ကျွန်တော်တို့ မြန်မာနိုင်ငံလို ပူအိုက်တဲ့ဒေသမှာနေရင် ကျောက်ကပ်ကျောက်တည်ခြင်းက အတော်ကြီးကို အတွေ့ရများတဲ့ အခြေအနေတစ်ခုပါ။ အထူးသဖြင့် အလုပ်ထဲစိတ်ရောက်ပြီး ရေဝအောင်မသောက်ဖြစ်တဲ့သူတွေ၊ အပြင်ထွက်ပြီး ချွေးထွက်များတဲ့သူတွေမှာ ပိုဖြစ်တတ်ပါတယ်။ ကျောက်ကပ်မှာ ကျောက်တည်တယ်ဆိုတာ ဆီးထဲမှာပါတဲ့ ဓာတ်ဆားတွေက အရည်နည်းသွားတဲ့အခါ အနည်ထိုင်ပြီး ခဲသွားရာကနေ တစ်ဖြည်းဖြည်းချင်း စုပြီး ဖြစ်လာတဲ့ အခြေအနေပါ။
ကျောက်ကပ်မှာ ကျောက်တည်တဲ့အခါ အဓိက ခံစားရတာက ခါးနောက်ကျောဘက်ကနေ ရုတ်တရက် အသားထဲကလှိုက်ပြီး နာလာတာမျိုးပါ။ ဒီနာကျင်မှုက ဗိုက်အောက်ပိုင်း ဒါမှမဟုတ် ပေါင်ခြံဘက်အထိ ဆင်းသွားတတ်ပြီး တော်တော်လေး ခံရခက်ပါတယ်။ တချို့ကျတော့လည်း ဆီးသွားရင် သွေးစလေးတွေပါတာ၊ ဆီးအရောင်နောက်တာ၊ ဗိုက်မအီမသာဖြစ်ပြီး အန်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ကျောက်ကပ်ကျောက်တည်တဲ့လူတိုင်းကတော့ နာမယ်လို့မဆိုလိုပါဘူး။ နာကျင်မှုမရှိဘဲ ကျောက်က ကျောက်ကပ်ထဲမှာ ငြိမ်ပြီးရှိနေတတ်တဲ့ အခြေအနေတွေလဲ ရှိပါတယ်။
တကယ်လို့များ ဆီးကျောက်တည်နေတဲ့သူမှာ ခါးနာတဲ့အပြင် ချမ်းတုန်ပြီး ဖျားလာပြီဆိုရင်တော့ ဒါဟာ ကျောက်ကြောင့် ပိုးဝင်တာမျိုး ဖြစ်နိုင်လို့ ဆေးရုံ၊ ဆေးခန်းကို ချက်ချင်းသွားဖို့ လိုပါပြီ။ အထူးသဖြင့် ဆီးလုံးဝ သွားလို့မရတော့တာ၊ အကိုက်အခဲပျောက်ဆေး သောက်ပေမယ့်လည်း လုံးဝမသက်သာဘဲ တောက်လျှောက်အန်နေတာမျိုးဆိုရင်တော့ ဒါဟာ အရေးပေါ်အခြေအနေမို့ အချိန်မဆွဲဘဲ ဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်ပါတယ်။
ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကျောက်ကပ်တစ်ခုတည်းရှိသူတွေဆိုရင် ပိုလို့တောင် သတိထားရပါမယ်။
ကုသတဲ့အခါမှာ ကျောက်က အရမ်းသေးနေမယ်ဆိုရင် ခွဲစရာ၊ စိတ်စရာမလိုဘဲ ရေများများသောက်ခိုင်းပြီး ဆီးထဲကနေ သူ့အလိုလို ကျလာအောင် စောင့်ကြည့်လို့ရပါတယ်။ ဆီးလမ်းကြောင်းကို ကျယ်စေတဲ့ဆေးမျိုးတွေနဲ့လည်း ကူညီပေးလို့ရတာပေါ့။ ကျောက်က နည်းနည်းကြီးလာရင်တော့ လှိုင်းတိုနဲ့ အပြင်ကနေ ပစ်ပြီးကျောက်ခြေတဲ့နည်း (Shock wave) ရှိသလို၊ မှန်ပြောင်းကြည့်ပြီး ကျောက်ကို ချေဖျက်ထုတ်ယူတဲ့နည်း (Ureteroscopy) တွေလည်း အခုနောက်ပိုင်း အသုံးများလာပါတယ်။ တကယ်လို့ ကျောက်က အရမ်းကြီးလွန်းနေရင်တော့ ခါးဘက်ကနေ အပေါက်သေးသေးလေးဖောက်ပြီး ကျောက်ထုတ်တဲ့နည်း (PCNL) ကို သုံးရတတ်ပါတယ်။ အရေးကြီးဆုံးကတော့ ကျောက်ကြောင့် ဆီးလမ်းကြောင်းပိတ်ပြီး ပိုးဝင်နေတဲ့ အရေးပေါ်အခြေအနေမျိုးမှာ ကျောက်ကပ်မပျက်စီးအောင် ဆီးပိုက်အရင်ထည့်ပြီး လမ်းကြောင်းဖွင့်ပေးဖို့ လိုအပ်တတ်ပါတယ်။
ဒီနေရာမှာ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ မှားယွင်းနေတဲ့ အယူအဆတချို့ကိုလည်း ပြောပြချင်ပါတယ်။ လူအများစုက နို့နဲ့ ကယ်လ်စီယမ်ပါတဲ့ အစားအသောက်တွေစားရင် ကျောက်တည်တယ်လို့ ထင်ပြီး အကုန်ရှောင်တတ်ကြပါတယ်။ တကယ်တော့ ကယ်လ်စီယမ်ကို လုံးဝဖြတ်လိုက်တာက ကျောက်တည်နိုင်ခြေကို ပိုတောင်များစေတာမို့ သင့်တင့်ရုံတော့ စားပေးရပါမယ်။ နောက်ပြီး ဆေးမြီးတိုတွေ၊ မြက်ပင်ဆေးပင်တွေနဲ့တင် ကျောက်က ပျော်သွားမယ်လို့ ယုံကြည်တတ်ကြပါတယ်။ ကျောက်အသေးလေးတွေက ရေများများသောက်လို့ သူ့အလိုလို ထွက်သွားတာမျိုးရှိပေမယ့် ကျောက်ကြီးရင် သို့မဟုတ် ပိတ်ဆို့နေရင်တော့ ဆေးရုံမှာ စနစ်တကျ ကုသမှသာ ကျောက်ကပ်ပျက်စီးတာကို ကာကွယ်နိုင်မှာပါ။ ရေကိုလည်း တစ်ခါတည်း အများကြီးသောက်လိုက်တာထက် တစ်နေ့တာလုံး အချိန်ခွဲပြီး ပုံမှန်သောက်ပေးတာကမှ ဆီးထဲက ဓာတ်ဆားတွေကို အမြဲပျော်ဝင်စေမှာ ဖြစ်ပါတယ်။
နောက်ဆုံးအနေနဲ့ အကြံပေးချင်တာကတော့ ကျောက်က တစ်ခါဖြစ်ရင် နောက်ထပ် ပြန်ဖြစ်ဖို့ လွယ်ပါတယ်။ ဒါကြောင့် ကျောက်ကပ်ကျောက်ကို အကောင်းဆုံး ကာကွယ်နည်းက “ရေ” ပါပဲ။ တစ်နေ့လုံးမှာ ဆီးအရောင်က ရေကြည်သလိုမျိုး အမြဲဖြစ်နေအောင် ရေကို အချိန်ခွဲပြီး သောက်ပေးပါ။ အငန်ကဲတာတွေ၊ အသားအလွန်အကျွံစားတာတွေကို လျှော့ပါ။ မိမိကိုယ်ကိုရော မိသားစုဝင်တွေကိုပါ ကျောက်ကပ်ကျောက်အန္တရာယ်ကနေ ကာကွယ်နိုင်ကြပါစေခင်ဗျာ။
ကိုးကားချက်များ –
• NICE Guideline (NG118)
• European Association of Urology (EAU) 2025
• NHS Health UK