကျော်လောက်သာ ကျန်းမာရေးအာမခံစနစ်ထဲမှာ ရှိနေတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေတဲ့ “မြန်မာနိုင်ငံ၏ မျှော်မှန်းသက် တမ်းနှင့် လွှမ်းမိုးနေသောအချက်များ” ဆိုတဲ့ ဆောင်းပါးမှာ ပါရှိပါတယ်။

​ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကျန်းမာရေးအသုံးစရိတ်အတွက်ဆိုရင် ပြည်သူတွေရဲ့ အိတ်ကပ်ထဲက စိုက်ထုတ်သုံးစွဲရမှုမှာ ကုန်ကျစရိတ်ရဲ့ ၃၀ ရာခိုင်နှုန်းပဲ ရှိသင့်တယ်လို့ သတ်မှတ်ထားပါတယ်။ သို့ပေမယ့် မြန်မာနိုင်ငံမှာတော့ လူထုကတော့ ၇၀ ရာခိုင်နှုန်းကျော်အထိ စိုက်ထုတ် ကျခံ သုံးစွဲနေရဆဲပါ။ ဒီလို အခြေအနေမှာ ရလာတဲ့ ဝင်ငွေနဲ့ အထွေထွေ အခြေအနေကြောင့် မြင့်တက်လာတဲ့ ကျန်းမာရေးစရိတ်က မညီမျှလာတဲ့အခါ တချို့တွေဟာ သူတို့ရဲ့ လူနေမှုဘဝပုံစံကိုပါ ပြောင်းလဲလာကြရပါတယ်။

​”နေမကောင်းဖြစ်မှာကို ကြောက်လာရတယ်။ ဘာကြောင့်လဲဆိုတော့ ဆေးခန်းပြဖို့တောင် အနိုင်နိုင်ဖြစ်လာတော့ နေထိုင်တာတွေကို သတိထားနေရတယ်။ အရင်တုန်းကဆို ထမင်းကျန်၊ ဟင်းကျန်တွေဆို နည်းနည်းကောင်းသေးရင် ညနေဘက် စားတာတို့ ဘာတို့လုပ်တယ်။ အခုကျတော့ နေကလည်း အရမ်းပူလာတော့ အနံ့လေးနည်းနည်းထွက်လာတာနဲ့ သွန်ပစ်လိုက်တယ်။ သွန်လိုက်ရတာက ပြသာနာမရှိပေမယ့် နှမြောပြီး စားလိုက်လို့ ဝမ်းသွားတာတွေဘာတွေဖြစ်လာရင် ဆေးဖိုးက ထပ်လိုက်ရတော့မယ်။ အခုချိန်က ဆေးဖိုးကလည်း ဈေးကြီးနေတဲ့အချိန်ဆိုတော့ အကုန်မခံနိုင်ဘူးလေ” လို့ မြောက်ဒဂုံမြို့နယ်မှာ နေထိုင်တဲ့ မစန္ဒာအောင်က MyanHealth ကို ရှင်းပြပါတယ်။

ကျန်းမာရေးစရိတ်ကို မိသားစုဝင်ငွေကနေ မမျှမတ စိုက်ထုတ်နေရတဲ့အခါ “Catastrophic health spending” (ငွေကြေးကပ်ဘေး) လို့ခေါ်တဲ့ အခြေအနေထိ ရောက်နိုင်ပါတယ်။ WHO ရဲ့ SDG 3.8.2 သတ်မှတ်ချက်အရ မိသားစုတစ်စုရဲ့ စုစုပေါင်းအသုံးစရိတ် သို့မဟုတ် ဝင်ငွေရဲ့ ၁၀ ရာခိုင်နှုန်း၊ ၂၅ ရာခိုင်နှုန်းကျော်ကို ကျန်းမာရေးအတွက် သုံးစွဲရပြီဆိုရင် catastrophic health spending အဖြစ် သတ်မှတ်လေ့ရှိပါတယ်။ မြန်မာမှာတော့ ၁၀ ရာခိုင်နှုန်းကျော်ရင်ကို catastrophic health spending လို့ သတ်မှတ်ကြပါတယ်။ ဆိုလိုတာက ဆေးရုံတက်ရတာ၊ ခွဲစိတ်ကုသရတာ၊ နာတာရှည်ရောဂါအတွက် လစဉ်ဆေးဝယ်ရတာတွေကြောင့် အိမ်လခ၊ စားစရိတ်၊ ကလေးပညာရေးစရိတ်၊ ချေးငွေပြန်ဆပ်စရိတ်တွေကိုပါ ထိခိုက်လာတဲ့အခြေအနေ ဖြစ်ပါတယ်။

ဒီလိုကျန်းမာရေးစရိတ်က မိသားစုအသုံးစရိတ်ကို ထိုးဖောက်ဝင်လာတဲ့အခါ သက်ရောက်မှုက ဆေးဖိုးကုန်တာတစ်ခုတည်း မဟုတ်တော့ပါဘူး။ တချို့မိသားစုတွေမှာ ဆေးကုဖို့အတွက် ချေးငွေယူရတာ၊ ပစ္စည်းရောင်းရတာ၊ အစာအာဟာရလျှော့စားရတာ၊ ကလေးကျောင်းစရိတ်ကို နောက်ဆုတ်ရတာ၊ ရောဂါရှိပေမယ့် ဆေးခန်းမသွားတော့ဘဲ တောင့်ခံနေရတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါနဲ့ပဲ ကုသမှုနောက်ကျတာတွေဖြစ်လာတဲ့အခါ ကုသမှုနောက်ကျခြင်းက ရောဂါပိုဆိုးလာစေပြီး နောက်ပိုင်းကုသစရိတ်ကို ပိုကြီးစေတဲ့ အန္တရာယ်လည်း ရှိပါတယ်။

​မြို့ပြအပါအဝင် မြန်မာနိုင်ငံက သူတွေဟာ အထွေထွေ ကုန်စျေးနှုန်း မြင့်တက်မှု၊ ဝင်ငွေ တိုးမလာမှု အခြေ အနေတွေကို ဆယ်စုနှစ် တစ်ဝက်ကျော် ခံစားလာရချိန်မှာ ကျန်းမာရေးအသုံးစရိတ်ဆိုတာဟာ နိစ္စဓူဝလုပ်ငန်းစဉ်ထဲကနေ သီးသန့်ဖယ်ထုတ်ထားရတဲ့ အခြေအနေပါ။ ကျန်းမာအောင် နေဖို့ကသာလျှင် တစ်ခုတည်းသော ဦးတည်ရာ ဖြစ်နေတာဟာ ကျန်းမာရေးရှုထောင့်ကကြည့်ရင် ကောင်းမွန်တယ်ဆိုပေမယ့်လည်း ကျန်းမာဖို့အတွက် လိုအပ်တဲ့ စားသောက်မှုပုံစံ၊ နေထိုင်မှုပုံစံတွေအပြင် လုပ်ငန်းခွင်ကျန်းမာရေးစောင့်ရှောက်မှုစနစ်၊ လူမှုဖူလုံရေးစနစ်တွေ အားမကောင်းလာသ ရွေ့ကတော့ ကျန်းမာအောင် နေမယ်ဆိုတဲ့ စဉ်းစားချက်ဟာလည်း ပြန်ပြီး မေးခွန်းထုတ်စရာအဖြစ် ရှိလာနေပြန်ပါတယ်။

လူကြိုက်များသောဆောင်းပါးများ

Ads Advertisement