Skip to content
Ads Advertisement

သတိထားစရာ အိမ်တွင်းပဋိဇီဝဆေးလက်ကျန် ပြဿနာ

ကျွန်တော်တို့နိုင်ငံမှာ လူတော်တော်များများဟာ နေထိုင်မကောင်းဖြစ်တဲ့အခါမှာ သောက်ရတဲ့ ဆေးတွေကို ဆောင်ထားတတ်ကြပါတယ်။ အဲ့ထိဆောင်ထားတဲ့ဆေးဝါးတွေထဲမှာ ပဋိဇီဝပိုးသတ်ဆေး တွေလည်းပါဝင်တတ်ပါတယ်။ ဖျားနာလို့သောက်ရင်း ရောဂါလက္ခဏာ သက်သာလို့ ဆက်မသောက် တော့ဘဲ သိမ်းဆည်းထားတာမျိုး၊ ဝယ်ကတည်းက ပိုပိုလိုလိုဝယ်ထားမိတာမျိုးနဲ့ ပဋိဇီဝပိုးသတ်ဆေး တွေကို “အရေးကြုံရင် သုံးလို့ရအောင်” ဆိုပြီး ဝယ်ယူ သိမ်းဆည်းထားတတ်ကြတာမျိုးရှိပါတယ်။ အများအားဖြင့် ဆေးကတ်တွေ၊ တစ်ဝက်တစ်ပျက်ကျန်နေတဲ့ ဆေးပုလင်းတွေနဲ့ ဆေးသေတ္တာထဲက ဆေးကတ်လေးတွေက ကျွန်တော်တို့နိုင်ငံရဲ့ မိသားစုတော်တော်များများမှာ တွေ့ရလေ့ရှိတဲ့ ကျန်းမာရေးအတွက် လိုရမယ်ရ ဆေးတွေကို သိမ်းဆည်းထားလေ့ရှိတဲ့ အလေ့အထတစ်ခုဖြစ်ပါတယ် ။ ဒါဟာ ပိုက်ဆံချွေတာရာ ရောက်ပြီး နေထိုင်မကောင်းဖြစ်တဲ့အခါမှာ ဆေးဝါးကုသမှုအတွက် အဆင်သင့်ဖြစ်နေသလို တွေးစရာရှိပါတယ်။ တကယ့်တကယ်ကတော့ ဒီလိုသိမ်းဆည်းထားတဲ့ ပဋိဇီဝဆေးကျန်တွေမှာ သတိထားရမယ့် ပြဿနာတွေရှိနေပါတယ်။

ပဋိဇီဝပိုးသတ်ဆေးတွေဟာ အဓိကအားဖြင့် ဘက်တီးရီးယားပိုးကြောင့် ဖြစ်တဲ့ ရောဂါတွေအတွက်သာ မှန်ကန်သော ပမာဏနဲ့ အကြိမ်အရေအတွက်အတိုင်း တိတိကျကျအချိန်ကာလတစ်ခုထိ ညွှန်ကြားချက်အတိုင်းစနစ်တကျ သောက်သုံးရမယ့် အစွမ်းထက်တဲ့ ဆေးဝါးတွေဖြစ်ပါတယ်။ ပြဿနာကတော့ “အရင်တစ်ခါတုန်းက လည်ချောင်းနာတယ် ဖျားတယ် ဝမ်းလျှောတယ် ချောင်းဆိုးလို့ ဒီဆေးသောက်လိုက်တဲ့အခါ သက်သာတယ်။ အခုဒီတစ်ခါ လည်ချောင်းနာတော့ အရင်တစ်ခါကသောက်တဲ့ အလားတူ ပိုးသတ်ဆေးကိုပဲ ပြန်သောက်လိုက်မယ်” ဆိုတာမျိုးတွေးတတ်ကြသလို တကယ်လည်း လိုက်နာကျင့်သုံး တတ်ကြပါတယ်။

သို့သော် လည်ချောင်းနာခြင်းဟာ ဗိုင်းရပ်စ်ကြောင့် ဖြစ်နိုင်သလို၊ ဝမ်းပျက်ဝမ်းလျှောရတာ ကလည်း အစာအဆိပ်သင့်ခြင်း ဒါမှမဟုတ် သန်ကောင်နဲ့အခြားသောရောဂါဖြစ်စေတဲ့ အကြောင်းအရင်း တွေ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဖျားနာမှုဆိုရင် ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ တုပ်ကွေး(Flu) ဒါမှမဟုတ် သွေးလွန်တုပ်ကွေး(Dengue Fever) ကြောင့်လည်းဖြစ်နိုင်ပါတယ်။ ရောဂါနဲ့မကိုက်ညီပဲ ပဋိဇီဝ ပိုးသတ်‌ဆေးတွေကိုသောက်သုံးခြင်းဟာ ထိရောက်တဲ့ကုသမှုကို နှောင့်နှေးစေတဲ့ အကြောင်းတရားပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ပိုးသတ်ဆေးတွေကနေ မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကိုလည်း ခံစားရနိုင်ပါသေးတယ်။

အကယ်၍ ဖြစ်နေတဲ့ရောဂါဟာ ကိုယ်အရင်သောက်ခဲ့တဲ့ ပဋိဇီဝပိုးသတ်ဆေးလက်ကျန်နဲ့ ကိုက်ညီနေရင်တောင် ‌ကျန်နေတဲ့ဆေးဟာ ရက်အပြည့်သောက်ဖို့နဲ့ ဆေးပတ်လည်ဖို့ မလုံလောက်နို င်ပါဘူး။ လူအများစုဟာ နေပြန်ကောင်းလာလို့ပဲဖြစ်ဖြစ်၊ ဆေးကုန်သွားလို့ပဲဖြစ်ဖြစ်၊ ဘေးထွက်ဆိုးကျိုး ကြောင့်ပဲ ဖြစ်ဖြစ် ဆေးကိုစောလျင်စွာ ရပ်တန့်လိုက်တတ်ကြပါတယ်။ ဒါဟာ “ဆေးယဉ်ပါးခြင်း” (Antibiotic Resistance) ဖြစ်ဖို့ အကြောင်းတရားတစ်ခုပါပဲ။ ဆေးရက်ပြည့်အောင်မသောက်တာ (incomplete duration)၊ သောက်ရမှပမာဏပြည့်အောင်မသောက်တာ(incomplete dose)ကြောင့် ရောဂါပိုး ဘက်တီးရီးယားတွေဟာ ပဋိဇီဝ ပိုးသတ်ဆေးနဲ့ ထိတွေ့မိသော်လည်း အကုန်အစင် ရှင်းမသွားဘဲ ပိုသန်မာလာပြီး ဆေးယဉ်ပါးပိုးတွေအဖြစ် ပျံ့နှံ့လာကာ လူသားတွေအတွက် ပိုပြီး အန္တရာယ်များလာစေပါတယ်။

ပဋိဇီဝပိုးသတ်ဆေးတွေကို သိမ်းဆည်းရာမှာ လက်လှမ်းမီသောနေရာတွေမှာ ထားရှိခြင်း ကလည်း မတော်တဆမှုများကို ဖြစ်လာနိုင်စေပါတယ်။ ဥပမာ ကလေးငယ်တွေက ဆေးတောင့်အရောင် လေးတွေနဲ့ ဆေးရည်တွေကို မုန့်လို့ ထင်မှတ်ပြီးမှားယွင်းစွာ သောက်မိနိုင်ပါတယ်။ လူကြီးတွေမှာ ကတော့ ကလေးတွေလိုမျိုး မတော်တဆမှားသောက်မိတာမျိုးထက် ရောဂါပျောက်ချင်လို့ သောက်ကြ တာ များပါတယ်။ ဆေးဝါးတွေသောက်သုံးတဲ့အခါမှာ ခန္ဓာကိုယ်ကတုန့်ပြန်တာလည်း တစ်ယောက်နဲ့ တစ်ယောက်မတူညီကြပါဘူး။ ကျွမ်းကျင်သူ ပညာရှင်တွေအနေနဲ့ ပဋိဇီဝပိုးသတ်ဆေး တစ်ခုခု ပေးတဲ့အခါမှာ ဒီတစ်ယောက်မှာ ပြဿနာမရှိပင်မဲ့ အခြားတစ်ယောက်မှာတော့ ဓာတ်မတည့်တာ၊ ကိုယ်ဝန်ဆောင်ချိန်မှာ ရှောင်ကြဉ်ရမယ့်ဆေးအမျိုးအစား၊ နာတာရှည်ရောဂါအခံရှိလို့ မသောက် သင့်တဲ့ဆေးနဲ့ စွဲစွဲမြဲမြဲသောက်နေတဲ့ဆေးတစ်ခုခုရှိလို့ နေထိုင်မကောင်းတဲ့အခါ ဆေးတွေပေးရင် သတိထားစဉ်းစားရမယ့်အခြေအနေမျိုး စသဖြင့် ထည့်သွင်းစဉ်းစားရတဲ့အချက်တွေ ရှိပါတယ်။ ဒါကြောင့် လည်း မိသားစုဝင်အချင်းချင်းကဖြစ်စေ မိတ်ဆွေသူငယ်ချင်းကဖြစ်စေ ဆေးလက်ကျန်တွေ ပေးလို့ သောက်တာ၊ ညွှန်းလို့ဝယ်သောက်တာမျိုးကတော့ အန္တရာယ်များပြီး မလုပ်သင့်တဲ့အရာ ဖြစ်ပါတယ်။

နောက်ထပ် သတိပြုရမယ့် အန္တရာယ်တစ်ခုကတော့ ကိုယ်သိမ်းထားတဲ့ဆေးတွေ သက်တမ်းကုန် ဆုံး တာမျိုး ဒါမှမဟုတ် သိမ်းဆည်းသင့်တဲ့နေရာမျိုးမှာ မသိမ်းတာမျိုးကလည်း သတိထားသင့်တဲ့ အချက်တွေပဲဖြစ်ပါတယ်။ အပူနှင့်စိုထိုင်းဆတွေဟာ ဆေးတွေရဲ့အရည်အသွေးကို အဓိက ထိခိုက်လျော့ ကျစေနိုင်ပါတယ်။ အာနိသင်ပျက်ပြယ်နေသောဆေးတွေကို ထိရောက်တယ်လို့ ထင်မှတ်ပြီး သောက်သုံးနေခြင်းကလည်း ဆေးမတိုးခြင်းနှင့် ဆေးယဉ်ပါးခြင်းကို ပိုမိုဖြစ်ပေါ်စေတယ်။

ဒါဆိုရင် ဒီပဋိဇီဝပိုးသတ်ဆေးလက်ကျန်တွေနဲ့ ပတ်သက်ပြီးဘယ်လိုလုပ်ရင် ကောင်းမလဲ။ အကောင်းဆုံးကတော့ မိမိတို့ရဲ့နေအိမ်တွေမှာ ပဋိဇီဝပိုးသတ်ဆေးလက်ကျန် လုံးဝမထားဖို့ ဖြစ်ပါတယ်။ လူတစ်ဦး တစ်ယောက်အတွက် ထိရောက်တဲ့ဆေးဟာ အခြားတစ်ဦးအတွက် အန္တရာယ်ဖြစ်စေ နိုင်ပါတယ်။ ဒါကြောင့် ဆေးတွေကို မျှဝေသုံးစွဲတာမျိုး မပြုလုပ်သင့်ပါဘူး။ အချို့သောနိုင်ငံတွေမှာ အသုံးမပြုတော့ သော ဆေးဝါးများကို ပြန်လည်သိမ်းဆည်းတဲ့အစီအစဉ် (Medicine Take-back)ကို ဆေးဆိုင်တွေ ဒါမှမဟုတ် ဆေးခန်းနဲ့ဆေးရုံတွေမှာ ကျင့်သုံးနေတာမျိုး ရှိပါတယ်။ စနစ်တကျ သိမ်းဆည်းပြီး အစီအစဉ်တကျဖျက်ဆီးပေးကြပါတယ်။ သို့ပင်မဲ့လည်း ဝင်ငွေနည်း ဖွံ့ဖြိုးဆဲ နိုင်ငံအတော်များများမှာတော့ ပြန်လည်အပ်နှံဖို့နေရာနဲ့ အစီအစဉ်တွေမလုပ်နိုင်သေးတာ တွေ့ရပါတယ်။ ဒီလိုမျိုးအခြေအနေ ကြုံလာရပြီဆိုရင်တော့ ရက်လွန်ဆေးဝါးတွေကို သဲဖြစ်စေ ကော်ဖီမှုန့် ဖျော်ပြီးလို့ရတဲ့အနှစ်အမှုန့်တွေ နဲ့ဖြစ်စေ တစ်ခုခုနဲ့ ရောပြီး လေလုံတဲ့အိတ်ထဲထည့်၊ သေသေ ချာချာလေး အိတ်ကိုမပေါက်မပြဲအောင် အထပ်ထပ်ထုတ်ပိုးကာ စနစ်တကျစွန့်ပစ်ဖို့လိုပါတယ်။ ဆေးနဲ့မိမိတို့ရဲ့ ပတ်ဝန်းကျင်ရှိ မြေဆီလွှာ၊ လေထု၊ ရေထုနဲ့ ထိတွေ့ပြီး သဘာဝမှာ ပေါက်ဖွားရှင်သန်နေတဲ့ ဘတ်တီးရီးယားပိုးတွေ ပိုပြီးဆေးဒဏ်ကို ခံနိုင်ရည်ရှိလာကာ ဆေးယဉ်ပါး ပြဿနာကြီးထွားလာနိုင်လို့ ဆေးလုံးတွေကိုကြိတ်ခြေပြီး လွှတ်ပစ်တာ မျိုး၊ အိမ်သာထဲရေလောင်းချတာ မျိုး၊နဲ့ မြစ်ထဲချောင်းထဲ စွန့်ပစ်တာမျိုးမလုပ်ရပါဘူး။ သဘာဝပတ်ဝန်း ကျင်မှာရှိတဲ့ ဘက်တီးရီးယား တွေဟာ ဆေးပမာဏ အနည်းငယ်နှင့် ထိတွေ့မိရုံနဲ့ ဆေးယဉ်ပါးမှု ဖြစ်လာစေပါတယ်။ ဆေးယဉ်ပါးခြင်းဆိုတာ ဆေးရုံအတွင်းမှာတင် ရှိနေတာမဟုတ်ဘဲ မိမိတို့ရဲ့ လူမှုပတ်ဝန်းကျင်၊ အစာကွင်းဆက်နှင့် ရေအရင်းအမြစ်များမှတစ်ဆင့် ပျံ့နှံ့ဖြစ်ပွားနေတာကိုလည်း သတိပြုရမှာ ဖြစ်ပါတယ်။

​တကယ်လိုစွန့်ပစ်ဖို့အဆင်မပြေသေးရင် ကလေးများ လက်လှမ်းမမီသော နေရာမှာ လုံခြုံစွာ သိမ်းဆည်း ထားပြီး စနစ်တကျ စွန့်ပစ်နိုင်မယ့် နည်းလမ်းတွေကို ကျွမ်းကျင်သူတွေထံ မေးမြန်းဖို့ လိုအပ်ပါတယ်။ အရေးကြီးဆုံးအချက်ကတော့ နေမကောင်းဖြစ်ပါက မိမိဘာသာဖြစ်နေတဲ့ရောဂါကို ခန့်မှန်းပြီး ဆေးတွေ သောက်နေတာထက် နားလည်တတ်ကျွမ်းသူတွေထံကနေ အကြံဉာဏ်ရယူတာ ဆေးရုံဆေးခန်းသွားရောက်ပြီး ဆရာဝန်တွေရဲ့ စနစ်တကျဆေးကုသမှုနဲ့ ညွှန်ကြားမှုခံယူတာက အကောင်းဆုံးဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့နေအိမ်တွေမှာ များသောအားဖြင့် ဓာတ်ခဲတွေ၊ ပိုးသတ်ဆေးတွေနဲ့ ဓာတုပစ္စည်းတွေကို စနစ်တကျ သတိထားကိုင်တွယ်တတ်ကြပါတယ်။ အဆိုပါပစ္စည်းတွေကို ဂရုတစိုက်ကိုင်တွယ်သလိုမျိုး ပဋိဇီဝဆေး လက်ကျန်တွေကိုလည်း အလားတူကဲ့သို့ သတိထားကိုင်တွယ်သင့်ပါတယ်။ ပဋိဇီဝပိုးသတ် ဆေးကျန်တွေဟာ စနစ်တကျသိမ်းဆည်းစွန့်ပစ်နိုင်မှု မရှိခဲ့ရင်လူသားတွေအတွက် “ဘေးအန္တရာယ်ရှိသော စွန့်ပစ်ပစ္စည်း” တွေဖြစ်သလို ရေရှည်မှာ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ပြဿနာတစ်ရပ်အနေနဲ့ အလေးထားကိုင်တွယ်ရမယ့် ပြဿနာတစ်ရပ် ဖြစ်လာနေပြီပဲ ဖြစ်ပါတယ်။

#လက်ကျန်ဆေးဝါး

#ဆေးယဉ်ပါး

#အိမ်တွင်းဆေး

လူကြိုက်များသောဆောင်းပါးများ

Ads Advertisement