Skip to content
Ads Advertisement

လည်ချောင်းနာပြီးဖျားနေပြီလား

မိုးတွင်းရောက်လာပြီဆိုရင် လည်ချောင်းလေးနာလိုက်၊ အဖျားလေးတက်လိုက်၊ နှာလေးစေးလိုက်နဲ့ မိသားစုတွေ တစ်ယောက်ပြီးတစ်ယောက် ဖျားကြတော့ပါပဲ။ ဒီလို လည်ချောင်းနာရတဲ့ အကြောင်းအရင်း အများစုကတော့ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပြီး ပဋိဇီဝဆေး သောက်စရာမလိုဘဲ သက်သာ ပျောက်ကင်းသွားတတ်ကြပါတယ်။

လည်ချောင်းနာရခြင်းရဲ့ အဓိကအကြောင်းရင်းတွေထဲမှာ အအေးမိခြင်း၊ တုပ်ကွေးနဲ့ တခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ကူးစက်မှုတွေက အဖြစ်များဆုံး ဖြစ်ပါတယ်။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်တွေကြောင့် လည်ချောင်းနာတဲ့အခါ ချောင်းဆိုးတာ၊ နှာစေးနှာပိတ်တာ၊ နှာချေတာ၊ အသံဝင်တာ ဒါမှမဟုတ် မျက်လုံးနီပြီး မျက်ရည်ကျတာတွေပါ တွဲဖြစ်တတ်ပါတယ်။ ပြင်းထန်တဲ့ နောက်ဆက်တွဲပြဿနာမရှိရင် အများအားဖြင့်တော့ ကိုယ်ခံစွမ်းအားက အနိုင်ယူပြီး တစ်ပတ်လောက်အတွင်းမှာပဲ တဖြည်းဖြည်း သက်သာလာတတ်ပါတယ်။ တစ်ခုသိထားရမယ့်အချက်က ပိုးသတ်ဆေးလို့ ခေါ်ကြတဲ့ ပဋိဇီဝဆေးတွေဟာ ဗိုင်းရပ်စ်ကို မသတ်နိုင်ပါဘူး။ ဒါကြောင့် ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ လည်ချောင်းနာတာအတွက် ပဋိဇီဝဆေးသောက်လည်း ရောဂါမြန်မြန်မပျောက်နိုင်ပါဘူး။ ဒါ့အပြင် မလိုအပ်ဘဲ ပိုးသတ်ဆေးတွေ မကြာခဏသောက်နေရင် နောင်တစ်ချိန် ဘက်တီးရီးယားပိုးတွေ ဆေးယဉ်ပါးလာနိုင်ပါတယ်။

လူအနည်းစုမှာတော့ တစ်ခါတစ်ရံ လည်ချောင်းနာတာဟာ ဘက်တီးရီးယားပိုးကြောင့် ဖြစ်နိုင်ပါတယ်။ အများဆုံးဖြစ်စေတဲ့ ဘက်တီးရီးယားပိုးက Group A Streptococcus ဖြစ်တဲ့အတွက် Strep Throat လို့ခေါ်ပါတယ်။ Strep Throat ဟာ လူကြီးတွေထက် ကလေးတွေမှာ ပိုအဖြစ်များပါတယ်။ ဒီရောဂါဟာ ရုတ်တရက် လည်ချောင်းပြင်းပြင်းထန်ထန်နာတာ၊ ကိုယ်ပူတာ၊ မျိုချရင် နာတာ၊ အာသီးနီပြီး ရောင်လာတာ၊ လည်ပင်းအရှေ့ဘက်နားက အကျိတ်လေးတွေ နာကျင်ရောင်ရမ်းလာတာတွေနဲ့ စတင်တတ်ပါတယ်။ အာသီးပေါ်မှာ အဖြူရောင်အဖတ်တွေ တွေ့ရနိုင်ပေမဲ့ ချောင်းဆိုးတာနဲ့ နှာစေးတာတွေကတော့ များသောအားဖြင့် မတွေ့ရတတ်ပါဘူး။

ဒါ့အပြင် လည်ချောင်းနာပြီး ကိုယ်ပူနေတဲ့ ကလေးတွေမှာဆိုရင် ခန္ဓာကိုယ်ပေါ် အနီရောင်အဖုအပိန့်တွေ ထွက်မထွက်ကိုလည်း စောင့်ကြည့်သင့်ပါတယ်။ အရေပြားကို ထိကြည့်တဲ့အခါ သဲစက္ကူလို ကြမ်းတမ်းနေတဲ့ အနီရောင်အဖုအပိန့်မျိုး ဖြစ်လာရင် Scarlet Fever ဖြစ်နိုင်တာကြောင့် လိုအပ်တဲ့ ပိုးသတ်ဆေးတွေ သောက်သုံးရတာမျိုး ရှိနိုင်တဲ့အတွက် ကျန်းမာရေးဝန်ထမ်းကို ပြသသင့်ပါတယ်။

လိုအပ်တဲ့အခါ ကျန်းမာရေးဝန်ထမ်းရဲ့ ညွှန်ကြားချက်နဲ့သောက်တဲ့ မှန်ကန်တဲ့ ပဋိဇီဝဆေးကုသမှုဟာ ရောဂါလက္ခဏာတွေ ကြာချိန်ကို လျှော့ချပေးနိုင်သလို တခြားသူတွေကို ကူးစက်နိုင်ခြေနဲ့ နောက်ဆက်တွဲပြဿနာအချို့ကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ဒါပေမဲ့ မိမိအိမ်မှာ ကျန်နေတဲ့ ဆေးဟောင်းတွေကို သောက်တာ၊ တခြားသူရဲ့ဆေးကို မျှဝေသောက်တာ ဒါမှမဟုတ် သက်သာလာတာနဲ့ ဆေးကို ကိုယ့်သဘောနဲ့ ရပ်လိုက်တာမျိုးတော့ လုံးဝ မလုပ်သင့်ပါဘူး။

လည်ချောင်းနာပြီးဖျားတဲ့အခါ များသောအားဖြင့် ခန္ဓာကိုယ်က ပိုးကို တိုက်ထုတ်နေချိန်အတွင်း နာကျင်မှုသက်သာအောင် စောင့်ရှောက်ပေးတာနဲ့ ရေဓာတ်မခန်းခြောက်အောင် ထိန်းပေးတာက အရေးကြီးပါတယ်။ ရေများများသောက်သင့်ပြီး ရေနွေးနွေး၊ စွပ်ပြုတ် ဒါမှမဟုတ် လည်ချောင်းကို သက်တောင့်သက်သာ ဖြစ်စေမယ့် အရည်တွေ သောက်နိုင်ပါတယ်။ အေးတာကမှ ပိုသက်တောင့် သက်သာ ရှိတယ်လို့ ခံစားရရင် ရေအေးဒါမှမဟုတ် အေးမြနူးညံ့တဲ့ အစားအစာတွေ ကိုလည်း ရွေးချယ်နိုင်ပါတယ်။ ပူလွန်းတဲ့ အစားအသောက်တွေ၊ အရည်တွေကတော့ လည်ချောင်းကို ပိုယားယံစေနိုင်တာကြောင့် ရှောင်သင့်ပါတယ်။

အိမ်တွင်းကုထုံးအနေနဲ့ဆိုရင် ဆားရည်နွေးနွေးနဲ့ ပလုတ်ကျင်းတာမျိုး လုပ်ပေးနိုင်ပါတယ်။ ဆေးမတည့်တာ မရှိဘူးဆိုရင် ပါရာစီတမောလို ဆေးကို လည်ချောင်းနာ သက်သာအောင် သောက်နိုင်ပါတယ်။ အသံကို အနားပေးတာ၊ ဆေးလိပ်နဲ့ ဆေးလိပ်ငွေ့ကို ရှောင်တာ၊ ဖုန်ထူတဲ့နေရာတွေမှာ မနေဘဲ ရှောင်ရှားတာတွေကလည်း လည်ချောင်းယားယံမှုကို သက်သာစေနိုင်ပါတယ်။ လက်ကို မကြာခဏဆေးကြောတာ၊ ချောင်းဆိုးနှာချေတဲ့အခါ ပါးစပ်နဲ့ နှာခေါင်းကို ဖုံးအုပ်တာ၊ ရေခွက်၊ ဇွန်းနဲ့ စားသောက်အသုံးအဆောင်တွေကို မျှဝေသုံးတာတွေကို ရှောင်တာက ဗိုင်းရပ်စ်နဲ့ Strep ပိုး ကူးစက်ပျံ့နှံ့မှုကို လျှော့ချနိုင်ပါတယ်။ ရာသီတုပ်ကွေး ကာကွယ်ဆေးကို နှစ်တိုင်းပုံမှန်ထိုးပေးတာကလည်း အထိုက်အလျောက် ကာကွယ်ပေးနိုင်ပါတယ်။

လည်ချောင်းနာတာ တဖြည်းဖြည်း ပိုပြင်းထန်လာရင်၊ ကိုယ်ပူအမြင့်ကြာရှည်နေရင်၊ ရေမသောက်နိုင်လောက်အောင် မျိုချရခက်ရင် ဒါမှမဟုတ် တစ်ပတ်လောက် ကြာတဲ့အထိ မသက်သာလာရင်တော့ ဆေးရုံ/ဆေးခန်းကို သွားရောက်ပြသင့်ပါတယ်။ အသက်ရှူရခက်လာတာ၊ ရေ ဒါမှမဟုတ် တံတွေးကိုတောင် မမျိုနိုင်တာ၊ တံတွေးယိုစီးကျနေတာ၊ ပါးစပ် ဒါမှမဟုတ် လည်ပင်းအတွင်း မှာ အလွန်အမင်းရောင်လာတာ၊ အသံပြောင်းပြီး ပါးစပ်ထဲတစ်ခုခု ထည့်ထားသလို အသံထွက်လာတာ၊ အသက်ရှူစဉ်တစ်ရွှီးရွှီးမြည်လာတာ ဒါမှမဟုတ် လက္ခဏာတွေ မြန်မြန်ပိုဆိုးလာခဲ့တာတွေ ရှိလာရင်တော့ အရေးပေါ်ဆေးကုသမှု ခံယူသင့်ပါတယ်။

လည်ချောင်းနာတာ အများစုဟာ ရေဓါတ်လုံလုံလောက်လောက်ဖြည့်မယ်၊ လုံလောက်အောင် အနားယူမယ်၊ အာဟာရပြည့်အောင် စားမယ်ဆို တဖြည်းဖြည်း သက်သာပျောက်ကင်းလာ တတ်ပါတယ်။ အိမ်မှာ လည်ချောင်းနာပြီး ဖျားနေတဲ့ လူနာရှိခဲ့မယ်ဆိုရင် ပုံမှန် အသက်ရှူနိုင်သလား၊ ရေမျိုချ(သောက်)နိုင်သလား၊ လက္ခဏာတွေကတိုးတက်မှုရှိလား၊ တခြားအန္တရာယ်ရှိလက္ခဏာတွေ ရှိနေလား ဆိုတာတွေကို သတိထား စောင့်ကြည့်ဖို့တော့ လိုအပ်ပါတယ်။

References

1. Centers for Disease Control and Prevention. About Strep Throat.

2. Centers for Disease Control and Prevention. Clinical Guidance for Group A Streptococcal Pharyngitis.

3. National Institute for Health and Care Excellence. Sore Throat (Acute): Antimicrobial Prescribing.

4. National Health Service. Sore Throat.

လူကြိုက်များသောဆောင်းပါးများ

Ads Advertisement