အကြိမ်ရေအပြည့်အဝ ကာကွယ်ဆေးမထိုးနိုင်ခဲ့တဲ့ ကလေးတွေ

Published On: June 6th, 2024|Views: 417|

ခိုင်ရီ ရေးသည်

(ဆောင်းပါးရေးသူသည် ဝါရင့်သတင်းသမားတစ်ဦးဖြစ်သလို မိခင်တစ်ဦး လည်းဖြစ်သည်။ ယခုဆောင်းပါးရေးသားခြင်းအတွက် ဒို့အိမ်မက် မှ ပံ့ပိုးကူညီပေးထားသည်။)

လွန်ခဲ့တဲ့ နှစ်နှစ်ကျော်ဝန်းကျင်ကာလကို ပြန်ကြည့်မယ်ဆိုရင် အသက်နှစ်နှစ်အောက်ကလေးရှိတဲ့ မိဘတွေဗျာများခဲ့ရတဲ့ အခြေအနေတစ်ရပ်ရှိခဲ့ပါတယ်။

အဲဒါကတော့ ကာကွယ်ဆေးထိုးနှံရေးကိစ္စဖြစ်ပါတယ်။ အသက်အရွယ်အလိုက် ကာကွယ်ဆေး ထိုးရမယ့် အချိန်မှာ ကိုဗစ်ကာလဖြစ်နေတာရယ်၊ နိုင်ငံရေး အပြောင်းအလဲတွေရယ်၊ ဆေးဝါးပြတ်တောက်မှုတွေရယ်၊ နေရပ်စွန့်ခွာရတဲ့ အခြေအနေအကြောင်းကြောင်းတွေရယ်ကြောင့် ကလေးတွေ ကာကွယ်ဆေးထိုးဖို့ အခွင့်အရေးတွေ ဆုံးရှုံးခဲ့ကြရပါတယ်။

သရုပ်ဖေါ်ပုံ - အေးသီတာကျော်

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံတွေမှာ ကိုဗစ် ၁၉ ကပ်ရောဂါ ပြင်းပြင်းထန်ထန်ဖြစ်ပွားတဲ့ကာလတွေမှာ အသက် ၅နှစ်အောက် ကလေးငယ်ပေါင်းများစွာဟာ ကာကွယ်ဆေးလုံးဝမထိုးနှံရသေးတာ၊ ဒါမှမဟုတ် ကာကွယ်ဆေး အကြိမ်အရေအတွက် ပြည့်ပြည့်ဝဝ မထိုးနှံရသေးတာတွေကို ကြုံတွေ့ခဲ့ကြရပါတယ်။

အဲဒီလို မိမိကလေးကို ကာကွယ်ဆေးအပြည့်မထိုးနိုင်ခဲ့တဲ့  မိဘတွေထဲမှာ မြန်မာနိုင်ငံက ကိုစိုးမိုး (အမည်လွဲ)နဲ့ မအေးအေးပိုင်(အမည်လွှဲ)တို့လည်း ပါဝင်ခဲ့ကြပါတယ်။ သူတို့မှာ သားလေး နှစ်ယောက်ရှိပြီး၊ တစ်ယောက်က ခုနှစ်နှစ်အရွယ်နဲ့ အငယ်လေးက လေးနှစ်ဝန်းကျင်အရွယ်ပါ။

သူတို့ရဲ့ သားငယ်ဖြစ်သူကို ကိုးလသားအထိ ကာကွယ်ဆေးထိုးခဲ့ပြီး အဲ့ဒီနောက်ပိုင်းမှာ ကိုဗစ်ကြောင့် ကာကွယ် ဆေးထိုးဌာနတွေ ပိတ်ထားခဲ့လို့ ဆက်လက်မထိုးနိုင်ခဲ့ပါဘူး။

ကိုဗစ်ကူးစက်မှုတွေဖြစ်ပွားနေတုန်းမှာပဲ မြန်မာပြည်မှာ နိုင်ငံရေးအပြောင်းအလဲတွေ ဆက်တိုက် ဖြစ်လာခဲ့ပြီး၊ ကာကွယ်ဆေးထိုးဌာနတွေ ပြန်မဖွင့်နိုင်ခင်မှာပဲ ကာကွယ်ဆေးတွေ ပြတ်တောက်သွားလို့ ကလေးတွေကို ဆေးမထိုးနိုင်တဲ့အတွက် အဲဒီကာလက မိဘတွေ ဗျာများခဲ့ရတဲ့ကာလအပိုင်းအခြားပါပဲ။ အချို့ဒေသတွေမှာ စစ်ပွဲတွေကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရတာမျိုးတွေ ဖြစ်ခဲ့ကြတယ်။

မိဘတွေဟာ ကိုယ့်ကလေးကို ကာကွယ်ဆေး ထိုးနှံနိုင်ဖို့အတွက် လက်လှမ်းမီသလောက် နည်းမျိုးစုံနဲ့ ကြိုးစားခဲ့ကြတယ်။ မြို့ပြမှာနေထိုင်ပြီး ငွေကြေးအင်အားတတ်နိုင်တဲ့ မိဘတချို့က အထူးကုဆေးရုံ/ ဆေးခန်းတွေမှာ တန်ဖိုးကြီးပေးပြီး ကာကွယ်ဆေးအချို့ကို ထိုးနှံနိုင်ခဲ့ပေမယ့် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ယှဉ်ရင်တော့ အဲလို ထိုးနှံခွင့်ရခဲ့တဲ့ ကလေးက အနည်းစုလို့ ဆိုနိုင်ပါတယ်။

နောက်ပိုင်းမှာ တချို့တိုင်းနဲ့ပြည်နယ်တွေမှာ ကာကွယ်ဆေးထိုးလုပ်ငန်းတွေကို ပုံမှန်အတိုင်း ပြန်လည် လုပ်ကိုင်ကြချိန်မှာတော့ ကိုစိုးမိုးနဲ့ မအေးအေးပိုင်တို့မိသားစုဟာ လုံခြုံရေးအခြေအနေတွေအရ မြန်မာပြည် တွင်းထဲမှာ အဆင့်ဆင့် နေရာရွှေ့ပြောင်းနေထိုင်ခဲ့ရသလို၊ နောက်ဆုံးမှာ ထိုင်း-မြန်မာနယ်စပ်ကို ရွှေ့ပြောင်း ရောက်ရှိခဲ့ကြတယ်။

တရားမဝင်ရွှေ့ပြောင်းရောက်ရှိလာခဲ့ရတာဖြစ်လို့ ဖမ်းဆီးခံရမှာစိုးရိမ်တာကြောင့် အိမ်ထဲက အိမ်ပြင် မထွက်ရဲခဲ့ဘူး။  မြန်မာရွှေ့ပြောင်း လုပ်သားတွေအားကိုးရတဲ့ မယ်တော်ဆေးခန်းလို နေရာမျိုးတွေကို မရောက်နိုင်ခဲ့ဘူးလို့ မအေးအေးပိုင်က အဲဒီတုန်းကအခြေအနေကို ပြောပြတယ်။

ဒီလိုနဲ့ သူတို့ရဲ့ သားငယ်လေးဟာ ကာကွယ်ဆေးထိုးရမယ့် အသက်အရွယ်အပိုင်းအခြားကို တဖြည်းဖြည်း ကျော်လွန်လာခဲ့တယ်။ နေရာအသစ်မှာ မိသားစု အခြေချရပ်တည်နေထိုင်ဖို့အတွက် ကြိုးစားနေရတာတွေ ကြောင့် ကာကွယ်ဆေးထိုးရမယ့်အကြိမ်မပြည့်မီဘဲ အသက်အရွယ်ကျော်လွန်လာတာကို အလေးအနက်မတွေးမိဘဲ ကျော်ဖြတ်ခဲ့ကြတယ်။

ဒီကြားကာလတွေမှာ ကိုစိုးမိုးနဲ့ မအေးအေးပိုင်တို့သတိထားမိတာတစ်ခုက  သားဖြစ်သူ ကျန်းမာရေးချူချာတဲ့ အခြေအနေပါ။ လေးနှစ်ဝန်းကျင်အရွယ် သားဖြစ်သူဟာ မကြာခဏ ဖျားနာတတ်တဲ့ကလေးတစ်ယောက် ဖြစ်နေတာကို သတိထားမိလာတယ်။ အအေးပတ်လွယ်တာ၊ နှာစေး၊ ချောင်းဆိုဖြစ်လွယ်တာနဲ့ မကြာခဏဖျားနာတတ်တာတွေကြောင့် သေချာစဉ်းစားကြည့်တဲ့အခါ ကာကွယ်ဆေးစုံလင်အောင် မထိုးခဲ့ရလို့ ကိုယ်ခံအားနည်းနေတာလား ဆိုတဲ့ မေးခွန်းတစ်ခု ထွက်လာပါတယ်။

ကာကွယ်ဆေးထိုးရမယ့် အသက်အရွယ်ကျော်လွန်သွားတဲ့ကလေးအတွက် ဘယ်လို ကျန်းကျန်းမာမာ နေထိုင်နိုင်အောင် ပြုစုပေးလို့ရတဲ့ ဘယ်လိုနည်းလမ်းတွေရှိသလဲဆိုတာ ကလေးအထူးကုဆရာဝန်ကြီးနဲ့ တိုင်ပင်ဖို့အတွက် စီစဉ်နေကြပါတယ်။

ကာကွယ်ဆေးတစ်ကြိမ်မှ မရရှိသေးတဲ့ ကလေးငယ်တွေ၊ အသက်အရွယ်အလိုက်ကာကွယ်ဆေးအကြိမ်ရေ အပြည့်မရရှိသေးတဲ့ ကလေးငယ်တွေအားလုံးအတွက် Catch Up နည်းလမ်းနဲ့ ကာကွယ်ဆေးထိုးလို့၊ တိုက်လို့ ရပါတယ်လို့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(UNICEF)က အသိပညာမျှဝေထားပါတယ်။

Catch Up နည်းလမ်းနဲ ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်းဆိုတာ ကိုစိုးမိုးနဲ့ မအေးအေးပိုင်တို့ရဲ့ သားငယ်လေးလို ကာကွယ်ဆေးအကြိမ်မပြည့်တဲ့ကလေးတွေရော၊ ကာကွယ်ဆေးလုံးဝမထိုးရသေးတဲ့ ကလေးတွေရောအတွက် ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်မှာ လမ်းညွှန်ထားတဲ့အတိုင်း အကျုံးဝင်တဲ့ အသက်အရွယ်အထိ အမှီလိုက်တဲ့နည်းလမ်းဖြစ်ပါတယ်။

ဒါတွေကို အသေးစိတ်သိရှိဖို့က ကာကွယ်ဆေးထိုးပေးတဲ့ ဆေးခန်းတွေ၊ စုရပ်တွေမှာ မေးကြည့်လို့ရတယ် လို့ UNICEF က လမ်းညွှန်ထားပါတယ်။

ကိုစိုးမိုးနဲ့ မအေးအေးပိုင်တို့လည်း ဒီ Catch Up  နည်းလမ်းနဲ့ အမှီပြန်လိုက်ဖို့အတွက် ကျွမ်းကျင် ရတဲ့ ကျန်းမာရေးဝန်ထမ်းဆီကို အမြန်ဆုံးသွားတွေ့ဆုံတိုင်ပင်ဖို့ ပြင်ဆင်နေပါတယ်။

ကာကွယ်ဆေးတစ်ကြိမ်မှမရရှိတဲ့ ကလေးတွေနဲ့ ကာကွယ်ဆေး အကြိမ်ပြည့်မရရှိတဲ့ ကလေးတွေမှာ ပြင်ပက ရောဂါတွေကူးစက်ဝင်ရောက်လာတဲ့အခါ ရောဂါကာကွယ်ဖို့အတွက် လိုအပ်တဲ့ ကိုယ်ခံ စွမ်းအား ထုတ်လုပ်နိုင်ဖို့ အင်အား နည်းပါး/မရှိတာကြောင့် ဖျားနာခြင်းနဲ့ နောက်ဆက်တွဲ ပြင်းထန် ရောဂါလက္ခဏာတွေခံစားရတတ်တယ်၊ အသက်သေဆုံးတဲ့အထိ ခံစားရနိုင်တယ်ဆိုတဲ့ ကျန်းမာရေး ဗဟုသုတရှိသူတွေဖြစ်တဲ့အတွက် စိတ်ထဲမှာ ကလေးကို ကာကွယ်ဆေးပြည့်အောင်ထိုးမပေးနိုင်ခဲ့ တဲ့အတွက် အပြစ်ရှိသလိုမျိုး သူတို့ဇနီးမောင်နှံ ခံစားနေရပါတယ်။

လွန်ခဲ့တဲ့ နှစ်နှစ်ကျော်က ကာကွယ်ဆေးထိုးခွင့်မရခဲ့တဲ့ ကလေးတွေ အားလုံး ကာကွယ်ဆေးထိုးခွင့်ရပြီလား၊ ဒါမှမဟုတ် နိုင်ငံရေး အပြောင်းအလဲတွေကြောင့် ကိုစိုးမိုးနဲ့ မအေးအေးပိုင်လို အဖြစ်အပျက်တူ၊ ခံစားချက်တွေတူတဲ့ မိဘတွေဟာ မြန်မာပြည်အနှံ့အပြားမှာ ဘယ်လောက်တောင်များပြားနေပြီလဲဆိုတာ ဘယ်သူမှ အတိအကျ မခန့်မှန်းနိုင်တဲ့ အခြေအနေလို့ဆိုရမှာဖြစ်ပါတယ်။

ဒီအကြောင်းအရာကို မျှဝေပါ

သတင်း
ဆောင်းပါး နှင့် အထူးကဏ္ဍ