ကိုယ်ဝန်ဆောင်ချိန်မှာ သွေးအားနည်းခြင်းဟာ အတွေ့များတဲ့ ရောဂါလက္ခဏာတခု ဖြစ်ပါတယ်။ အထူးသဖြင့် လစဉ်ဓမ္မတာလာနေကျ အမျိုးသမီးလေးတွေမှာ သွေးအားပမာဏဟာ ရှိသင့်တဲ့ပမာဏထက်လျော့နည်းနေတတ်ပါတယ်။ အသား အစားနည်းတဲ့ အာရှနိုင်ငံများမှာ သွေးအားနည်းရောဂါဟာ မရှားတဲ့ရောဂါလက္ခဏာ တခုပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးအားနည်းတဲ့အခါ မိခင်အပေါ်မှာသာမက သန္ဓေသားကိုပါ ထိခိုက်တတ်ပါတယ်။ မိခင်ဟာကိုယ်ဝန်ဆောင်ချိန်မှာ မိမိကိုယ်တိုင်အတွက်ကော သန္ဓေသားအတွက်ပါ မျှပေးရတဲ့အတွက် သံဓါတ်ပမာဏနဲ့ ဗီတာမင်ဓါတ်တွေ ပုံမှန်ထက် လိုအပ်ပါတယ်။
သံဓါတ်အားနည်းတဲ့အခါ ပုံမှန်မဟုတ်တဲ့ ချဉ်ချင်းတက်ခြင်းတွေ ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်တွေအနေနဲ့ မြေကြီးစားချင်စိတ်၊ မီးသွေးစားချင်စိတ် အစရှိတဲ့ ချဉ်ချင်းတပ်ခြင်းတွေဟာ သံဓါတ်အားနည်းခြင်းကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲပြဿနာများ ဖြစ်ပါတယ်။ သံဓါတ်အားနည်းတဲ့အခါ မိခင်မကျန်းမာခြင်း၊ မောလွယ်ခြင်း ရေရှည်မှာ နှလုံးရောဂါဖြစ်နိုင်ခြင်း ၊ ကိုယ်ဝန်ဆောင်သွေးတိုးခြင်း နဲ့ မွေးကင်းစကလေးမှာ ပေါင်မပြည့်လမစေ့ခြင်းနဲ့ သန္ဓေသား ကြီးထွားမှု ရပ်တန့်ခြင်းတွေ ကြုံရတတ်ပါတယ်။ Folic acid ချို့တဲ့နေတဲ့အခါမှာလဲ ကလေးမှာ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲခြင်း၊ အာရုံကြောမဖွံ့ဖြိုးခြင်းနဲ့ မွေးရာပါ ခန္ဓာကိုယ်ချို့ယွင်းချက်တွေ ရှိနိုင်ပါတယ်။
ဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့ သံဓါတ်ကို ဘယ်လိုအစားအစာတွေကနေ အဓိကယူကြမလဲဆိုတာ သိထားသင့်တဲ့အချက်တခု ဖြစ်ပါတယ်။ ဇင့်ဓါတ် ၊ သံဓါတ် ဗိုက်တာမင် A, C, E နဲ့ essential fatty acids တွေဟာ သန္ဓေသားကျန်းမာရေးအတွက် မရှိမဖြစ်ဓါတ်တွေ ဖြစ်ပါတယ်။ ဒါကြောင့် ဗီတာမင်နဲ့ သတ္တုဓါတ်ကြွယ်ဝတဲ့ အစိမ်းရင့်ရောင်အရွက်တွေ၊ အဆီများတဲ့ငါးနဲ့ အစေ့အဆံတွေ (နေကြာစေ့ ၊ မြေပဲ) စတာတွေကို များများစားသုံးပေးဖို့ လိုအပ်ပါတယ်။ နို့နဲ့နို့ထွက်ပစ္စည်းအမျိုးမျိုး (နွားနို့ ၊ ပဲနို့ ) တွေကိုလဲ သောက်သုံးပေးဖို့ လိုအပ်ပါတယ်။ အသားအများကြီးမစားနိုင်လဲ အရွက်စိမ်းများများ၊ ငါးများများနဲ့ ပဲအမျိုးမျိုးကို လုံလောက်အောင် စားပေးဖို့ လိုပါတယ်။ ဥမာအားဖြင့် တစ်နေ့တာ ပမာဏအနေနဲ့ နွားနို့ သို့မဟုတ် ပဲနို့ – ၂ ခွက်မှ ၄ ခွက်၊ ငါး – တရက် ကို ၁၀-၁၅ ကျပ်သား၊ ပဲအမျိုးမျိုး – လက်တဆုပ်စာပမာဏ၊ အရွက်စိမ်းအမျိုးမျိုး – နှစ်သက်သလောက် စားသုံးပေးနိုင်ပါတယ်။ ဒါပေမယ့် ငါးစိမ်း၊ အသားအစိမ်းစားခြင်းဟာ ဘက်တီးရီးယားပါဝင်မှု များတဲ့အတွက် ရှောင်ကြဉ်ပေးဖို့ လိုအပ်ပါတယ် ။
ဒါ့အပြင် ကော်ဖီ အသောက်များခြင်းဟာ ပေါင်မပြည့်တဲ့ကလေးတွေ မွေးဖွားခြင်းနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ အချို့သော သုတေသနတွေအရ ကော်ဖီသောက်ခြင်းဟာ အစားအစာကနေ သံဓါတ်စုပ်ယူမှုကို ဟန့်တားပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒါဟာ ကော်ဖီကို လုံးဝဖြတ်ရမယ် လို့ဆိုလိုတာတော့ မဟုတ်ပေမယ့် ကိုယ်ဝန်ဆောင်တွေဟာ တရက်ကို caffeine 200mg ထက်လျော့ပြီးသောက်ဖို့ လိုအပ်ပါတယ်။ တွက်ရလွယ်အောင်ပြောရရင် ကော်ဖီတခွက်မှာ caffeine 100-140 mg ပါပါတယ်။ ဒါကြောင့် ကော်ဖီကို မဖြတ်နိုင်ရင်တောင် တစ်ရက်ကို တစ်ခွက်လောက်ပဲ သောက်သင့်ပါတယ်။ ကော်ဖီလိုပဲ ကဖင်းဓါတ်ပါဝင်တဲ့ ကိုလာ ၊ လဖ္ဘက်ရည် တို့ကိုလည်း လျော့ဖို့ လိုအပ်ပါတယ်။
ဒါ့အပြင် သံဓါတ်ကြွယ်ဝတဲ့အစားအစာတွေ စားတဲ့အခါ ရှောင်ရမယ့် အခြေအနေတွေ ရှိနေပါတယ်။ ရှောင်သင့်တဲ့ အစားအစာတွေမှာ မကျက်တကျက် ပြုတ်ထားတဲ့ကြက်ဥ (သို့) ကြက်ဥအစိမ်းနဲ့ ပြုလုပ်ထားတဲ့ စားစရာများ၊ သေချာပိုးသတ်ထားခြင်း မရှိတဲ့ (Pausterized မလုပ်ထားတဲ့) နို့ကနေပြုလုပ်ထားတဲ့ cheese အမျိုးမျိုး (cheese အကုန်လုံးကိုမဆိုလိုပါ) မကျက်တကျက်ချက်ထားသောအသားတွေ၊ အသီးအရွက်အစိမ်းတွေ ပါဝင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကြက်ဥအစိမ်းမှာ salmonella လို့ခေါ်တဲ့ ဘက်တီးရီးယားပိုး ပေါက်ဖွားပါတယ်။ Cheese အမျိုးမျိုး မကျက်သောအသားများနဲ့ အသီးအရွက် အစိမ်းတွေမှာ listeria လို့ခေါ်တဲ့ ဘက်တီးရီးယားတမျိုး ပေါက်ဖွားတတ်ပါတယ်။ မိခင်ဆီကို အစာကနေတဆင့် အဆိုပါပိုးတွေကူးစက်ခဲ့ရင် သန္ဓေသားမှာ လမပြည့်ပဲမွေးခြင်း၊ ပေါင်ချိန်မပြည့်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။
ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်တိုင်းဟာ သွေးအားနည်းခြင်းကို ကာကွယ်ဖို့ သံဓါတ်ကြွယ်ဝတဲ့ အစားအသောက်တွေကို စားသောက်ဖို့နဲ့ အစားအစာတွေကို ရွေးချယ်စားသောက်တဲ့အခါ သေချာပိုးသတ်ထားတဲ့၊ သေချာချက်ပြုတ်ထားတဲ့ အစားအသောက်တွေကိုသာ ရွေးချယ်ဖို့ အပြင် ကိုယ်ဝန်ဆောင်ချိန်မှာ သံဓါတ်ဆေးပြားအပြင် folic acid ဓါတ်ကိုပါ ပုံမှန်သောက်ပေးဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တတ်တဲ့အခြား ကျန်းမာရေးပြဿနာတွေကို စောလျင်စွာသိဖို့နဲ့ ကိုယ်ဝန်ဆောင်ခြင်း၊ မီးဖွားခြင်းအားလုံး ချောမွေ့စေနိုင်ဖို့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန် သူနာပြုများနဲ့ ကိုယ်ဝန်ဆောင်အပ်နှံဖို့လည်း အထူးလိုအပ်ပါတယ်။