Skip to content
Ads Advertisement

မက်ကလောင်ခြစ်ခြင်းအလေ့အထ

မက်ကလောင်ခြစ်ခြင်း၊ ရှားခြစ်ခြင်းဆိုတာ ရှေးလူကြီးသူမတွေနဲ့အတူ

ကြီးပြင်းလာခဲ့သူအများစုအတွက် မစိမ်းလှတဲ့ အလေ့အထတစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့်ကျန်းမာရေးစောင့်ရှောက်မှုရယူဖို့ ခက်ခဲခဲ့တဲ့ အချို့ဒေသတွေမှာ အဖျားတက်တာ၊ကိုယ်လက်ကိုက်ခဲတာ၊ ဇက်ကြောတက်တာတွေဖြစ်လာရင် အလွယ်တကူ အားကိုးခဲ့ကြတဲ့အိမ်တွင်းကုသနည်းတစ်မျိုးလည်း ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ သိပ္ပံနည်းကျ လေ့လာချက်တွေအရ မက်ကလောင်ခြစ်ခြင်းက အချို့လူတွေမှာ

နာကျင်မှုနဲ့ မသက်မသာဖြစ်မှုကို ခဏတာသက်သာသလို ခံစားရစေနိုင်ပေမဲ့ ရောဂါရဲ့

အခြေခံအကြောင်းရင်းကို ကုသပေးနိုင်တဲ့ နည်းလမ်းမဟုတ်ပါဘူး။ အန္တရာယ်ရှိတဲ့

ကိရိယာတွေကို အသုံးပြုတာ၊ လူတစ်ဦးနဲ့တစ်ဦး ခြစ်တဲ့ကိရိယာမျှဝေတာ ဒါမှမဟုတ်

သွေးယိုလွယ်တဲ့ ကျန်းမာရေးအခြေအနေရှိချိန်မှာ ခြစ်တာတွေက မလိုလားအပ်တဲ့

နောက်ဆက်တွဲပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။

မက်ကလောင်ခြစ်ခြင်းဟာ Gua sha လို့ခေါ်တဲ့ အရှေ့အာရှရိုးရာကုထုံးတစ်မျိုးနဲ့

ဆင်တူပါတယ်။ Gua ဆိုတာ ခြစ်ခြင်းကို ဆိုလိုပြီး sha ဆိုတာကတော့ ခြစ်ပြီးနောက်

အရေပြားပေါ်မှာ ပေါ်လာတဲ့ အနီရောင်၊ ခရမ်းရောင် အစက်အပြောက်နဲ့ အကွက်တွေကို

ရည်ညွှန်းတာ ဖြစ်ပါတယ်။ ရိုးရာအယူအဆအရ အရောင်ရင့်လေလေ ခန္ဓာကိုယ်ထဲက “အပူ”၊

“လေ”၊ “သွေးပုတ်” ဒါမှမဟုတ် မကောင်းတဲ့စွမ်းအင်တွေ ပိုထွက်သွားလေလေလို့

ယုံကြည်ခဲ့ကြပါတယ်။

သိပ္ပံနည်းကျ ရှင်းပြရရင်တော့ ဒီအနီရောင်နဲ့ ခရမ်းရောင်အကွက်တွေဟာ အပူ၊

အဆိပ်အတောက် ဒါမှမဟုတ် သွေးပုတ်တွေ ခန္ဓာကိုယ်ထဲက ထွက်လာတာမဟုတ်ပါဘူး။

အရေပြားကို ဖိပြီး ထပ်ခါထပ်ခါ ပွတ်တိုက်ခြင်းကြောင့် အရေပြားအောက်မှာရှိတဲ့

သွေးကြောငယ်တွေ ထိခိုက်ပြီး သွေးအနည်းငယ် ယိုစိမ့်လာတာ ဖြစ်ပါတယ်။

အစက်သေးသေးလေးတွေကို petechiae လို့ခေါ်ပြီး အကွက်ကြီးကြီး သွေးခြည်ဥတာကိုတော့

ecchymosis လို့ခေါ်ပါတယ်။

မက်ကလောင်ခြစ်ပြီးနောက် နာကျင်မှု ခဏတာသက်သာသလို ခံစားရနိုင်ပါတယ်။ ဒါဟာ

ဖိအားပေးခြင်းနဲ့ ပွတ်တိုက်ခြင်းကြောင့် နာကျင်မှုအချက်ပြမှု ခဏတာပြောင်းလဲသွားတာ၊

ကြွက်သားတင်းအား ပြောင်းလဲတာ ဒါမှမဟုတ် ကုသမှုအပေါ် မျှော်လင့်ချက်ကြောင့်

သက်သာသလို ခံစားရတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အရိုးအဆစ်နဲ့

ကြွက်သားနာကျင်မှုအတွက် ထိရောက်မှုရှိကြောင်း လုံလောက်တဲ့

လက်ရှိသုတေသနအထောက်အထား မရှိသေးပါဘူး။

အလားတူပဲ မက်ကလောင်ခြစ်ခြင်းက ခန္ဓာကိုယ်အတွင်းပိုင်းအပူချိန်ကို

ယုံကြည်စိတ်ချရလောက်အောင် လျော့ကျစေနိုင်တယ်၊ ဒါမှမဟုတ် အဖျားဖြစ်စေတဲ့ ဗိုင်းရပ်စ်နဲ့

ဘက်တီးရီးယားပိုးတွေကို ဖယ်ရှားပေးနိုင်တယ်ဆိုတဲ့ ခိုင်လုံတဲ့ အထောက်အထား

မရှိသေးပါဘူး။ သုတေသနတွေမှာ အဖျားကို တိုက်ရိုက်လျော့ကျစေတာထက်

ခြစ်ထားတဲ့နေရာက အရေပြားအတွင်း သွေးလည်ပတ်မှုနဲ့ ဒေသတွင်းအပူချိန်

မြင့်တက်လာတာကိုသာ တွေ့ရှိထားပါတယ်။

ဒါပေမဲ့ မက်ကလောင်ခြစ်ပြီးနောက် လူနာက အဖျားကျသွားသလို ဒါမှမဟုတ်

ပိုသက်သာသွားသလို ခံစားရနိုင်ပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းတွေထဲမှာ ခြစ်ပြီးနောက်

အနားယူရတာ၊ ချွေးထွက်တာ၊ အရေပြားပေါ်က ရေ ဒါမှမဟုတ် ဆီ အငွေ့ပျံသွားတာ၊

နာကျင်မှုခဏတာသက်သာသွားတာနဲ့ အဖျားက သဘာဝအလျောက်

တက်လိုက်ကျလိုက်ဖြစ်နေတာတို့ ပါဝင်နိုင်ပါတယ်။ အဖျားက အဲဒီအချိန်နဲ့ တိုက်ဆိုင်ပြီး

သူ့အလိုလို စတင်ကျဆင်းလာတာလည်း ဖြစ်နိုင်ပါတယ်။

ရိုးရာ Gua sha ကုထုံးမှာ ကျောက်စိမ်းပြား၊ ဦးချို၊ ကြွေဇွန်း ဒါမှမဟုတ် အစွန်းချောမွေ့ပြီး

အသွားမထက်တဲ့ ကိရိယာတွေကို အသုံးပြုကြပါတယ်။ မြန်မာနိုင်ငံမှာတော့ နို့ဆီဘူးခွံ၊

ပုလင်းအဖုံး၊ ကြေးဇွန်း၊ စတီးဇွန်းနဲ့ တစ်ခါတစ်ရံ ကတ်ကြေးလို အသွားရှိတဲ့ ပစ္စည်းတွေအထိ

အသုံးပြုတာတွေ ရှိပါတယ်။ အသွားထက်တဲ့ပစ္စည်းတွေကြောင့် အရေပြားပေါက်ပြဲခြင်း၊

နာကျင်ခြင်း၊ သွေးထွက်ခြင်း၊ အမာရွတ်ကျန်ခြင်းနဲ့ အရေပြားပိုးဝင်ခြင်းတွေ ဖြစ်နိုင်ပါတယ်။

ပိုပြီး သတိထားရမယ့်အချက်က ကိရိယာတစ်ခုတည်းကို မိသားစုဝင်တွေနဲ့ အခြားလူတွေကြား

မျှဝေအသုံးပြုခြင်း ဖြစ်ပါတယ်။ အရေပြားပေါ်မှာ မျက်စိနဲ့မြင်ရတဲ့ သွေးမထွက်ရင်တောင်

သွေးဆဲလ်နဲ့ ကူးစက်နိုင်တဲ့ အညစ်အကြေးအနည်းငယ်ဟာ အရေပြားမျက်နှာပြင်နဲ့

ကိရိယာပေါ်ကို ရောက်လာနိုင်ပါတယ်။ ဒါကြောင့် သွေးနဲ့ထိတွေ့နိုင်တဲ့ ကိရိယာကို စနစ်တကျ

ပိုးသတ်မထားဘဲ တခြားလူအတွက် ပြန်သုံးရင် သွေးမှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေ

ကူးစက်နိုင်ခြေရှိပါတယ်။ ရေနဲ့ဆေးချရုံ၊ အဝတ်နဲ့သုတ်ရုံ ဒါမှမဟုတ် အရက်ပြန်နည်းနည်းနဲ့

သုတ်ရုံနဲ့ ဘေးမကင်းနိုင်ပါဘူး။

နောက်ထပ်အရေးကြီးဆုံးအချက်တစ်ခုက သွေးလွန်တုပ်ကွေး သံသယရှိချိန်မှာ

မက်ကလောင်မခြစ်သင့်တာ ဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေး ဖြစ်နေချိန်မှာ

သွေးဥမွှားအရေအတွက် ကျဆင်းလာနိုင်သလို သွေးကြောတွေကနေ သွေးယိုလွယ်လာတာနဲ့

သွေးခဲစနစ် ပြောင်းလဲတာတွေကြောင့် အရေပြားပေါ်မှာ အနီစက်၊ ခရမ်းရောင်အကွက်နဲ့

သွေးခြည်ဥတာတွေ ဖြစ်လာနိုင်ပါတယ်။ မက်ကလောင်ခြစ်ထားတဲ့ အနီစက်နဲ့

ခရမ်းရောင်အကွက်တွေဟာ သွေးလွန်တုပ်ကွေးကြောင့်ဖြစ်လာတဲ့ သွေးယိုလက္ခဏာတွေနဲ့

ဆင်တူနိုင်တာကြောင့် လူနာရဲ့အရေပြားလက္ခဏာကို စစ်ဆေးရာမှာ ရှုပ်ထွေးစေနိုင်ပါတယ်။

သွေးဥမွှားနည်းနေသူကို ထပ်ပြီးခြစ်မိရင် သွေးခြည်ဥတာနဲ့ သွေးယိုတာလည်း

ပိုများလာနိုင်ပါတယ်။

ဒါ့အပြင် မွေးရာပါသွေးမတိတ်ရောဂါရှိသူတွေ၊ သွေးဥမွှားနည်းသူတွေ၊ သွေးကျဲဆေး သို့မဟုတ်

သွေးဥမွှားအလုပ်လုပ်မှုကို တားဆီးတဲ့ဆေးတွေ သောက်နေရသူတွေ၊

အသည်းရောဂါပြင်းထန်သူတွေ၊ အရေပြားပါးလွယ်သူတွေ၊ အနာ၊ အပူလောင်ဒဏ်ရာ၊

အရေပြားရောင်ရမ်းခြင်း ဒါမှမဟုတ် အရေပြားပိုးဝင်ခြင်းရှိသူတွေမှာလည်း

မက်ကလောင်ခြစ်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

ရှေးယခင်က ဆေးဘက်ဆိုင်ရာအသိပညာနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရရှိနိုင်မှု

အကန့်အသတ်ရှိခဲ့ချိန်မှာ မက်ကလောင်ခြစ်ခြင်းဟာ နာမကျန်းဖြစ်သူကို တစ်စုံတစ်ရာ

ပြုစုပေးနေတယ်ဆိုတဲ့ စိတ်သက်သာမှုနဲ့ အားပေးမှုကို ပေးနိုင်ခဲ့တဲ့ အိမ်တွင်းအလေ့အထတစ်ခု

ဖြစ်ခဲ့နိုင်ပါတယ်။ ဒါပေမဲ့ မက်ကလောင်ခြစ်ပြီး ခဏတာသက်သာသလို ခံစားရတာကြောင့်

အဖျားဖြစ်စေတဲ့ ရောဂါအကြောင်းရင်း၊ နာကျင်မှုနောက်ကွယ်က ကျန်းမာရေးပြဿနာ

ဒါမှမဟုတ် သွေးယိုခြင်းလို အရေးကြီးလက္ခဏာတွေကို လျစ်လျူရှုမိနိုင်ပါတယ်။

ပိုပြီးအန္တရာယ်ရှိတာက “အရင်မက်ကလောင်ခြစ်ကြည့်ပြီးမှ မသက်သာရင် ဆေးခန်းသွားမယ်”

ဆိုတဲ့အမြင်ကြောင့် လိုအပ်တဲ့ ဆေးစစ်ကုသမှု နောက်ကျသွားနိုင်ခြင်း ဖြစ်ပါတယ်။

ဒါကြောင့် မက်ကလောင်ခြစ်ခြင်းကို ရောဂါရှာဖွေခြင်းနဲ့ ဆေးကုသခြင်းအစား

အသုံးမပြုသင့်ပါဘူး။ အထူးသဖြင့် အဖျားကြာရှည်ခြင်း၊ အလွန်အားနည်းခြင်း၊

ဆက်တိုက်အန်ခြင်း၊ ပြင်းထန်တဲ့ဗိုက်နာခြင်း၊ အသက်ရှူခက်ခြင်း၊ အနီစက်ထွက်ခြင်း

ဒါမှမဟုတ် သွေးယိုလက္ခဏာတွေရှိလာရင် မက်ကလောင်မခြစ်ဘဲ အချိန်မီ

ဆေးကုသမှုခံယူဖို့က အရေးကြီးပါတယ်။ ရိုးရာအလေ့အထကို လေးစားနိုင်ပေမဲ့

လူနာရဲ့ဘေးကင်းလုံခြုံမှုနဲ့ အချိန်မီကုသမှုကိုတော့ အမြဲဦးစားပေးရပါမယ်။

References

1. Nielsen A, Knoblauch NTM, Dobos GJ, Michalsen A, Kaptchuk TJ. The effect of

Gua Sha treatment on the microcirculation of surface tissue: a pilot study

in healthy subjects. Explore (NY). 2007;3(5):456–466.

doi:10.1016/j.explore.2007.06.001.

2. Lee MS, Choi TY, Kim JI, Choi SM. Using Guasha to treat musculoskeletal

pain: a systematic review of controlled clinical trials. Chinese Medicine.

2010;5:5. doi:10.1186/1749-8546-5-5.

3. World Health Organization. Dengue: Guidelines for Diagnosis, Treatment,

Prevention and Control. New edition. Geneva: World Health Organization;

2009.

လူကြိုက်များသောဆောင်းပါးများ

Ads Advertisement