ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်အရ လေ့ကျင့်ခန်းလုပ်ပြီးချိန် ဒါမှမဟုတ် ပူအိုက်တဲ့ အခြေအနေတွေမှာ ခန္ဓာကိုယ်က ချွေးနဲ့အတူ ချွေးနံ့ပါ ထွက်လာတာကို လူတိုင်း ကြုံဖူးကြပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက် ချွေးနံ့မတူကြပေမယ့် တချို့လူတွေမှာ ဘာလို့ ချွေးနံ့ပိုပြင်းတာလဲ ဆိုတာကို ဒီဆောင်းပါးလေးမှာ ဝေမျှပေးလိုက်ပါတယ်။
ပုံမှန်ထက်လွန်ကဲပြီး ခန္ဓာကိုယ်အနံ့ဆိုး ထွက်ခြင်းကို ဆေးပညာအခေါ်အဝေါ်အားဖြင့် Bromhidrosis (ဘရုမ်ဟိုက်ဒရိုးဆစ်)လို့ ခေါ်ပါတယ်။ Bromhidrosisက အများအားဖြင့် ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာ မဟုတ်ပေမယ့် မသက်သာဘဲ အနံ့စွဲနေရင်၊ ပုံမှန်ထက်ကို အနံ့အရမ်းဆိုးနေရင်တော့ လျစ်လျူမရှုသင့်ပါဘူး။ ဒီလိုအခြေအနေမျိုးဆို ကိုယ့်ဆီမှာ ချွေးထွက်လွန်တဲ့ရောဂါကြောင့်လား၊ အခြားကျန်းမာရေးပြဿနာတစ်ခုခုကြောင့်လားဆိုတာ သိဖို့လိုပါတယ်။
ခန္ဓာကိုယ်က အနံ့ဆိုးတွေ ဘယ်လိုဖြစ်လာတာလဲ?
လူ့ခန္ဓာကိုယ်အရေပြားပေါ်မှာ ရှိနေတဲ့ ဘက်တီးရီးယားတွေက ချွေးထဲမှာပါတဲ့ ပရိုတင်းတွေကို ချေဖျက်လိုက်တဲ့အခါ ထွက်လာတဲ့ အနံ့ဆိုးတွေကြောင့် ဖြစ်တာပါ။ အထူးသဖြင့် ဂျိုင်းကြားလို ပူနွေးစိုစွတ်ပြီး ချွေးဂလင်းများတဲ့ နေရာတွေမှာ ဘက်တီးရီးယား ပိုပေါက်ပွားလွယ်တာမို့ အနံ့ ပိုထွက်တတ်ပါတယ်။ အနံ့ပြင်းတာ မပြင်းတာကတော့ တစ်ယောက်နဲ့တစ်ယောက် မတူဘဲ ချွေးထွက်လွန်တာ၊ ရာသီဥတု ပူအိုက်တာ၊ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းတာ၊ လေဝင်လေထွက်မကောင်းတဲ့ အဝတ်အစားကြပ်ကြပ်တွေ ဝတ်လေ့ရှိတာ၊ လူပျိုဖော် အပျိုဖော် ဝင်ခါစ ဟော်မုန်းအပြောင်းအလဲဖြစ်တာ၊ ကြက်သွန်ဖြူနဲ့ အစပ်စာတွေ အစားများတာ၊ အရက်သောက်တာနဲ့ ကျန်းမာရေးပြဿနာတစ်ခုခုရှိနေတာတို့အပေါ် မူတည်ပြီး ပြောင်းလဲနိုင်ပါတယ်။ ဒီလိုအနံ့ဆိုးထွက်တာက လူတိုင်း ဖြစ်နိုင်ပေမယ့် လူပျိုဖော်၊ အပျိုဖော်ဝင်ပြီးသူတွေ၊ ချွေးထွက်လွန်ရောဂါရှိတဲ့သူတွေ၊ လေ့ကျင့်ခန်း မကြာခဏလုပ်သူတွေနဲ့ ရာသီဥတုပူတဲ့အချိန် အလုပ်လုပ်ရသူတွေမှာ ပိုအဖြစ်များပါတယ်။
ဒါဆို ကိုယ့်ဆီကနေထွက်တဲ့ ချွေးနံ့ဆိုးတွေကို သက်သာအောင် ဘာတွေလုပ်လို့ရမလဲ?
ချွေးနံ့ကို သက်သာစေဖို့အတွက် တစ်ကိုယ်ရေသန့်ရှင်းရေးက အဓိကပါပဲ။ ဆပ်ပြာနဲ့ ပုံမှန်ရေချိုးပြီး အနံ့ဆိုး ထွက်တတ်တဲ့ နေရာတွေကို သေချာဆေးကြောရပါမယ်။ ရေချိုးပြီးရင်လည်း ဂျိုင်း၊ ပေါင်ခြံနဲ့ ခြေထောက်တို့လို စိုစွတ်လွယ်တဲ့ နေရာတွေကို ခြောက်သွေ့အောင် သေချာသုတ်ပေးရပါမယ်။ ချည်သားလို လေဝင်လေထွက်ကောင်းပြီး ပေါ့ပါးတဲ့ အထည်တွေကို ဝတ်ဆင်ရင် ချွေးတွေကို လွယ်လွယ်နဲ့ အငွေ့ပျံစေပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းလုပ်ပြီးတိုင်း အဝတ်အစားလဲပေးဖို့နဲ့ ခြေထောက်တွေကို သန့်ရှင်းခြောက်သွေ့အောင် ထားဖို့လည်း လိုပါတယ်။
အသုံးအဆောင်ပစ္စည်းအနေနဲ့ ဂျိုင်းချွေးနံ့သက်သာစေတဲ့ Antiperspirants လိုမျိုး ချွေးပေါက်တွေကို ခဏပိတ်ပြီး ချွေးထွက်နည်းစေတဲ့ လိမ်းဆေးတွေ၊ Deodorants လိုမျိုး ဘက်တီးရီးယားတွေကို ထိန်းချုပ်ပြီး မွှေးရနံ့နဲ့ အနံ့ဆိုးတွေကို ဖုံးအုပ်ပေးတဲ့ လိမ်းဆေးတွေ သုံးပေးလို့ရပါတယ်။ အခုပြောခဲ့တဲ့ လိမ်းဆေးတွေက ချွေးမထွက်အောင် မတားနိုင်ပေမယ့် ဝယ်ရလွယ်ပြီး တစ်နေကုန် လန်းဆန်းစေဖို့ ကူညီပေးတာမို့ ရေချိုးပြီးတိုင်း ပုံမှန်သုံးပေးရင် ချွေးနံ့ကို ကောင်းကောင်း ထိန်းနိုင်ပါလိမ့်မယ်။
သဘာဝနည်းလမ်းလေးတွေနဲ့လည်း ချွေးနံ့ထိန်းကြည့်လို့ ရပါသေးတယ်။ မုန့်ဖုတ်ဆိုဒါ (Baking soda) ဟာ အရေပြားရဲ့ အချဉ်ဓာတ်ကို မျှတစေပြီး အနံ့ဆိုးကို သက်သာစေနိုင်တာမို့ ရေနဲ့ဆတူရောပြီး လိမ်းပေးနိုင်သလို၊ ရေနွေးစိမ်ထားတဲ့ ရေနွေးကြမ်းအိတ် (Green tea) ကို အအေးခံပြီး ကပ်ပေးတာကလည်း ချွေးဂလင်းတွေရဲ့ လုပ်ဆောင်ချက်ကို ခဏတာ လျှော့ချပေးလို့ ချွေးထွက်နည်းစေပါတယ်။ ဒါ့အပြင် သဖန်းသီးရှာလကာရည် (Apple cider vinegar) ဒါမှမဟုတ် သံပုရာရည်ကို ရေနည်းနည်းရောပြီး လိမ်းပေးရင်လည်း အနံ့ဆိုးဖြစ်စေတဲ့ ဘက်တီးရီးယားတွေ မပေါက်ပွားအောင် တားဆီးပေးနိုင်ပါတယ်။ ဒါပေမယ့် ဒီသဘာဝနည်းလမ်းတွေဟာ သိပ္ပံနည်းကျ သက်သေပြချက် အကန့်အသတ်ပဲ ရှိနေသေးသလို အထူးသဖြင့် အရေပြားပါးသူတွေနဲ့ ထိခိုက်လွယ်တဲ့ အသားရည်ရှိသူတွေမှာ အမဲကွက်ဖြစ်တာ၊ ယားယံတာမျိုးတွေ ဖြစ်စေနိုင်တာမို့ သတိထားပြီး သုံးစွဲသင့်ပါတယ်။
တစ်ကိုယ်ရေသန့်ရှင်းရေးလည်း ဂရုစိုက်တယ်၊ နေထိုင်မှုပုံစံလည်း ပြောင်းလဲလိုက်ပေမယ့် ချွေးနံ့ဆိုးတွေ မသက်သာသေးရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကြည့်ဖို့ အကြံပြုချင်ပါတယ်။ တခြားကျန်းမာရေးရောဂါနဲ့ မဆိုင်တဲ့ အခြေအနေမျိုးမှာဆိုရင်တော့ အများဆုံး သုံးလေ့ရှိတဲ့ ကုသမှုတစ်ခုက ဘိုတောက်စ် (Botox) ထိုးတာဖြစ်ပြီး သူက ချွေးဂလင်းတွေကို လှုံ့ဆော်တဲ့ အာရုံကြောဆိုင်ရာ အချက်ပြမှုတွေကို ပိတ်ပင်ပေးလိုက်တာကြောင့် ချွေးထွက်နည်းသွားပြီး ဘက်တီးရီးယားတွေ ပေါက်ပွားမှုကို လျှော့ချပေးတာကြောင့် ချွေးနံ့သက်သာစေပါတယ်။ ပုံမှန်ကုသမှုနည်းလမ်းတွေနဲ့ မသက်သာတဲ့ အခြေအနေမျိုးမှာတော့ ချွေးဂလင်းတွေကို ဖယ်ရှားပေးတဲ့ ခွဲစိတ်ကုသမှု နည်းလမ်းတွေကို ထည့်သွင်းစဉ်းစားနိုင်ပါတယ်။ ခန္ဓာကိုယ်အနံ့ဆိုး ဖြစ်ရတဲ့ အဓိကအကြောင်းအရင်းက တစ်ယောက်နဲ့တစ်ယောက် မတူကြတာမို့ ကိုယ်နဲ့ အသင့်တော်ဆုံး ကုသမှုကို ကျွမ်းကျင်တဲ့ အရေပြားဆရာဝန်နဲ့ သေချာဆွေးနွေးပြီးမှသာ ဆုံးဖြတ်သင့်ပါတယ်။ ဆီးချိုရောဂါ၊ ဂေါက်ရောဂါ၊ သွေးဆုံးချိန် ဟော်မုန်းအပြောင်းအလဲဖြစ်တာ၊ လည်ပင်းဂလင်း (သိုင်းရွိုက်) ရောဂါ၊ အသည်းရောဂါ၊ ကျောက်ကပ်ရောဂါနဲ့ တချို့ကူးစက်ရောဂါတွေမှာလည်း ခန္ဓာကိုယ်က ပုံမှန်ထွက်နေကျ အနံ့က ပြောင်းလဲသွားတတ်ပါတယ်။ ဥပမာအားဖြင့် ဆီးချိုရောဂါရှိသူတွေမှာ ခန္ဓာကိုယ်အနံ့ ရုတ်တရက် ပြောင်းလဲသွားတာဟာ ဆီးချိုကြောင့်ဖြစ်တဲ့ (Diabetes-related ketoacidosis) ရဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပြီး၊ သွေးထဲမှာ ကီတုန်း (Ketone) ဓာတ်တွေ မြင့်တက်လာတဲ့အတွက် ခန္ဓာကိုယ်ကနေ သစ်သီးနံ့လို ချိုအီအီအနံ့မျိုး ထွက်လာတတ်ပါတယ်။ အသည်း ဒါမှမဟုတ် ကျောက်ကပ်ရောဂါ ရှိသူတွေမှာတော့ ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေ စုပုံလာတာကြောင့် ချွတ်ဆေး (Bleach) နံ့လို အနံ့မျိုး ထွက်လာတတ်ပါတယ်။ ဒီလိုမျိုး ရောဂါအခြေအနေမျိုးမှာတော့ ဆရာဝန်တွေနဲ့ စနစ်တကျတိုင်ပင်ပြီး ဆရာဝန်တွေညွှန်ကြားတဲ့အတိုင်း လိုက်နာပြီး ကုသမှုခံယူဖို့ အရေးကြီးပါတယ်။
ကိုယ့်ခန္ဓာကိုယ်ကထွက်တဲ့ အနံ့ဆိုးတွေက ကိုယ့်အတွက်ရော ကိုယ့်ပတ်ဝန်းကျင်အတွက်ပါ စိတ်ကသိကအောက် အနည်းနဲ့အများ ဖြစ်စေနိုင်တာမို့ အပေါ်မှာပြောပြခဲ့တဲ့ နည်းလမ်းတွေအတိုင်း ဂရုစိုက်ပေးမယ်ဆိုရင် အနံ့ဆိုးတွေကို သက်သာစေပြီး နေ့စဉ်ဘဝမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပြန်လည်ရရှိလာမှာတော့ မလွဲမသွေပါပဲခင်ဗျာ…
References
• Cleveland Clinic. (2022, March 4). Body odor: Causes, changes, underlying diseases & treatment. https://my.clevelandclinic.org/…/sym…/17865-body-odor…
• NHS. (n.d.). Body odour (BO). https://www.nhs.uk/symptoms/body-odour-bo/
• International Hyperhidrosis Society. (n.d.). Bromhidrosis (odor issues). https://www.sweathelp.org/home/sweat-and-odor.html