ကမ္ဘာနဲ့ တစ်ဝန်းဖြစ်နေတဲ့ စစ်ရေး၊ နိုင်ငံရေးပြဿနာတွေ နောက်ဆက်တွဲ လောင်စာဆီ ပြဿနာက ကမ္ဘာတင်မက မြန်မာကိုပါ ရိုက်ခတ်နေပါပြီ။ ဒါကြောင့် လောင်စာဆီရောင်းပေးတဲ့ ဆိုင်ရှေ့မှာဆို နေ့ကော၊ ညကော ကားတန်းကြီးတွေကို မြင်နေရတာပါ။ ဒီကားတန်းတွေက အေးမြတဲ့ရာသီအောက်မှာ မဟုတ်ပါဘူး။ များသောအားဖြင့် ပူပြင်းတဲ့နေရောင်အောက်မှာ ဖြစ်ပြီး တချို့ဆိုရင် ဒီအပူဒဏ်ကိုလည်း ရှောင်ရင်း၊ ဆီလည်း တန်းစီရင်း မရလိုက်တာမျိုး မရှိရအောင် ညဘက်ကတည်းက တန်းစီစောင့်ကြတာတွေ ရှိပါတယ်။ တကယ်တော့ တစ်နေကုန် ပူပြင်းထားတဲ့ ကတ္တရာလမ်းဟာ ညဘက်ဆိုရင်တောင် တစ်နေကုန် စုပ်ယူထားတဲ့ အပူဒဏ်ကို ပြန် ထုတ်လွှတ်တာမို့ အပူဒဏ်ကို ပုံစံတစ်မျိုးနဲ့ ခံကြရပြန်ပါတယ်။ အခုဆို ရန်ကုန်မြို့မှာ ဆီတန်းစီရင်း ကားထဲမှာ ပဲ သေဆုံးရတဲ့ သုံးဦးအထိ ရှိလာနေပါပြီ။
လူတွေမှာ ဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာတွေထဲမှာ အပူဒဏ်ကို ခံလို့မရတဲ့ ရောဂါအမျိုးအစားတွေ အများကြီးပါ။ ဒီထဲမှာ အဖြစ်များတဲ့ ဆီးချိုရောဂါလည်း တစ်ခုအပါအဝင်ပါပဲ။ ဆီးချိုဝေဒနာရှင်တွေဟာ ပူပြင်း တဲ့နေရောင်အောက်၊ အပူပြင်းတဲ့ ပတ်ဝန်းကျင်မှာ နာရီနဲ့ချီ နေရပြီဆိုရင် ပြင်းထန်တဲ့ ကျန်းမာရေးဆိုးကျိုးတွေ ကို ကြုံတွေ့ရနိုင်ပါတယ်။ နံပါတ် (၁) ကတော့ ရေဓာတ်ခန်းခြောက်တာပါ။ ဆီးချိုဝေဒနာရှင်တွေဟာ သွေးတွင်းသကြားဓာတ် မြင့်သူတွေမို့ ဆီးပိုသွားတဲ့အခါ ရေဓာတ်ဆုံးရှုံးမှုကို သာမန်သူတွေထက် ပိုခံစားရတတ်ပါယ်။ ဒီအခြေအနေမှာ ပူပြင်းတဲ့ ရာသီဥတုနဲ့ ပတ်ဝန်းကျင်ကပါ ဒီအခြေအနေနဲ့ ပေါင်းစပ်မိသွားရင် ရေဓာတ်ခန်းမှုဟာ ပိုပြီးတော့ မြန်ဆန်ပြင်းထန်လာနိုင်ပါတယ်။ ဒီ့နောက်ဆက်တွဲ သွေးတွင်းသကြားဓာတ်ပါ ပိုပြီး မြင့်တက်လာနိုင် ပြီး Ketoacidosis ဆိုတဲ့ ဆီးချိုရောဂါရဲ့ ပြင်းထန်တဲ့ နောက်ဆက်တွဲပြဿနာတွေကို ဦးတည်သွားစေနိုင် ပါတယ်။ နောက်ပြီး ခန္ဓာကိုယ်ဟာ ပြင်ပအပူဒဏ်ကို ထိန်းညှိဖို့ ပိုပြီးကြိုးစားလာရတဲ့အခါ သွေးတွင်းသကြားဓာတ် မြင့်တက်မှု (Blood Sugar Fluctuation) ကို ပိုမြန်ဆန်စေပါတယ်။ တချို့ဆိုရင်တော့ အပူဒဏ် ကြောင့် ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုတွေကြောင့် သွေးတွင်းသကြားဓာတ် ရုတ်တရက်ကျဆင်းတာ (Hypoglycemia) ဖြစ်စေတတ်ပါတယ်။
ဆီးချိုဝေဒနာရှင်တွေဟာ ခန္ဓာကိုယ်အပူချိန်ကို ကောင်းကောင်း ထိန်းညှိနိုင်စွမ်း နည်းပါးလေ့ရှိပါတယ်။ ဒါကြောင့် အပူဒဏ်ကြောင့် ဖြစ်တဲ့ Heat Exhaustion ဆိုတဲ့ အပူရှပ်တာ၊ Heatstroke ဖြစ်နိုင်ခြေကို ပိုတိုးလာစေပါတယ်။ ဒီနေရာမှာ Heat Exhaustion နဲ့ Heatstroke မှာ မတူညီတဲ့ လက္ခဏာတွေ ရှိပါတယ်။ Heat Exhaustion ဖြစ်ပြီဆိုရင် ခန္ဓာကိုယ်အပူချိန်ဟာ သာမန်ထက် ပူနေပေမယ့် ၄၀’C ထက် မပိုပါဘူး။ ဒီအခြေအနေမှာ ခေါင်းမူးမယ်၊ ပင်ပန်းပြီး အားလျော့သလို ခံစားရမယ်၊ ပျို့အန်မယ်၊ တချို့ဆိုရင် ပျို့ချင် အန်ချင်မယ်၊ ရင်တုန်မယ်။ ဒီလက္ခဏာတွေကို ပြရင် အနားယူတာ၊ ရေဓာတ်ပြန်ဖြည့်တာမျိုး လုပ်လိုက် မယ်ဆိုရင် သက်သာနိုင်ပေမယ့် ဒီအတိုင်းထားလိုက်ရင် Heatstroke အဆင့်ကို ရောက်သွားနိုင်ပါတယ်။ ဒီအဆင့်မှာ ခန္ဓာကိုယ်အပူချိန်ဟာ ၄၀’C ဒါမှမဟုတ် ဒီ့ထက်ပိုနေပြီ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ လူဟာ အာရုံတွေ ရှုပ်ထွေးလာပြီး သတိလစ်တာ၊ တက်တာတွေ ဖြစ်တတ်ပါတယ်။ ခန္ဓာကိုယ်အပူချိန် ထိန်းမရတာမျိုးဖြစ်ပြီး ချွေးမထွက်တော့တာအထိ လက္ခဏာပြတတ်ပါတယ်။ ဒီလိုဖြစ်နေပြီ ဆိုရင်တော့ အချိန်မဆိုင်းဘဲ နီးစပ်ရာ ဆေး ခန်း၊ ဆေးရုံကိုဆီ ပို့ပြီး အရေးပေါ်ကုသပေးဖို့ လိုပါတယ်။ ပြင်းထန်တဲ့အပူချိန်၊ ပူပြင်းတဲ့ပတ်ဝန်းကျင်ဟာ ဆီးချိုသမားတွေရဲ့ ကျန်းမာရေးကိုသာ ထိခိုက်စေတာ မဟုတ်ပါဘူး၊ ဆီးချိုသမားတွေ အမြဲမပြတ်သုံးရတဲ့ ဆေးဝါးနဲ့ စက်ပစ္စည်းတွေကိုပါ ထိခိုက်စေတတ်ပါတယ်။ အေးတဲ့ပတ်ဝန်းကျင် အမြဲတမ်း ထားထားရမယ့် အင်ဆူလင်နဲ့ တခြားဆီးချိုဆေးဝါးတွေဟာ အပူဒဏ်ကြောင့် ထိခိုက်ပျက်စီးနိုင်သလို ထိရောက်မှုအားကိုလည်း လျော့ကျသွား စေနိုင်ပါတယ်။ နောက်ပြီး သွေးတွင်းသကြားဓာတ်ကို တိုင်းတာတဲ့ ကိရိယာနဲ့ အင်ဆူလင်ပန့် တွေဟာလည်း အပူဒဏ်ကြောင့် ကောင်းကောင်းအလုပ် မလုပ်တာ၊ ဒါမှမဟုတ် ပျက်စီးတာအထိ ဖြစ်နိုင်ပါတယ်။
ဒါကြောင့် ကိုယ်က ဆီးချိုဝေဒနာရှင်လည်း ဖြစ်တယ်၊ မဖြစ်မနေ ဆီတန်းစီရမယ့် သူလည်း ဖြစ်နေတယ်ဆိုရင် ပူပြင်းတဲ့ အပူချိန်ထဲ နာရီနဲ့ချီ နေနိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားရမယ့် အချက်တွေ ရှိပါတယ်။
အဓိကတော့ ဆီးချိုဝေဒနာရှင်တွေဟာ ရေဓာတ်ခန်းခြောက်မှု ဖြစ်ရင် သွေးတွင်းသကြားဓာတ်ဟာ ပိုပြီး တက်လာလေ့ ရှိပါတယ်။ ပူပြင်းတဲ့ နေပူအောက် ဆီတန်းစီရင်း ကားထဲ ကြာကြာနေရတဲ့အခါ ချွေးထွက်ပိုများ လေ့ရှိပြီး ရေဓာတ်ခန်းခြောက်မှုကို မြင့်မားစေပါတယ်။ ဒီလို ဖြစ်လာရင် အကောင်းဆုံးကတော့ ရေသန့်ဗူး ဆောင်ထားတာမျိုးပါ။ တချို့က အားဖြည့်အချိုရည်၊ လက်ဖက်ရည်၊ ကော်ဖီလိုမျိုး ဆောင်ထားတတ်လေ့ရှိပါ တယ်။ တကယ်တော့ ဒါတွေက သွေးတွင်းသကြားဓာတ်ကို အတိုးအလျော့အပေါ် သက်ရောက်စေတတ်တာမို့ အ ကောင်းဆုံးကတော့ ရေသန့်စစ်စစ် ဆောင်ထားဖို့ပါ။ ခန္ဓာကိုယ် အပူချိန်က သိသိသာသာ တက်လာပြီဆိုရင် ရေသန့်သန့် သောက်ပေးတာက ဆီးချိုဝေဒနာသည်တွေအတွက် ပိုသင့်တော်ပါတယ်။
နာရီနဲ့ချီ နေပူထဲ နေတဲ့အခါ ပြင်းထန်တဲ့အပူဒဏ်ဟာ ကိုယ်တွင်းသကြားဓာတ်ကို ကမောက်ကမ ဖြစ်စေတာမို့ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တဲ့ အသားဓာတ် (Protein) နဲ့ အမျှင်ဓာတ်များတဲ့ ကစီ ဓာတ် (Complex Crab) ပါတဲ့ အစားအစာတွေကို ဆောင်ထားဖို့ လိုပါတယ်။ ဒီဓာတ်နှစ်မျိုးလုံး ပါတဲ့ အစားအစာတွေဆိုရင် ပဲနဲ့ လုပ်ထားတဲ့ အစားအစာ၊ ပဲပိစပ်နဲ့ လုပ်ထားတဲ့ အစားအစာတွေပါ။ နောက်ပြီး ကြက်ဥ (ပြုတ်) လိုဟာမျိုး၊ ပြောင်းဖူး (ပြုတ်)၊ ဂျုံ/စပါး၊ ကွေကာလိုဟာတွေလည်း ဒီဓာတ်နှစ်မျိုးစလုံး ပါ ဝင်တာမို့ နာရီနဲ့ချီ ဆီတန်းစီရတဲ့အခါ အစာပြေအဖြစ် စားသောက်နိုင်သလို ကိုယ်တွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးပါတယ်။
သကြားလုံး ဆောင်ထားပါ။ ပြင်းထန်တဲ့ အပူချိန်နဲ့ ဆီတန်းစီရင်း ရပ်ထားရတဲ့ ကားတွင်းအပူချိန်ဟာ သွေးတွင်းသကြားဓာတ်ကို ကမောက်ကမ ဖြစ်စေသလို တစ်ခါတစ်ရံမှာ သွေးတွင်းသကြားဓာတ် ကျဆင်းမှုကို ဖြစ်စေပြီး ချွေးတွေ ပြန်လာတာ၊ မူးလာတာ၊ လက်တုန်တာမျိုး ကတုန်ကယင်တွေ ဖြစ်လာတတ်ပါတယ်။ ဒါဟာ ကားမောင်းနေတဲ့အချိန်ဆိုရင် အရမ်းကို အန္တရာယ်ကြီးတဲ့ အခြေအနေပါ။ ဒီလိုဖြစ်လာရင် အရန်သင့် ဆောင်ထားသင့်တာက သကြားလုံးလို၊ Glucose ဆေးပြားပါ။ ဒါတွေက ချက်ချင်းဆိုသလို ကျနေတဲ့ သွေး တွင်းသကြားဓာတ်ကို ခပ်မြန်မြန် တက်စေလို့ ဖြစ်ပါတယ်။
ထိုင်တာ ကြာရင် လမ်းဆင်းလျှောက်ပါ။ လောင်စာဆီ တန်းစီရတာ၊ ကားပေါ်မှာ အချိန်ကြာအောင် ထိုင်နေရတာ ဖြစ်လာပြီဆိုရင် ခန္ဓာကိုယ်ကို လှုပ်ရှားပေးဖို့ လိုပါတယ်။ ဥပမာ ကိုယ်က နှစ်နာရီနီးပါးလောက် ကားပေါ်မှာ ဆက်တိုက်ထိုင်မိနေပြီဆိုရင် သွေးလည်ပတ်မှုကို ထိခိုက်စေပြီး ခြေထောက်တွေ ထုံကျင်တာမျိုး ခံ စားရတတ်ပါတယ်။ ဆီးချိုဝေဒနာရှင်တွေမှာဆိုရင် ဆီးချိုရောဂါကြောင့် အာရုံကြောပျက်စီးမှု (Peripheral Neuropathy) ရှိတတ်တာကြောင့် ဒီလို ကြာမြင့်တဲ့ ထိုင်နေတာမျိုးကို ရှောင်ပြီး ကားကို ခဏရပ်ထားပြီး လမ်းဆင်းလျှောက်ပေးဖို့ လိုအပ်တာ ဖြစ်ပါတယ်။
ဆီးချိုဝေဒနာ ခံစားရသူတွေဟာ ကိုယ်တွင်းသကြားဓာတ်ကို ထိန်းဖို့အတွက် မက်ဖော်မင်နဲ့ တခြား ဆီး ချိုနဲ့ သက်ဆိုင်တဲ့ ဆေးတစ်မျိုးမျိုးကို ပုံမှန်မှီဝဲနေရသူတွေပါ။ ဒီဆီးချိုဆေးတွေဟာ ခံစားရတဲ့ ဝေဒနာရှင်တွေအ လိုက် ကျွမ်းကျင်တဲ့ ဆရာဝန်တွေက တစ်နေ့ကို ဘယ်နှကြိမ်၊ ဘယ်အချိန်တွေမှာ သောက်ရမယ်ဆိုတာကို တိတိ ကျကျ လမ်းညွှန်လေ့ ရှိပါတယ်။ ကိုယ်က ဆီးချိုဝေဒနာရှင် ဖြစ်နေတယ်၊ တစ်ဖက်ကလည်း ကားတန်းစီနေရတဲ့အခါ ဆေးသောက်ရမယ့် အချိန်ကို ကျော်သွားတာမျိုး၊ ဆီတန်းစီရမှာမို့ စိတ်လေကြီးပြီး ကြိုသောက်သွားတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ ဒီလိုဆိုရင် ဆေးရဲ့ အာနိသင်ဟာ ထိရောက်သင့်သလောက် မထိရောက်တာမျိုးကို ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် ကိုယ်က မဖြစ်မနေ ဆီတန်းစီဖို့ သွားတဲ့အခါ ဆေးသောက်ရမယ့် အချိန်အတိုင်း သောက်နိုင်ဖို့ ဆေးကို ဆောင်သွားတာမျိုး၊ ဆေးသောက်ရမယ့်အချိန်ကို တိတိကျကျနဲ့ သောက်တာမျိုး၊ ကိုယ်က မေ့တတ်တဲ့သူမျိုးဆိုရင် ကိုယ်နဲ့ အမြဲမပြတ် ပါလေ့ရှိတဲ့ ဖုန်းလို Device တွေမှာ Alarm ပေးထားတာမျိုးကို ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။
ကိုးကား – American Diabetes Association – ADA, Centers for Disease Control and Prevention – CDC