လူတွေဟာ အသားဓာတ် (ပရိုတိန်း) ကို အများအားဖြင့် အသားနဲ့ ပဲလို ဟာမျိုးကနေပဲ ရတယ်လို့ ထင်မှတ်ပြီး ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံကနေ ဗီတာမင်ဓာတ်တွေပဲ ရတယ်ဆိုပြီး အလွဲ မှတ်ယူတတ်ကြပါတယ်။ တကယ်တော့ တချို့သော အစေ့၊ အသီးတွေဟာ ပရိုတိန်းဓာတ် ကြွယ်ဝပါတယ်။ တချို့အစေ့၊ အသီးဆိုရင် ပရိုတိန်းဓာတ် ပါဝင်မှုက ၂၀ ရာခိုင်နှုန်းလောက်အထိ ရှိတတ်ပါတယ်။ ဒီထဲမှာ အများသိကြတဲ့ ဗာဒံသီး (အရပ်မှာ တော့ ဗန်ဒါသီးလို့ အသံထွက်) ပါဝင်ပါတယ်။
ဗာဒံသီးလို့ဆိုရင် အပင်က ကြွေတဲ့ အသီးကို အုတ်ခဲလို မာတဲ့ဟာနဲ့ ထုပြီး အထဲက အဆံကို စားခဲ့ကြတာကို သတိရမိကြမယ် ထင်ပါတယ်။ ဗာဒံသီးကို ကတ္တီပါသားလို နူးညံ့တဲ့ အပြင်ခွံအပိုင်းနဲ့ အထဲက ကျောက်လိုမျိုး မာကျောတဲ့ အစေ့အပိုင်းဆိုပြီး အပိုင်းနှစ်ပိုင်း ခွဲနိုင်ပါတယ်။ အာဟာရတန်ဖိုးနဲ့ လူတွေကို အကျိုးပြုတဲ့အပိုင်းကတော့ အထဲက မာကျောတဲ့ အစေ့ပိုင်းပါ။ ရှေး အိန္ဒိယတိုင်းရင်းဆေးတွေအဆိုအရ ဗာဒံသီးမှာ ပါတဲ့ အစာအာဟာရဓာတ်တွေဟာ လူတွေရဲ့ ကျန်းမာရေး၊ ခွန်အား၊ ကိုယ်ခန္ဓာတည်ဆောက်မှုအတွက် အထူးပြည့်စုံတဲ့အသီးလို့ကို သတ်မှတ်ထားတာ ရှိပါတယ်။ ဗာဒံသီးမှာ ပါတဲ့ ပရိုတိန်းဓာတ်ဟာ အစာကြေလွယ်တဲ့အပြင် ကိုယ်တွင်း သွေးနီဥမှာပါဝင်တဲ့ ဟေမိုဂလိုဘင်ဓါတ် ထုတ်လုပ်ဖို့အတွက် အစာခြေလမ်းကြောင်းကနေ သံဓာတ်ကို စုပ်ယူပေးဖို့ကိုလည်း လုပ် ဆောင်ပေးပြန်ပါတယ်။ ဒါတင် မဟုတ်ပါဘူး။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ကယ်လ်စီယံ၊ ဖော့စဖောရပ်၊ ဗိုက်တာမင် ဘီဝမ်းနဲ့ အီးတို့လည်း ပါဝင်ပါသေးတယ်။
မြန်မာ့ အာယုဗ္ဗေဒဆေးကျမ်းတွေအရ ဗာဒံစေ့အဆံဟာ အပူကို ထိန်း၏၊ အားကို ဖြစ်၏၊ ဝမ်းကို ပျော့၏၊ ဆီးကို ရွှင်၏၊ အာရုံကြော အားကောင်းစေပြီး လိင်စိတ်ကို ကြွစေ၏လို့ အဆို ရှိပါတယ်။ ဗာဒံစေ့ဆီကတော့ အေး၏၊ ချို၏၊ ဝမ်းကို ပျော့စေ၏လို့ ဆိုထားပြီး ကိုယ်ခန္ဓာကြွက်သားတွေကို ပျော့စေပြီး အညောင်း အညာလည်း ပြေစေ၏တဲ့။
အင်္ဂလိပ်လို Almonds လို့ ခေါ်တဲ့ ဗာဒံပင်မှာ Sweet Almonds (ဗာဒံအချို) နဲ့ Bitter Almonds (ဗာဒံအခါး) ဆိုပြီး နှစ်မျိုးရှိပြီး ဗာဒံအချိုမျိုးကတော့ ဒီကနေ့ လူအများစု စားသုံးနေကြတဲ့ ဗာဒံအမျိုးအစားပါ။ ဗာဒံအခါးမှာတော့ Cyanide ဓာတ် ပါဝင်တာမို့ အစိမ်းစားသုံးဖို့ မသင့်တော်သလို ဆေးဝါးနဲ့ အလှကုန်ပစ္စည်းထုတ်လုပ်တဲ့ နေရာမှာတော့ အနည်းငယ် ထည့်သုံးတတ်တာမျိုးတော့ ရှိပါတယ်။
အိန္ဒိယနိုင်ငံက ဒေါက်တာ အဇစ် အာမက်တ်ဆစ်နဲ့ ဒေါက်တာ ရှဗ်ချာရန် ရှာမားတို့က အဖြစ်များတဲ့ နာတာရှည်ရောဂါများအား ဆေးဖက်ဝင်အပင်များဖြင့် ကုသခြင်း “Herbal Cure for Common & Chronic Diseases” ဆိုတဲ့ စာအုပ်ကို ၂၀၀၉ ခုနှစ်က ထုတ်ဝေခဲ့ဖူးပါတယ်။ ဒီစာအုပ်ထဲမှာလည်း ဗာဒံသီးအဆန်နဲ့ ပတ်သက်ပြီး ဘယ်လိုမျိုး အသုံးချနိုင်တယ်ဆိုတာကို လက်တွေ့လေ့လာဆန်းစစ် ပြထားပါတယ်။
ဗာဒံနဲ့ ကလေး
ပရိုတင်းဓာတ် ပြည့်ဝတဲ့ ဗာဒံစေ့ဟာ ကလေးငယ်တွေအတွက် သဘာဝအားဆေးပါ။ ဗာဒံစေ့ဆန် သုံးလုံးကနေ ခြောက်လုံးလောက်ကို ရေစိမ်ပြီး အပေါ်က အခွံကို နွှာပြီး ကြိတ်၊ ပြီးရင် နို့နဲ့ ရောပြီး ပျားရည်တစ်ဇွန်း (တစ်နှစ်အောက်ကလေးကို ပျားရည်မကျွေးသင့်ပါ) ထည့်လို့ တစ်နေ့ နှစ်ကြိမ်နဲ့ နှစ်လ ဆက်တိုက် တိုက်ပေးမယ်ဆိုရင် ခန္ဓာကိုယ် ဖွံ့ထွားပြီး အရိုးအဆစ် သန်မာတဲ့ ကလေး ငယ်ဖြစ်လာလိမ့်မယ်လို့ ဆိုထားပါတယ်။ တချို့က ဒါကို တိုက်ရင် ကလေး အစာမကြေတာမျိုး ဖြစ်မှာကို စိတ်ပူပေမယ့် စိုးရိမ်စရာမလိုပါဘူးလို့ သူတို့က ဆိုထားပါတယ်။
အမျိုးသမီးနဲ့ ဗာဒံ
ဗာဒံစေ့ဟာ အပျိုဖော်ဝင် နောက်ကျနေတဲ့ အမျိုးသမီးငယ်တွေအတွက် အထူးသင့်တော်တဲ့ သဘာဝဆေးတစ်မျိုးပါ။ တိုင်းရင်းဆေးအဆိုအရ ဗာဒံစေ့အမှုန့်ကို ကြက်ဥအနှစ်၊ ဂျင်ဂျယ်လီမှုန့်၊ ပျားရည်တစ်ဇွန်းကို နို့နဲ့ တွဲဖက်သောက်သုံးရင် အထူးကောင်းမွန်ထိရောက်တဲ့ ဆေးလို့ ဆိုထားပါတယ်။ နောက်ပြီး အသက်အရွယ်ကြောင့်ဖြစ်စေ၊ တခြားသော အကြောင်းတစ်ခုခုကြောင့်ဖြစ်စေ အိမ်ထောင်ဘက်နဲ့ နေရပေမယ့် လိင်ဆက်ဆံလိုစိတ် မရှိတဲ့ အမျိုးသမီးတွေအတွက်ဆိုရင် ဒန့်သလွန်သီးကို ပိုင်းပြီး အနှစ်ကို ယူပါ။ အဲဒီအနှစ်ကို အမှုန့်ကြိတ်ထားတဲ့ ဗာဒံစေ့အမှုန့်နဲ့ ရောပါ။ ပြီးရင်တော့ ကုံကုမံအမှုန့် အနည်းငယ်ထည့်ပြီး ရက်ပေါင်း ၄၀ ဆက်တိုက် နေ့စဉ် စားသုံးပေးမယ်ဆိုရင် အိမ်ထောင်ရေးသုခကို ပြန်ပြီး ခံစားရမှာ ဖြစ်ပါတယ်။
ဗာဒံနဲ့ အထွေထွေ
အကြောင်းကြောင်းကြောင့် အားနည်းနေတဲ့သူတွေ၊ နာလန်ထလူမမာတွေအတွက် ဗာဒံစေ့ဟာ အကောင်းဆုံး အစားအစာတစ်မျိုး ဖြစ်ပါတယ်။ ဒီသူတွေအတွက် ဗာဒံစေ့အဆန် ၁၂ ခုကနေ ၁၅ ခုလောက်ကို ရေနွေးစိမ်ပြီး အပေါ်က အခွံပါးကို ဖယ်ပစ်ပြီး ညက်နေအောင် ကြိတ်ပါ။ ပြီးရင် နို့ဓမ်းနဲ့ ရော၊ ငှက်ပျောသီးအမှည့်တစ်လုံး ခြေထည့်ပြီး အဖက်တွေကို အဝတ်ပါးစ (ပိတ်စိမ်းပါး) နဲ့ စစ်ချပါ။ ပြီးရင် ပျားရည် လေးဇွန်းနဲ့ ရောပြီး တစ်နေ့ကို နှစ်ကြိမ် စားပေးရုံပါပဲ။ ဗာဒံစေ့အဆန်မှာ ကာဗိုဟိုက်ဒရိတ် အနည်းငယ်ပဲ ပါဝင်လို့ ဒီလိုလုပ်ပြီး စားတာဟာ ဆီးချိုသမားတွေနဲ့လည်း သင့်တော်ပါတယ်။
ဝမ်းချုပ်ခြင်းကလည်း ခန္ဓာကိုယ်ကို ဒုက္ခပေးတတ်တဲ့အထဲမှာ ပါဝင်ပါတယ်။ ကိုယ်က ဝမ်းချုပ်နေပြီဆိုရင် ဗာဒံစေ့အဆန်ဟာ တကယ်ကို ကောင်းမွန်တဲ့ သဘာဝဆေးတစ်မျိုးပါ။ ဗာဒံစေ့ဆန် ငါးဇွန်း၊ စွန်ပလွန်သီးခြောက် ငါးဇွန်းကို သီးခြားစီ ကြိတ်ပါ။ ပြီးရင်တော့ နှစ်မျိုးလုံးကို ရောပြီး ပျားရည် (၁၀) ဇွန်းနဲ့ ရောပြီး တစ်ခါသောက် သုံးဇွန်းနှုန်းနဲ့ တစ်နေ့ နှစ်ကြိမ် သောက်ရင် ဝမ်းချုပ်ခြင်းအန္တရာယ်ကနေ ကင်းစေမှာပါ။
ခံတွင်းနဲ့ ပတ်သက်တဲ့ သွားဖုံးရောဂါတွေ ကာကွယ်ဖို့နဲ့ သွားတိုက်ဆေးအဖြစ်လည်း ဗာဒံစေ့အဆန်ကို သုံးလို့ ရတယ်လို့ အိန္ဒိယနိုင်ငံက ဆရာဝန်နှစ်ဦးက အခုလို ဆိုထားပါတယ်။ ဗာဒံစေ့အခွံကို မီးရှို့၊ ပြာချပြီး သွားတိုက် ဆေးအဖြစ် သုံးလို့ ရပြန်ပါတယ်။
အလှအပရေးရာနဲ့ ဗာဒံ
ဘက်စုံသုံး ဗာဒံဟာ ကျန်းမာရေးအတွက်သာမက၊ အလှအပရေးရာအတွက်လည်း အသုံးဝင်တဲ့ သဘာဝအရာ တစ်ခုပါ။ ဦးခေါင်းမှာ သန်းထူလို့ စိတ်ပျက်နေသူတွေအတွက် ဗာဒံစေ့အဆန် ခုနစ်ခုကနေ ရှစ်ခုလောက်ကို ကြိတ်၊ သံပုရာရည်နှစ်ဇွန်းနဲ့ ရောစပ်ပြီး ဦးရေပြားကို လိမ်းပေးရင်ကို လုံလောက်ပါပြီ။ ဆံပင်ကျွတ်သန်သူတွေအတွက်ဆို အုန်းဆီလိမ်းမယ့်အစား ဗာဒံဆီကို ပုံမှန်လိမ်းပေးပြီး နှိပ်ပေးမယ်ဆိုရင် ဆံပင်ကျွတ်ခြင်းကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
ဗာဒံဆီနဲ့ ပျားရည်ကို ဆတူရောပြီး လိမ်းဆေးအဖြစ်နဲ့ လိမ်းပေးမယ်ဆိုရင် အသားအရေကို ချောမွတ်စေပါတယ်။ နောက်ပြီး ဗာဒံစေ့အဆန်ကို ကြိတ်၊ နို့မလိုင်နဲ့ ရော၊ အုန်းဆီထည့်ပြီး လိမ်းမယ်ဆိုရင် နေလောင်ဒဏ်ခံရမှုကို သက်သာစေပါတယ်။
တန်ဆေး လွန်ဘေး
အစေ့အဆန်မျိုးထဲ ပါတဲ့ ဗာဒံစေ့ကို စားတဲ့အခါ အာဟာရဓာတ် ပိုစေဖို့၊ အစာကြေညက်ဖို့ဆိုရင် ငရုတ်ကောင်း၊ နနွင်း၊ ဖာလာ စတာတွေနဲ့ တွဲဖက်စားသုံးဖို့ လိုပါတယ်။ နောက်ထပ် အရေးကြီးတာကတော့ ဗာဒံစေ့အဆန်ဟာ အပူဓာတ်ကို ထိန်းထားတဲ့အတွက် နွေရာသီလို ပူအိုက်တဲ့အချိန်လိုမျိုးမှာ စားမယ်ဆိုရင်တော့ ဗာဒံသီးအပေါ်က အညိုရောင်အခွံပါးကို ဖယ်ရှားပစ်ဖို့လိုပါတယ်။ ဒီလိုမှမဟုတ်ဘူးဆိုရင် ခန္ဓာကိုယ်တွင်း အပူချိန် တက်လာတာကို ခံစားရနိုင်ပါတယ်။ နောက်ပြီး ဗာဒံစေ့အဆန်ဟာ အချို့သော သူတွေအတွက် Nut Allergy လို့ဆိုတဲ့ ဓာတ်မတည့်မှုတွေကို ခံစားရစေတတ်ပါတယ်။ ဒီလိုဓာတ်မတည့်တဲ့သူတွေက စားမိရင် ခန္ဓာကိုယ် ယားယံတာ၊ ရောင်ရမ်းတာအပြင် အသက်ရှူရခက်ခဲတာတွေ ဖြစ်တတ်ပါတယ်။
ဒီကနေ့ မြန်မာ့လူအဖွဲ့အစည်းမှာ အရင်က အပင်က ကျလာတဲ့ အသီးကို အုတ်ခဲနဲ့ ထု၊ ပြီးရင် ထွက်လာတဲ့ အဆံနုနုကို စားခဲ့တဲ့ ဗာဒံစေ့အဆန်ဟာ စျေးကွက်ဝင်ပစ္စည်းလို ဖြစ်နေပါပြီ။ စားသောက်ဆိုင်တွေမှာဆိုရင် သန့်စင်ပြီး ဗာဒံစေ့အဆန်ကို သရေစာအဖြစ်နဲ့ကို ရောင်းနေကြသလို စားသူတွေကလည်း စားနေကြပါတယ်။ ဆိမ့်တဲ့အရသာဘက်ကို သွားတဲ့ ဗာဒံစေ့အဆန်ကို ဘယ်လိုပုံ ဘယ်လိုနည်းနဲ့ စားစား ရှေးလူကြီးတွေ မှာထားခဲ့သလို တန်ဆေး လွန်ဘေးပါ။
ကိုးကား – Herbal Cure for Common & Chronic Diseases (Dr Aziz Ahmand Syed & Dr Shiv Charan Sharma)