Skip to content
Ads Advertisement

ခေတ်စားနေတဲ့ တစ်ခါထိုး ပိန်ဆေး

“ဒီ့ထက်ပိုပြီး ပိန်ချင်တာ။ အရမ်းပိန်ချင်လို့ကို ဆေးထိုးတာ။ ဆေးထိုးတဲ့အချိန် လေးခေါက်မြောက်မှာ စအောင့်တာ။ အောင့်တော့ အစာအိမ်ပဲ ဖြစ်နေတယ် ထင်တာ။ နောက်တစ်ခေါက် ထိုးလိုက်သေးတယ်။ ထိုးပြီးတော့မှ တော်တော်အောင့်တော့ မဖြစ်တော့ဘူးဆိုပြီး ဆေးရုံသွားပြတော့မှ အူမကြီး ယောင်နေတာ။ ပြောရမယ်ဆိုရင် တခါမှ မဖြစ်ဖူးဘူးလေ” လို့ အဆိုတော်ပိုပိုက ပြောပါတယ်။ သူ ပြောပြတာက တစ်ခါထိုး ပိန်ဆေးကြောင့် ထိုးလို့ ကြုံခဲ့ရတဲ့ ဖြစ်စဉ်ပါ။

မြန်မာနိုင်ငံမှာ ငွေကြေးတတ်နိုင်တဲ့ အမျိုးသမီးအများစုဟာ ကိုယ်အလေးချိန် လျော့ကျဖို့အတွက် ထိုးဆေး၊ သောက်ဆေးနဲ့ သဘာဝဆေး အမည်ခံ တရားမဝင် ဓာတုဆေးဝါးတွေကို သုံးစွဲနေကြတာ ရှိပါတယ်။ အဲဒီအထဲမှာမှ ဝိတ်မြန်မြန်ကျစေတဲ့အတွက် တစ်ခါထိုး ပိန်ဆေးလို့ အများစုက လွယ်လွယ်ကူကူခေါ်နေကြတဲ့ Mounjaro လို ဆေးမျိုး၊ Semaglutide လို ဆေးတွေကို အသုံးပြုမှုက ပိုများလာနေပါတယ်။

​”ဆေးထိုးလိုက်တာနဲ့ သိသိသာသာကျတယ်” လို့ အဲဒီဆေးကို သုံးစွဲဖူးတဲ့ မနန္ဒာအောင် (အမည်လွှဲ) က ဆိုပါတယ်။

Mounjaro ဆေးဟာ ဆီးချိုရောဂါရှိသူတွေရဲ့ သွေးတွင်းသကြားဓာတ် ထိန်းဖို့အတွက် ရည်ရွယ်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ဒီဆေးဟာ အစာစားချင်စိတ်ကို ထိန်းပေးတဲ့အပြင် အစာခြေစနစ်ကိုလည်း နှေးကွေးစေတဲ့အတွက်ကြောင့် အစာ သိပ်မစားတော့တာမျိုး ဖြစ်စေပြီး အမျိုးသမီးငယ်အများစုကတော့ ဆရာဝန်ညွှန်ကြားချက်နဲ့ မဟုတ်ဘဲ ကိုယ့်ဘာသာကိုယ် ဝယ်ယူသုံးစွဲမှုတွေလည်း ရှိနေပါတယ်။

“ဒီဆေးက ဆရာဝန်ညွှန်ကြားချက်နဲ့ပဲ သုံးရတဲ့ဆေးပါ။ အခုက ကိုယ့်သဘောနဲ့ကိုယ် သုံးနေတဲ့ သူတွေလည်းရှိတယ်။ အဓိက ဝိတ်ကျအောင်လုပ်တာပေါ့” လို့ ဒေါက်တာ တင်စိုးမိုး (မြိတ်အခမဲ့ဆေးခန်း) က ရှင်းပြပါတယ်။

တစ်ခါထိုး ပိန်ဆေးတွေမှာ တစ်ပတ် တစ်ခါထိုးရတဲ့ ဆေးမျိုးလည်းရှိပြီးတော့ မြန်မာငွေ ၁၈ သိန်းကနေ သိန်း ၃၀ ကျော်အထိ အစားစား ရှိပါတယ်။ ရက်သတ္တပတ်တိုင်း ထိုးရတဲ့အတွက်ကြောင့် တစ်ပတ်စာအတွက် တစ်ခါထိုးလျှင် အနိမ့်ဆုံးပမာဏ 2.5 mg တစ်ချောင်းကို ကျပ် လေးသိန်းခွဲဝန်းကျင်ကနေ စပြီး ဆေးပမာဏ အမြင့်ဆုံး 15 mg တစ်ချောင်းကို ကျပ် ရှစ်သိန်းကျော်အထိ ရှိကာ ဆေးရရှိပေါ်မှာ မူတည်ပြီးတော့လည်း ဈေးနှုန်းတက်အကျရှိတယ်လို့ ဆေးဝါးဈေးကွက်အတွင်းကနေ သိရပါတယ်။

ပိန်ဆေးအဖြစ် သုံးနေကြတဲ့ Mounjaro ဆေးကို အိန္ဒိယ၊ ထိုင်း၊ ကိုရီးယားနိုင်ငံတွေကနေ တင်သွင်းလေ့ရှိပြီး လက်ရှိအချိန်မှာ မှောင်ခိုတင်သွင်းမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ အဲဒီ တစ်ခါထိုးပိန် ဆေးဟာ အပူချိန် နှစ် ဒီဂရီကနေ ရှစ်ဒီဂရီစင်တီဂရိတ်အတွင်း အမြဲအအေးပေးထားရတဲ့ Cold Chain ဆေးအမျိုးအစားဖြစ်ပြီး သတ်မှတ်ထားတဲ့ အပူချိန်မှာ မထားရင် အာနိသင်ပျက်ယွင်းတယ်လို့ ဆေးဝါးကျွမ်း ကျင်သူတစ်ဦးက အခုလို ပြောပါတယ်။ “ဒီဆေးက ထားချင်တိုင်း ထားလို့မရဘူး။ သိုလှောင်မှုစနစ် သေချာမရှိရင် ထိုးလည်း အာနိသင်မရှိဘူး”။

လူမှုကွန်ရက်စာမျက်နှာတွေမှာ တစ်ခါထိုးပိန်ဆေးကို အလွယ်တကူ ဝယ်ယူသုံးစွဲနေကြပြီးတော့ ဘေးထွက်ဆိုးကျိုး ခံစားရတဲ့ဖြစ်စဉ်တွေကိုလည်း ရှိနေပါတယ်။

​”အခုက TikTok ပေါ်မှာရော၊ Facebook ပေါ်မှာရော တစ်ခါထိုးပိန်ဆေးဆိုပြီး ရောင်းနေကြတယ်။ ဝယ်တဲ့သူတွေကလည်း ဝယ်နေကြတာပဲ။ အဲဒီဆေးက ကိုယ့်ဘာသာကိုယ် ဝယ်ပြီး ထိုးလို့မရဘူး။ ဆရာဝန် ညွန်ကြားချက်နဲ့ပဲ သုံးရတဲ့ဆေးပါ။ ဘေးထွက်ဆိုးကျိုးတွေ တော်တော်များတယ်။ သူက ဆီးချိုဆေးဖြစ်တော့ ဆီးချိုသမားဆိုတာက အစာသိပ်စားလို့မရဘူး၊ ဒီဆေးထိုးရင် အစာစားချင်စိတ်ကို လျော့စေတယ်။ ဝိတ်လည်း ကျတယ်။ ဆိုးကျိုးကတော့ အစာအိမ်ယောင်တာ အများဆုံးဖြစ်တတ်တယ်။ တခြား ဆိုးကျိုးတွေလည်းရှိတယ်” လို့ ဒေါက်တာတင်စိုးမိုးက ဆိုပါတယ်။

တစ်ခါထိုး ပိန်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ ဆေးစထိုးတဲ့အချိန်မှာ ပျို့တာ၊ အန်တာ၊ ဝမ်းလျှောတာ၊ ဝမ်းချုပ်တာတွေကို ခံစားရစေပါတယ်။ အစာအိမ်ရောဂါနဲ့ ပတ်သက်ပြီး ဖြစ်ဖူးတဲ့သူတွေ အနေနဲ့ကတော့ အသုံးမပြုသင့်ဘူးလို့ ဆရာဝန်အများစုက ဆိုကြသလို ဆေးထိုးသူအများစုဟာ ရေရှည်မှာ အစာအိမ် ယောင်တာနဲ့ အာဟာရချို့တဲ့တာတွေကို ခံစားရလိမ့်မယ်လို့ ဆိုပါတယ်။

​”ဝိတ်တော့ ကျသွားတယ်။ ဒီဆေးကြောင့် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ မထိုးရဲတော့ဘူး။ ငယ်ငယ်လေးကတည်းကနေ ဒီအသက်အရွယ်အထိကို အစာအိမ်နဲ့ ပတ်သက်ပြီး မဖြစ်ဖူးဘူး။ ပိုပို့လောက် အစုံစားတာ၊ ဟိုဟာရောစား ဒီဟာရောစား တတ်တဲ့သူတောင်မှ အဲဒီလိုမျိုးဖြစ်တယ်ဆိုတော့ စိတ်ပူပြီး ကြောက်သွားတာ။ အဲဒါနဲ့ ဆက်တော့ မထိုးဖြစ်တော့ဘူး။ ဖြစ်တုန်းကတော့ အူရောင်တာ အစားအသောက် ကြောင့်လည်း ဖြစ်နိုင်တာပေါ့လေ။ Maybe ပေါ့။ အဲဒီမတိုင်ခင်က ငရုတ်သီးတို့၊ ငါးပိရည်တို့ နည်းနည်းစားမိ တယ်။ အများကြီးစားတာတော့ မဟုတ်ဘူး။ သို့သော် ဒါကလည်း ဖြစ်နိုင်တာပဲလေ။ ဒါပေမဲ့ အခုလည်း စားတယ်၊ ဒါပေမဲ့ မဖြစ်ဘူး။ ဆိုတော့ အဲဒီဆေးထိုးတဲ့ ကာလအတွင်းမှာ ပိုဖြစ်သွားတာပေါ့နော်။ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အခုတော့ “ပို” ကိုယ်တိုင် သတိထားမယ်ပေါ့။ ပရိတ်သတ်တွေလည်း သတိထားစေချင်ပါတယ်။ ဒါကလည်း ဆေးထိုးတဲ့သူတွေအကုန်လုံးကို စိတ်ပျက်သွားအောင် ပြောတာတော့ မဟုတ်ပါဘူး။ ဒီဆေးကြောင့်လည်း ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ သေချာတာကတော့ တစ်ခါမှတော့ အဲဒီလိုမျိုး မဖြစ်ဖူးဘူး။ မဖြစ်ဘဲနဲ့ တိုက်တိုက်ဆိုင်ဆိုင် လာဖြစ်သွားတော့ နည်းနည်းကြောက်သွားတာပေါ့” လို့ နာမည်ကျော်အမျိုးသမီးတေးသံရှင်ပိုပိုက ပြောပါတယ်။

အမျိုးသမီးတွေအနေနဲ့ ခန္ဓာကိုယ်ဝိတ်လျော့ကျစေဖို့အတွက် တစ်ခါထိုးပိန်ဆေးကို လွဲမှားစွာ အသုံး ပြုတာထက် ဆရာဝန်ညွှန်ကြားချက်နဲ့ အသုံးပြုရမှာဖြစ်ပြီးတော့ အကောင်းဆုံးကတော့ နေ့စဉ် လေ့ကျင့်ခန်းလုပ်တာက အကောင်းဆုံးလို့ ဒေါက်တာ တင်စိုးမိုးက ပြောပါတယ်။

“အကောင်းဆုံးက လေ့ကျင့်ခန်းလုပ်တာ အကောင်းဆုံးပါ။ ဟိုဆေး ဒီဆေးထိုးတာက မလုပ်သင့်ဘူး။ သုံးမယ်ဆိုရင်လည်း ဆရာဝန်ညွှန်ကြားချက်နဲ့လုပ်တာ အကောင်းဆုံးပဲ” လို့ ဆိုပါတယ်။​

​တစ်ခါထိုးပိန်ဆေးတွေ ဖြစ်တဲ့ Mounjaro နဲ့ Wegovy တွေဟာ သုံးစွဲချိန်မှာသာ ကိုယ်အလေးချိန် ကျလေ့ရှိပြီး ဆေးထိုးတာ ရပ်တန့်လိုက်မယ်ဆိုရင် နောက်ပိုင်းမှာ ပြန်ဝလာနိုင်ခြေရှိတယ်လို့ ဗြိတိသျှ ဆေးဂျာနယ်မှာ ဖော်ပြထားပါတယ်။

အဲဒီ ထိုးဆေးတွေနဲ့ ဝိတ်ချတဲ့ အဝလွန်သူတွေဟာ ထိုးဆေးတွေသုံးနေချိန်မှာ ကိုယ်အလေးချိန် စုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းခန့်အထိ လျော့ကျနိုင်ပေမယ့် ဆေးသုံးစွဲမှု ရပ်လိုက်ပြီးနောက်မှာတော့ လစဉ် ပျမ်းမျှ ဝ.၈ ကီလိုဂရမ်ခန့် ပြန်တက်လာတယ်လို့ ဗြိတိသျှဆေးဂျာနယ်မှာ ဖော်ပြထားပါတယ်။

#ဆီးချို

#ပိန်ဆေး

#တစ်ခါထိုး

#အစာအိမ်

လူကြိုက်များသောဆောင်းပါးများ

Ads Advertisement