Skip to content
Ads Advertisement

ရာသီစက်ဝန်းကြောင့် ကိုယ်ခံအားနဲ့ ကာကွယ်ဆေးတုံ့ပြန်မှု ပြောင်းလဲနိုင်သလား

အမျိုးသမီးတွေဟာ လစဉ်ဓမ္မတာဖြစ်စဉ် (သို့) ရာသီလာချိန်မှာ ခန္ဓာကိုယ်အပြောင်းအလဲတွေနဲ့အတူ ကိုယ်ခံအားစနစ်ရဲ့ လုပ်ဆောင်ပုံကလည်း ရာသီစက်ဝန်းတစ်လျှောက် အနည်းငယ်ပြောင်းလဲနေပါတယ်။

အမျိုးသမီးတွေရဲ့ ရာသီစက်ဝန်းကို အီစထရိုဂျင် (estrogen) နဲ့ ပရိုဂျက်စတီရုန်း (progesterone) ဆိုတဲ့ ဟော်မုန်းနှစ်မျိုးက အဓိကထိန်းချုပ်ထားပါတယ်။ နှစ်မျိုးလုံးက မဟော်မုန်းဖြစ်ပြီး အကြမ်းအားဖြင့် အီစထရိုဂျင်ကို ကိုယ်ခံအားလုပ်ဆောင်ချက်တချို့ကို မြှင့်တင်ပေးနိုင်တဲ့ဟော်မုန်း၊ ပရိုဂျက်စတီရုန်းကတော့ ရောင်ရမ်းမှုတုံ့ပြန်မှုတချို့ကို လျှော့ချပေးနိုင်သလို ကိုယ်ဝန်ရနိုင်ဖို့ သားအိမ်အတွင်း ကိုယ်ခံအားပတ်ဝန်းကျင်ကို ချိန်ညှိပေးတဲ့ ဟော်မုန်းအဖြစ် သတ်မှတ်ကြပါတယ်။ ရာသီလာပြီးနောက် ရာသီစက်ဝန်းရဲ့ ပထမပိုင်းရက်တွေမှာ အီစထရိုဂျင် တဖြည်းဖြည်းမြင့်လာပြီး မျိုးဥထွက်ခြင်း ဖြစ်ပေါ်ပါတယ်။ မျိုးဥထွက်ပြီးတဲ့နောက် ပရိုဂျက်စတီရုန်း မြင့်လာပြီး သားအိမ်အတွင်းသားကို သန္ဓေသားကပ်တွယ်နိုင်ဖို့ ပြင်ဆင်ပေးပါတယ်။ ကိုယ်ဝန်မရခဲ့ရင် ဟော်မုန်းနှစ်မျိုးလုံး ကျဆင်းသွားပြီး ရာသီလာတာ ဖြစ်ပါတယ်။

ရာသီလာတာဟာ သွေးထွက်တာသက်သက် မဟုတ်ပါဘူး။ သားအိမ်အတွင်းသားတစ်ရှူးတွေ ကွာကျပြီး ပြန်လည်ပြုပြင်ရတဲ့ သဘာဝဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ ရာသီမလာခင် ပရိုဂျက်စတီရုန်း ကျဆင်းသွားတဲ့အခါ သားအိမ်အတွင်းသားက ရောင်ရမ်းမှုဆိုင်ရာ အချက်ပြဓာတ်တွေ ထုတ်လွှတ်ပါတယ်။ အဲ့လိုအချက်ပြမှုတွေကြောင့် Neutrophil နဲ့ macrophage လို့ခေါ်တဲ့ ကိုယ်ခံအားဆဲလ်တွေ ရောက်ရှိလာပြီး မလိုအပ်တော့တဲ့တစ်ရှူးတွေကို ဖယ်ရှားပေးတာ၊ ပျက်စီးနေတဲ့ဆဲလ်တွေကို ရှင်းလင်းပေးတာနဲ့ သားအိမ်အတွင်းသား ပြန်လည်ကျက်အောင် ကူညီပေးတာတွေ လုပ်ဆောင်ပါတယ်။ ဒီဖြစ်စဉ်အတွင်း prostaglandin လို့ခေါ်တဲ့ ဓာတ်တွေက သားအိမ်ကြွက်သားကို ကျုံ့စေတာကြောင့် ဗိုက်အောင့်တာနဲ့ ခါးနာတာတွေ ဖြစ်နိုင်ပါတယ်။

သွေးထဲက ကိုယ်ခံအားဆဲလ်တွေကို လေ့လာထားတဲ့ သုတေသနတချို့မှာ သွေးဖြူဥထဲက neutrophils နဲ့ monocytes ပမာဏက ရာသီစက်ဝန်းအလိုက် အနည်းငယ်ပြောင်းလဲနိုင်တာ တွေ့ရပါတယ်။ ဒါပေမဲ့ lymphocyte၊ antibody နဲ့ ရောင်ရမ်းမှုဆိုင်ရာဓာတ်အများစုမှာတော့ ရာသီစက်ဝန်းအလိုက် တစ်သမတ်တည်း ပြောင်းလဲမှု မတွေ့ရပါဘူး။ ကိုယ်ခံအားအပေါ်ကို ရာသီစက်ဝန်းထက် အိပ်ရေးပျက်တာ၊ စိတ်ဖိစီးတာ၊ အာဟာရမပြည့်ဝတာ၊ နာမကျန်းဖြစ်တာနဲ့ ဆေးဝါးသုံးစွဲမှုတွေက သက်ရောက်နေတာကို တွေ့ရပါတယ်။

ရာသီစက်ဝန်းအတွင်း ဟော်မုန်းနဲ့ ကိုယ်ခံအားတုံ့ပြန်မှု ပြောင်းလဲနိုင်ခြေရှိနေတာကြောင့် ကာကွယ်ဆေးထိုးပြီးနောက် ရရှိတဲ့ တုံ့ပြန်မှုလည်း ပြောင်းလဲနိုင်မလားဆိုတာကိုလည်း သုတေသနပညာရှင်တွေ လေ့လာနေကြပါတယ်။ ၂၀၀၂ ခုနှစ်က လေ့လာချက်တစ်ခုမှာ အမျိုးသမီးတွေကို စမ်းသပ်အဆင့် ကာလဝမ်းရောဂါကာကွယ်ဆေးကို မိန်းမကိုယ်လမ်းကြောင်းကတစ်ဆင့် ထိုးပေးခဲ့ပါတယ်။ ရာသီစက်ဝန်းပထမပိုင်းမှာ ထိုးသူနဲ့ မျိုးဥထွက်ပြီးနောက်ပိုင်းမှာ ထိုးသူတွေအကြား မိန်းမကိုယ်နဲ့ အူလမ်းကြောင်းရှိ antibody တချို့ရဲ့ တုံ့ပြန်ပုံ ကွာခြားတာ တွေ့ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီလေ့လာချက်ဟာ လူနည်းစုကို အသုံးပြုထားတဲ့ အထူးစမ်းသပ်ကာကွယ်ဆေးနဲ့ မိန်းမကိုယ်လမ်းကြောင်းက ထိုးထားတာဖြစ်ပါတယ်။ တုပ်ကွေး၊ HPV၊ မေးခိုင်နဲ့ COVID-19 စတဲ့ ပုံမှန်အသားထိုးကာကွယ်ဆေးတွေမှာ အလားတူဖြစ်မယ်လို့ ယူဆလို့မရပါဘူး။

၂၀၂၆ ခုနှစ်က COVID-19 ကာကွယ်ဆေးဆိုင်ရာ စောင့်ကြည့်လေ့လာမှုတစ်ခုမှာ ရာသီစက်ဝန်းပထမပိုင်းအတွင်း ကာကွယ်ဆေးထိုးသူတွေက မျိုးဥထွက်ပြီးနောက်ပိုင်း ထိုးသူတွေထက် ကာကွယ်ဆေးဘေးထွက်လက္ခဏာတွေကို ပိုမိုတင်ပြကြတာ တွေ့ရှိခဲ့ပါတယ်။ ကာကွယ်ဆေးထိုးပြီး နောက်ထပ် COVID-19 ကူးစက်ခံရတဲ့အချိန်လည်း အနည်းငယ်ပိုကြာတာ တွေ့ရပါတယ်။ ဒါပေမဲ့ ဒီလေ့လာမှုဟာ ပါဝင်သူတွေရဲ့ ဖြေကြားချက်နဲ့ app မှတ်တမ်းတွေကို အခြေခံထားတဲ့ စောင့်ကြည့်လေ့လာမှုသာ ဖြစ်ပါတယ်။ ကိုယ်ခံစွမ်းအားတွေရဲ့ တုံ့ပြန်မှုကို တိုက်ရိုက်မတိုင်းတာထားသလို ကူးစက်ခံရသူအရေအတွက်လည်း နည်းပါတယ်။ ဒါကြောင့် ရာသီစက်ဝန်းပထမပိုင်းမှာ ထိုးရင် ကာကွယ်ဆေးပိုထိရောက်တယ်လို့ သက်သေပြထားခြင်း မဟုတ်သေးပါဘူး။ ကာကွယ်ဆေးထိုးပြီးနောက် ဖျားတာ၊ ကိုယ်လက်ကိုက်ခဲတာလို ဘေးထွက်လက္ခဏာ ပိုများတာကလည်း ရောဂါကာကွယ်နိုင်စွမ်း ပိုကောင်းတယ်ဆိုတဲ့ အဓိပ္ပာယ် မဟုတ်ပါဘူး။

လက်ရှိသုတေသနအထောက်အထားတွေအရ ပုံမှန်ကာကွယ်ဆေးတွေအတွက် “အကောင်းဆုံးရာသီစက်ဝန်းအဆင့်” ကို သတ်မှတ်လို့ မရသေးတဲ့အတွက် ရာသီလာနေတာဟာ ကာကွယ်ဆေးထိုးလို့မရတဲ့ အကြောင်းရင်းတစ်ခု မဟုတ်ပါဘူး။ ကာကွယ်ဆေးထိုးဖို့ သတ်မှတ်ရက်ရောက်နေချိန်၊ ကူးစက်ရောဂါဖြစ်ပွားနေချိန် ဒါမှမဟုတ် ခရီးမထွက်ခင်လို အချိန်အရေးကြီးတဲ့အခါ ရာသီစက်ဝန်းအဆင့်တစ်ခုကို စောင့်ဖို့ ကာကွယ်ဆေးနောက်ဆုတ်ထားတာ မသင့်တော်ပါဘူး။

ရာသီစက်ဝန်းတစ်လျှောက် ကိုယ်ခံအားစနစ် ပြောင်းလဲနေတာ မှန်ပါတယ်။ ဒါပေမဲ့ ကိုယ်ခံအားက ရာသီစက်ဝန်းကြောင့် ပိုပြီးအားကောင်းသွားတာ ဒါမှမဟုတ် ပိုပြီးအားနည်းသွားတာမျိုးတော့ မရှိပါဘူး။ ကိုယ်ခံအားစနစ်က ရာသီစက်ဝန်းအတွင်း ရာသီလာခြင်း၊ တစ်ရှူးပြုပြင်ခြင်း၊ ပိုးမွှားကာကွယ်ခြင်းနဲ့ ကိုယ်ဝန်ရနိုင်ဖို့ ပြင်ဆင်ခြင်းတို့အတွက် သူ့ရဲ့လုပ်ဆောင်ပုံကို ချိန်ညှိနေတာ ဖြစ်ပါတယ်။ ရာသီစက်ဝန်းက ကာကွယ်ဆေးရဲ့ ဘေးထွက်လက္ခဏာနဲ့ ကိုယ်ခံအားတုံ့ပြန်မှုတချို့ကို အနည်းငယ် သက်ရောက်စေနိုင်ပေမဲ့ ပုံမှန်ကာကွယ်ဆေးတွေရဲ့ ထိရောက်မှုကို သိသိသာသာ ပြောင်းလဲစေတယ်လို့ ပြောနိုင်လောက်တဲ့ အထောက်အထား မရှိသေးပါဘူး။ ဒါကြောင့် ရာသီလာနေချိန်မှာ အမျိုးသမီးတွေဟာ အလိုအလျောက် ကိုယ်ခံအားကျနေသူတွေ မဟုတ်သလို ရာသီစက်ဝန်းကြောင့် လိုအပ်တဲ့ကာကွယ်ဆေးကို ရွှေ့ဆိုင်းထားဖို့ မလိုအပ်ပါဘူး။

ကိုးကားချက်များ

1. Critchley HOD, et al. Physiology of the Endometrium and Regulation of Menstruation. Physiological Reviews. 2020;100:1149–1179.

2. Hughes SM, et al. Changes in Concentrations of Cervicovaginal Immune Mediators Across the Menstrual Cycle. BMC Medicine. 2022;20:353.

3. Notbohm HL, et al. The Effects of Menstrual-Cycle Phases on Immune Function and Inflammation. Acta Physiologica. 2023;238:e14013.

4. Kozlowski PA, et al. Differential Induction of Mucosal and Systemic Antibody Responses in Women After Nasal, Rectal, or Vaginal Immunization. Journal of Immunology. 2002;169:566–574.

5. Cooper PA, et al. Menstrual Cycle Phase and Its Association With COVID-19 Vaccine Outcomes Among Period-Tracking App Users. npj Women’s Health. 2026.

6. Boniface ER, et al. Menstrual Cycle Length Changes Following Vaccination Against Influenza Alone or With COVID-19. JAMA Network Open. 2025.

လူကြိုက်များသောဆောင်းပါးများ

Ads Advertisement