Skip to content
Ads Advertisement

ဝမ်းဗိုက်ခွဲစိတ်ပြီးနောက် ဘယ်လောက်ကြာရင် လမ်းစလျှောက်လို့ ရပြီလဲ

ဝမ်းဗိုက် ခွဲစိတ်ပြီးခါစ လူနာတစ်ယောက်ကို ဆေးရုံအခန်းထဲမှာ မြင်လိုက်ရင် မိသားစုဝင်တွေရဲ့ ပထမဆုံး စိုးရိမ်မှုက အနာကို မထိခိုက်စေဖို့ပါပဲ။ “ချုပ်ရိုးတွေရှိသေးတယ်၊ မထနဲ့ဦး၊ အိပ်ရာထဲမှာပဲ ငြိမ်ငြိမ်နေ၊ စောစောထလျှောက်ရင် အနာပြဲသွားမယ်” ဆိုပြီး တားတတ်ကြပါတယ်။ လူနာကို ဂရုစိုက်တဲ့စိတ်နဲ့ ပြောကြတာဖြစ်ပေမယ့် တကယ်တမ်းမှာတော့ ခွဲစိတ်ပြီးနောက် ပြန်လည်သက်သာလာဖို့အတွက် အိပ်ရာထဲမှာ ရက်ပေါင်းများစွာ မလှုပ်မရှားနေခြင်းက လူနာပြန်လည်နာလန်ထဖို့ နှောင့်နှေးသွားစေနိုင်ပါတယ်။

ယနေ့ခေတ် ခွဲစိတ်ကုသမှုနည်းလမ်းတွေမှာတော့ လူနာအခြေအနေ တည်ငြိမ်တာနဲ့ တတ်နိုင်သမျှ စောစော လှုပ်ရှားနိုင်ဖို့ Early Mobilization ကို အားပေးလာကြပါတယ်။ လမ်းလျှောက်ခြင်းဟာ ခွဲစိတ်ပြီးနောက် မလုပ်သင့်သေးတဲ့အရာတစ်ခု မဟုတ်ဘဲ ပြန်လည်သက်သာလာဖို့ ကူညီပေးတဲ့ ကုသမှု အစိတ်အပိုင်းတစ်ခုလို့တောင် ဆိုနိုင်ပါတယ်။

ခွဲစိတ်ပြီး ဘယ်နှရက်ကြာမှ လမ်းလျှောက်လို့ ရမလဲဆိုတဲ့ မေးခွန်းအတွက် “၃ ရက်နေရင် ရပြီ”၊ “၇ ရက်ပြည့်မှ လျှောက်ရမယ်” ဆိုတဲ့ လူတိုင်းအတွက် သတ်မှတ်ထားတဲ့ အဖြေတစ်ခု မရှိပါဘူး။ ဘာခွဲစိတ်ထားသလဲ၊ ရိုးရိုးဖွင့်ခွဲထားတာလား၊ မှန်ပြောင်းနဲ့ ခွဲထားတာလား၊ ဘယ်လိုမေ့ဆေးသုံးထားသလဲ၊ လူနာရဲ့ သွေးပေါင်နဲ့ အသက်ရှူမှု တည်ငြိမ်သလား၊ ခွဲစိတ်ပြီး နောက်ဆက်တွဲပြဿနာတစ်ခုခု ရှိနေသလားဆိုတာတွေပေါ် မူတည်ပါတယ်။

ဒါပေမယ့် နောက်ဆက်တွဲပြဿနာမရှိတဲ့ ခွဲစိတ်မှုအများစုမှာတော့ ခွဲစိတ်တဲ့နေ့မှာပဲ အိပ်ရာပေါ် ထိုင်တာ၊ အိပ်ရာဘေးမှာ မတ်တပ်ရပ်တာနဲ့ အခြေအနေကောင်းရင် ခြေလှမ်းအနည်းငယ် စလှမ်းတာမျိုး ပြုလုပ်နိုင်ပါတယ်။ ဝမ်းဗိုက်ခွဲစိတ်မှု အကြီးစားတွေမှာလည်း လူနာအခြေအနေတည်ငြိမ်မယ်ဆိုရင် ခွဲစိတ်တဲ့နေ့ ဒါမှမဟုတ် နောက်တစ်နေ့ကစပြီး လမ်းလျှောက်ဖို့ အားပေးလေ့ရှိပါတယ်။

အစပိုင်းမှာ အိပ်ရာပေါ်မှာ ခြေထောက်နဲ့ ခြေကျင်းဝတ်လေးတွေ လှုပ်ရှားပေးနိုင်ပါတယ်။ ပြီးရင် ခေါင်းရင်းကို မြှင့်ပြီး ထိုင်မယ်၊ အိပ်ရာဘေးမှာ ခဏထိုင်မယ်၊ မူးဝေတာ၊ ပျို့အန်တာ၊ ခြေထောက် အားမရှိတာ မဖြစ်ဘူးဆိုရင် လူတစ်ယောက်က ကူညီပြီး မတ်တပ်ရပ်မယ်။ အဆင်ပြေရင် အိပ်ရာဘေးမှာ ခြေလှမ်းအနည်းငယ် လှမ်းကြည့်မယ်။ နောက်ပိုင်းမှာ အိမ်သာအထိ၊ အခန်းထဲတစ်ပတ်၊ ဆေးရုံ လျှောက်လမ်းတစ်လျှောက် စသဖြင့် တဖြည်းဖြည်း အကွာအဝေး တိုးသွားရတာ ဖြစ်ပါတယ်။

ခါးအောက်ပိုင်းထုံဆေး Spinal Anaesthesia နဲ့ ခွဲထားသူတွေဆိုရင်တော့ ခြေထောက်ရဲ့ ထိတွေ့ခံစားနိုင်စွမ်းနဲ့ အားပြန်ကောင်းလာတဲ့အထိ စောင့်ဖို့ လိုပါတယ်။ Spinal Anaesthesia ပြီးတဲ့နောက် နာရီအနည်းငယ် ကြာတဲ့အထိ ခြေထောက်တွေ ထုံနေတာ၊ လေးနေတာ၊ အားမရှိသလို ဖြစ်နေတာ ရှိနိုင်ပါတယ်။

ခွဲစိတ်ပြီး လူနာကို အိပ်ရာထဲမှာပဲ မထားဘဲ လှုပ်ရှားနိုင်တာနဲ့ တစ်ပြိုင်နက် လှုပ်ရှားစေချင်ရတဲ့ အဓိကအကြောင်းရင်းတစ်ခုက သွေးလည်ပတ်မှုပါ။ လမ်းလျှောက်တဲ့အခါ ခြေသလုံးကြွက်သားတွေ လှုပ်ရှားပြီး ခြေထောက်က သွေးတွေကို နှလုံးဆီ ပြန်ပို့ပေးရာမှာ ကူညီပေးပါတယ်။ အိပ်ရာထဲမှာ မလှုပ်မရှား အကြာကြီးနေရင်တော့ ခြေထောက်မှာ သွေးစီးဆင်းမှုနှေးလာပြီး သွေးခဲဖြစ်နိုင်ခြေ မြင့်လာပါတယ်။ ခြေထောက်သွေးကြောထဲ သွေးခဲပိတ်တာကို Deep Vein Thrombosis (DVT) လို့ ခေါ်ပြီး အဲဒီသွေးခဲက ပြုတ်ထွက်ပြီး အဆုတ်သွေးကြောဆီ ရောက်သွားရင် Pulmonary Embolism (PE) ဆိုတဲ့ အသက်အန္တရာယ်ရှိနိုင်တဲ့ အခြေအနေ ဖြစ်လာနိုင်ပါတယ်။

လမ်းလျှောက်တာက အဆုတ်အတွက်လည်း ကောင်းပါတယ်။ အထူးသဖြင့် ဝမ်းဗိုက်ခွဲစိတ်ထားသူတွေမှာ အနာနာမှာကြောက်လို့ အသက်ကို ခပ်တိမ်တိမ်ပဲ ရှူနေတတ်သလို ချောင်းဆိုးရင် နာမှာကြောက်လို့ သလိပ်ကို မချောင်းထုတ်ဘဲ ထိန်းထားတတ်ပါတယ်။ အိပ်ရာပေါ်မှာ ပက်လက်အကြာကြီးနေရင် အဆုတ်က ကောင်းကောင်းမပွင့်နိုင်တော့သလို သလိပ်တွေလည်း စုပုံလာနိုင်ပါတယ်။ ထိုင်ခြင်း၊ လမ်းလျှောက်ခြင်း၊ အသက်ပြင်းပြင်းရှူခြင်းနဲ့ လိုအပ်သလို ချောင်းဆိုးသလိပ်ထုတ်ခြင်းတွေဟာ ခွဲစိတ်ပြီးနောက် အဆုတ်ပြဿနာတွေ လျော့နည်းဖို့ ကူညီပေးပါတယ်။

အိပ်ရာထဲမှာ မလှုပ်မရှားနေရင် ကြွက်သားအားလည်း ထင်ထားတာထက် မြန်မြန်ကျတတ်ပါတယ်။ အသက်ကြီးသူတွေ၊ အားနည်းနေပြီးသားသူတွေ၊ အာဟာရချို့တဲ့သူတွေနဲ့ ကင်ဆာရောဂါရှိသူတွေမှာ ဒီပြဿနာက ပိုသိသာပါတယ်။ ရက်အနည်းငယ်အတွင်းမှာပဲ လမ်းလျှောက်နိုင်စွမ်းနဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှု လျော့လာနိုင်တဲ့အတွက် တဖြည်းဖြည်း ပြန်လည်လှုပ်ရှားပေးခြင်းက ပုံမှန်ဘဝကို မြန်မြန်ပြန်ရောက်ဖို့ အရေးကြီးပါတယ်။

လူနာတွေ အစိုးရိမ်ဆုံးအခြေအနေတစ်ခုက စောစောထလျှောက်ရင် ချုပ်ရိုးပြဲသွားမလားဆိုတာပါ။ တကယ်တော့ နောက်ဆက်တွဲပြဿနာမရှိတဲ့ သာမန်ခွဲစိတ်ဒဏ်ရာတစ်ခုမှာ ညင်ညင်သာသာ မတ်တပ်ရပ်တာ၊ လမ်းလျှောက်တာ၊ အိမ်သာသွားတာတွေကြောင့် ချုပ်ရိုးပြဲသွားတာမျိုး ပုံမှန်အားဖြင့် မဖြစ်ပါဘူး။ ခွဲစိတ်ပြီး အနာချုပ်ထားပုံက နေ့စဉ်အခြေခံလှုပ်ရှားမှုတွေကို ခံနိုင်အောင် ပြုလုပ်ထားတာ ဖြစ်ပါတယ်။

လမ်းလျှောက်ခွင့်ရပြီဆိုတာနဲ့ ဆန်အိတ်မတာ၊ ရေဘူးကြီးတွေ သယ်တာ၊ အလုပ်ကြမ်းပြန်လုပ်တာ၊ Gym ပြန်ဆော့တာ ဒါမှမဟုတ် ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းလုပ်တာတွေတော့ ချက်ချင်းလုပ်လို့ မရပါဘူး။ ဘယ်လောက်အထိ အလေးမလို့ရမလဲ၊ ဘယ်အချိန် အလုပ်ပြန်လုပ်လို့ရမလဲဆိုတာကတော့ ဘာခွဲစိတ်ထားသလဲဆိုတဲ့ အချက်ပေါ် မူတည်ပါတယ်။ မှန်ပြောင်းနဲ့ ခွဲထားသူတစ်ယောက်က ပိုမြန်မြန်လှုပ်ရှားနိုင်ပေမယ့် ဝမ်းဗိုက်ဖွင့်ခွဲထားသူတစ်ယောက်မှာတော့ အချိန်ပိုယူရနိုင်ပါတယ်။

နောက်တစ်ခု မေးလေ့ရှိတာက “Drip တန်းလန်းရှိသေးတယ်၊ ဆီးပိုက်ရှိသေးတယ်၊ Drain လည်း ထွက်နေသေးတယ်၊ လမ်းလျှောက်လို့ရလား” ဆိုတာပါ။ သွေးကြောထဲသွင်းထားတဲ့ Drip၊ ဆီးပိုက် Urinary Catheter နဲ့ ခွဲစိတ်ထားတဲ့နေရာက အရည်ထုတ်ဖို့ ထားထားတဲ့ Drain ရှိနေခြင်းတစ်ခုတည်းကြောင့် လူနာကို အိပ်ရာထဲမှာပဲ လုံးဝထားရမယ်လို့ မဆိုလိုပါဘူး။ သူနာပြုက ပိုက်တွေ၊ အိတ်တွေကို သေချာ စီစဉ်ပေးပြီး လူနာနဲ့အတူ လုံခြုံစွာ လှုပ်ရှားနိုင်ပါတယ်။ ဒါပေမယ့် ခွဲစိတ်မှုအမျိုးအစားအလိုက် သီးသန့်ကန့်သတ်ချက် ရှိနိုင်တဲ့အတွက် ဆရာဝန်ရဲ့ ညွှန်ကြားချက်ကို လိုက်နာဖို့ လိုပါတယ်။

နာကျင်မှုရှိတာကြောင့်လည်း လူနာအချို့က လုံးဝမလှုပ်ချင်တော့တာ ရှိပါတယ်။ ဝမ်းဗိုက်ခွဲစိတ်ပြီးခါစမှာ ထိုင်တဲ့အခါ၊ ချောင်းဆိုးတဲ့အခါ၊ မတ်တပ်ရပ်တဲ့အခါနဲ့ လမ်းလျှောက်တဲ့အခါ နည်းနည်းနာတာက ပုံမှန် ဖြစ်နိုင်ပါတယ်။ နာကျင်မှုကို သင့်တော်အောင် ထိန်းပေးထားခြင်းကလည်း စောစောလှုပ်ရှားနိုင်ဖို့ အရေးကြီးပါတယ်။ ဒါပေမယ့် လမ်းလျှောက်နေရင်း ရုတ်တရက် အလွန်မူးလာတာ၊ မေ့လဲတာ၊ အသက်ရှူမဝတာ၊ ရင်ဘတ်နာတာ၊ အလွန်အားနည်းသွားတာ၊ ခွဲစိတ်အနာက သွေးအသစ်များများထွက်လာတာ ဒါမှမဟုတ် နာကျင်မှု ရုတ်တရက်ပိုဆိုးလာတာရှိရင် ချက်ချင်းရပ်ပြီး ဆရာဝန်၊ သူနာပြုကို ပြောပြရပါမယ်။

ဆေးရုံကဆင်းပြီးနောက်မှာလည်း ခြေထောက်တစ်ဖက်တည်း ရုတ်တရက် ဖောင်းနာလာတာ၊ အကြောင်းမရှိဘဲ အသက်ရှူကျပ်လာတာ၊ အသက်ရှူတဲ့အခါ ရင်ဘတ်နာတာ၊ သွေးပါချောင်းဆိုးတာ ဒါမှမဟုတ် ရုတ်တရက် မေ့လဲတာမျိုး ဖြစ်လာရင်တော့ သွေးခဲပိတ်ခြင်းလို အရေးပေါ်အခြေအနေ ဖြစ်နိုင်တဲ့အတွက် ဆေးရုံကို ချက်ချင်းသွားရောက်ဖို့ လိုပါတယ်။

အချုပ်အားဖြင့် ပြောရရင် နောက်ဆက်တွဲပြဿနာမရှိတဲ့ ခွဲစိတ်လူနာအများစုမှာ အနာရှိနေသေးတယ်ဆိုတဲ့ အကြောင်းပြချက်တစ်ခုတည်းနဲ့ ရက်ပေါင်းများစွာ အိပ်ရာထဲမှာ မလှုပ်မရှားနေဖို့ မလိုပါဘူး။ လူနာက သတိကောင်းကောင်းရလာမယ်၊ အသက်ရှူမှုနဲ့ သွေးပေါင်တည်ငြိမ်မယ်၊ နာကျင်မှုကို ထိန်းထားနိုင်မယ်၊ မေ့ဆေးအာနိသင်လည်း လုံလောက်အောင်ပြယ်လာမယ်ဆိုရင် ထိုင်ခြင်း၊ မတ်တပ်ရပ်ခြင်းကနေ စပြီး တဖြည်းဖြည်း လမ်းလျှောက်နိုင်ပါတယ်။

References

  1. Gustafsson UO, Rockall TA, Wexner S, et al. ERAS Society recommendations for elective colorectal surgery 2025. Surgery. 2025;184:109397.
  2. Oodit R, Biccard BM, Panieri E, et al. ERAS recommendations for elective abdominal and pelvic surgery in LMICs. World J Surg. 2022;46:1826-1843.
  3. National Institute for Health and Care Excellence (NICE). Venous thromboembolism in over 16s: reducing the risk of hospital-acquired DVT or pulmonary embolism. NG89.
  4. Willner A, Teske C, Hackert T, Welsch T. Early postoperative mobilization after gastrointestinal surgery: systematic review and meta-analysis. BJS Open. 2023;7(5).
  5. Irani JL, Hedrick TL, Miller TE, et al. Enhanced recovery after colon and rectal surgery: clinical practice guidelines. Dis Colon Rectum. 2023;66(1):15-40.
  6. Loor MM, Shah P, Olavarria OA, et al. Postoperative work and activity restrictions after abdominal surgery: systematic review. Ann Surg. 2021;274(2):290-297.
  7. Royal College of Anaesthetists. Your spinal anaesthetic. 6th ed. 2023.

လူကြိုက်များသောဆောင်းပါးများ

Ads Advertisement