Skip to content
Ads Advertisement

တိတ်တိတ်လေး ပြနေတတ်တဲ့ အရေပြားကင်ဆာ သတိပေးလက္ခဏာများ

အရေပြားပေါ်မှာ အနာသေးသေးလေးတစ်ခု ပေါ်လာတယ်။ ဘာမှမနာဘူး။ သွေးထွက်လိုက်၊ အနာဖေးတက်လိုက်၊ ကျက်သွားသလိုဖြစ်လိုက်နဲ့ အပြီးအပိုင်တော့ မပျောက်ဘူး။

နောက်ပြီး ခန္ဓာကိုယ်ပေါ်မှာ နှစ်ပေါင်းများစွာရှိနေတဲ့ မှဲ့တစ်လုံးကလည်း ဖြည်းဖြည်းချင်း အရောင်ပြောင်းလာတယ်၊ ပုံစံမတူတော့ဘူး၊ နည်းနည်းစီ ကြီးလာတယ်။ ဒါပေမယ့် မနာကျင်သလို နေ့စဉ်အလုပ်တွေကိုလည်း မထိခိုက်တဲ့အတွက် သတိမထားမိဘဲ လျစ်လျူရှုထားလိုက်မိတတ်တယ်။

အရေပြားပေါ်က အနာ၊ မှဲ့နဲ့ အဖုအကျိတ်အများစုဟာ ကင်ဆာမဟုတ်ပါဘူး။ ဒါပေမယ့် မကျက်နိုင်တဲ့အနာ၊ ပြောင်းလဲလာတဲ့မှဲ့နဲ့ မပျောက်ဘဲ ဆက်ကြီးလာတဲ့အဖုတွေဟာ အရေပြားကင်ဆာရဲ့ တိတ်တိတ်လေး ပြနေတတ်တဲ့ သတိပေးလက္ခဏာတွေ ဖြစ်နေနိုင်ပါတယ်။

အရေပြားကင်ဆာဟာ ရှားပါးတဲ့ရောဂါတစ်ခုတော့ မဟုတ်ပါဘူး။ နိုင်ငံတကာကင်ဆာသုတေသနအေဂျင်စီရဲ့ ခန့်မှန်းချက်အရ ၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း အရေပြားကင်ဆာလူနာအသစ် ၁.၅ သန်းကျော် ရှိခဲ့ပါတယ်။ အန္တရာယ်ပိုများတဲ့ Melanoma တစ်မျိုးတည်းမှာပင် လူနာအသစ် ၃၃၀,၀၀၀ ခန့် ရှိခဲ့ပြီး လူ ၆၀,၀၀၀ နီးပါး သေဆုံးခဲ့ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ အသက်အရွယ်ညှိပြီး ဖြစ်ပွားနှုန်းကတော့ လူတစ်သိန်းလျှင် ၃.၂ ယောက်ခန့် ဖြစ်ပါတယ်။

ရောဂါတော်တော်များများက နာကျင်မှု၊ ဖျားနာမှုတွေနဲ့ စတင်တတ်ပေမယ့် အရေပြားကင်ဆာကတော့ အစပိုင်းမှာ လုံးဝမနာဘဲ ဖြစ်နေနိုင်ပါတယ်။ တစ်ခါတစ်ရံ သူ့ရဲ့ တစ်ခုတည်းသော သတိပေးချက်က “ပြောင်းလဲလာခြင်း” ပါပဲ။

ဒါကြောင့် အရင်ကတည်းကရှိနေတဲ့ မှဲ့တစ်လုံးဟာ အရွယ်အစားကြီးလာတာ၊ ပုံစံပြောင်းလာတာ၊ အနားသတ်မညီတော့တာ၊ အရောင်တစ်ပြေးညီမဟုတ်တော့တာ၊ ဖောင်းကြွလာတာ၊ ယားယံတာ ဒါမှမဟုတ် သွေးထွက်လာတာမျိုးရှိရင် သတိထားသင့်ပါတယ်။

ဆရာဝန်တွေက မှဲ့တစ်လုံးကို စစ်ဆေးတဲ့အခါ ABCDE စည်းမျဉ်း ကို အသုံးများပါတယ်။

• A — Asymmetry: တစ်ဖက်နဲ့တစ်ဖက် ပုံစံမတူခြင်း

• B — Border: အနားသတ်မညီခြင်း

• C — Colour: အရောင်တစ်ပြေးညီမဟုတ်ခြင်း

• D — Diameter: အချင်း ၆ မီလီမီတာခန့်ထက် ကြီးခြင်း (ဒါပေမယ့် သေးနေရင်လည်း ကင်ဆာမဟုတ်ဘူးလို့ မဆိုနိုင်ပါဘူး)

• E — Evolving: အချိန်နဲ့အမျှ ပြောင်းလဲလာခြင်း

ဒီအချက်တွေထဲမှာ E—ပြောင်းလဲလာခြင်း က အရေးအကြီးဆုံးပါပဲ။

နောက်ထပ် သတိထားသင့်တာကတော့ ကိုယ့်ခန္ဓာကိုယ်ပေါ်က တခြားမှဲ့တွေနဲ့ လုံးဝမတူဘဲ သူ့ချည်းပဲ ထူးထူးခြားခြား ဖြစ်နေတဲ့ မှဲ့ ဒါမှမဟုတ် အမဲစက်ပါ။ ဒါကို “Ugly Duckling” လက္ခဏာလို့ တင်စားခေါ်ဝေါ်ကြပါတယ်။

ဝက်ခြံလိုလို၊ ပိုးကောင်ကိုက်ထားသလိုလိုနဲ့ ပေါ်လာပြီး မပျောက်ဘဲ ဆက်ကြီးလာတဲ့ မာကျောတဲ့အဖု၊ ရက်သတ္တပတ်တွေကြာတဲ့အထိ မကျက်တဲ့အနာ၊ သွေးထွက်လိုက် အနာဖေးတက်လိုက် ပြန်ဖြစ်နေတဲ့အနာတွေကိုလည်း ပေါ့ပေါ့ဆဆ မထားသင့်ပါဘူး။

အသားအရောင်ညို/မည်းသူတွေမှာ အရေပြားကင်ဆာ လုံးဝမဖြစ်ဘူးလို့ ထင်တတ်ကြပါတယ်။ တကယ်တော့ အာရှလူမျိုးတွေမှာ Melanoma ဖြစ်ပွားနှုန်းက ကမ္ဘာ့ပျမ်းမျှထက် နည်းပေမယ့် လုံးဝမဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။

အသားအရောင်ညို/မည်းသူတွေမှာ Melanoma ဖြစ်လာတဲ့အခါ နေရောင်တိုက်ရိုက်မထိတွေ့တဲ့ လက်ဖဝါး၊ ခြေဖဝါးနဲ့ လက်သည်းခြေသည်းအောက် မှာ ဖြစ်တဲ့ Acral melanoma အမျိုးအစားက အချိုးအစားပိုများပါတယ်။ ဒါကြောင့် ရေချိုးရင်း၊ အဝတ်အစားလဲရင်း ဒီနေရာတွေကိုပါ ရံဖန်ရံခါ ကြည့်ရှုသင့်ပါတယ်။ အမဲစက်တိုင်း၊ လက်သည်းပေါ်က အမည်းလိုင်းတိုင်းက ကင်ဆာမဟုတ်ပေမယ့် အသစ်ဖြစ်လာတာ၊ ကျယ်လာတာနဲ့ အရောင်ပြောင်းလာတာတွေရှိရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

ဒီလို သံသယဖြစ်ဖွယ် လက္ခဏာတစ်ခုခုတွေ့ရင် ဖုန်း Application နဲ့ စစ်ပြီး ကင်ဆာဟုတ်၊ မဟုတ် ကိုယ်တိုင်ဆုံးဖြတ်တာ၊ မသေချာတဲ့ အိမ်သုံးဆေးတွေ လျှောက်လိမ်းနေတာမျိုး မလုပ်သင့်ပါဘူး။ အရေပြားကို စစ်ဆေးခြင်း၊ အထူးမှန်ဘီလူးနဲ့ ကြည့်ခြင်းနဲ့ လိုအပ်ရင် အသားစယူစစ်ဆေးခြင်း (Biopsy) ပြုလုပ်ပြီးမှသာ ရောဂါကို အတည်ပြုနိုင်ပါတယ်။

အားတက်စရာကောင်းတာကတော့ အရေပြားကင်ဆာအများစုကို စောစောသိရင် အောင်မြင်စွာ ကုသနိုင်တာပါပဲ။ ခန္ဓာကိုယ်အခြားနေရာကို မပျံ့နှံ့သေးတဲ့အချိန်မှာ ခွဲစိတ်ဖယ်ရှားနိုင်ရင် ကုသမှုက ပိုရိုးရှင်းပြီး ရလဒ်လည်း ပိုကောင်းနိုင်ပါတယ်။ အချိန်ဆွဲထားမှသာ သေးသေးလေးဖြစ်နေတဲ့အဖုက ကုသရခက်တဲ့ ပြဿနာကြီးတစ်ခု ဖြစ်သွားနိုင်ပါတယ်။

အရေပြားကင်ဆာဖြစ်စေတဲ့ အကြောင်းအရာတွေထဲကမှ ကာကွယ်နိုင်သော အဓိကအကြောင်းရင်းက နေရောင်ခြည်ကလာတဲ့ ခရမ်းလွန်ရောင်ခြည် (UV) ပါ။ နိုင်ငံတစ်ကာ ကင်ဆာလေ့လာရေးအဖွဲ့ (IARC) ရဲ့ ၂၀၂၅ ခုနှစ် လေ့လာချက်အရ ၂၀၂၂ ခုနှစ်မှာ တွေ့ရှိခဲ့တဲ့ အရေပြားပေါ်က Melanoma လူနာ ၅ ယောက်မှာ ၄ ယောက်ကျော်၊ အရေအတွက်အားဖြင့် ၃၃၂,၀၀၀ ထဲက ၂၆၇,၀၀၀ ခန့် ဟာ UV ရောင်ခြည်ထိတွေ့မှုနဲ့ ဆက်စပ်နေပါတယ်။

ဒါကြောင့် နေရောင်အပြင်းဆုံးအချိန်မှာ မလိုအပ်ဘဲ နေပူထဲ အကြာကြီးမနေဖို့၊ အရိပ်ထဲနေဖို့၊ အင်္ကျီလက်ရှည်ဝတ်ဖို့၊ အနားကျယ်တဲ့ဦးထုပ်ဆောင်းဖို့နဲ့ နေကာမျက်မှန်တပ်ဖို့ လိုပါတယ်။

အဝတ်အစားနဲ့ မဖုံးနိုင်တဲ့ မျက်နှာ၊ လည်ပင်းနဲ့ လက်မောင်းလိုနေရာတွေမှာ အနည်းဆုံး SPF 30 ပါတဲ့ နေလောင်ကာခရင်မ်တွေကို လုံလောက်စွာ လိမ်းနိုင်ပါတယ်။ နေရောင်ထဲမှာ ဆက်ရှိနေမယ်ဆိုရင် နှစ်နာရီခန့်ကြာတိုင်း၊ ရေကူးပြီးချိန်၊ တဘက်နဲ့သုတ်ပြီးချိန်နဲ့ ချွေးအရမ်းထွက်ပြီးချိန်တွေမှာ ပြန်လိမ်းပေးရပါမယ်။

အချုပ်အားဖြင့်ပြောရရင် ကိုယ့်အရေပြားရဲ့ ပုံမှန်အခြေအနေကို ရံဖန်ရံခါ အချိန်ပေးပြီး ကြည့်ရှုပါ။ မကျက်နိုင်တဲ့အနာတစ်ခု၊ ပုံစံပြောင်းလာတဲ့ မှဲ့တစ်လုံးနဲ့ မပျောက်ဘဲ ဆက်ကြီးလာတဲ့အဖုတစ်ခုက သင့်ကို တစ်ခုခု ပြောပြနေတာ ဖြစ်နိုင်ပါတယ်။

အသစ်ဖြစ်လာတာ၊ ပြောင်းလဲလာတာ၊ သွေးထွက်တာ၊ ကြီးထွားလာတာ ဒါမှမဟုတ် မကျက်နိုင်တာတွေကို တွေ့ရင် အလေးအနက်ထားဖို့နဲ့ နာကျင်လာမယ့်အချိန်အထိ စောင့်မနေဖို့ လိုပါတယ်။

References

1. International Agency for Research on Cancer (IARC). Skin cancer: global burden and melanoma estimates for 2022.

2. International Agency for Research on Cancer (IARC). Global burden of cutaneous melanoma attributable to ultraviolet radiation, 2025.

3. World Health Organization (WHO). Ultraviolet radiation: health effects and prevention.

4. National Cancer Institute (NCI). Skin Cancer Treatment and Melanoma Treatment—Patient Version.

5. American Academy of Dermatology (AAD). The ABCDE warning signs and symptoms of melanoma.

လူကြိုက်များသောဆောင်းပါးများ

Ads Advertisement