ကလေး ဝမ်းသွားတဲ့အဖြစ်က ဘဝရဲ့အပျော်ဆုံးနေ့တွေထဲက တစ်နေ့ ဖြစ်ခဲ့ဖူးတယ်

Published On: February 3rd, 2024|Views: 2127|

ခိုင်ရီ ရေးသည်

(ဆောင်းပါးရေးသူသည် ဝါရင့်သတင်းသမားတစ်ဦးဖြစ်သလို မိခင်တစ်ဦးလည်းဖြစ်သည်။ ယခုဆောင်းပါးရေးသားခြင်းအတွက် ဒို့အိမ်မက် မှ ပံ့ပိုးကူညီပေးထားသည်။)

“ဒီနေ့ ကလေး ဝမ်းသွားပြီလား”

“ဒီနေ့ ကလေး အီးမပါသေးဘူးနော်”

ဒီမေးခွန်းတွေဟာ အသက်နှစ်ပတ်သားအရွယ် ကလေးနဲ့ပတ်သက်ပြီး ကျမနဲ့ကလေးအဖေတို့ကြားမှာ နေ့စဉ်မေးမိ၊ ပြောမိခဲ့တဲ့ စကားလုံးတွေပါ။

တချို့ရက်တွေဆိုရင် အဲဒီစကားလုံးတွေကို ဘယ်နှစ်ကြိမ်မြောက် ပြောမိမှန်းမသိဘူး။

မွေးခန်းထဲကထွက်လာတဲ့နောက်ပိုင်း နေ့စဉ်ပုံမှန် တစ်ကြိမ်၊ နှစ်ကြိမ်မက ဝမ်းသွားတတ်တဲ့ ကျမတို့ကလေးဟာ အသက် နှစ်ပတ်နီးပါးအရွယ်ကို ရောက်လာတဲ့အခါမှာ ဝမ်းသွားတဲ့အမူအကျင့် စပြောင်းလာတယ်။

မွေးပြီးကတည်းက တစ်နေ့ကို သုံး၊ လေးကြိမ်လောက်၊ ရံဖန်ရံခါ လေနဲ့ဝမ်းမကွဲဘဲ ငါးကြိမ်၊ ခြောက်ကြိမ်လောက်ထိ နည်းနည်းစီ ဝမ်းသွားတတ်တဲ့ကလေးက နှစ်ပတ်သားအရွယ်မှာ တစ်ရက်ကိုတစ်ကြိမ် ဝမ်းမသွားတော့ဘူး။ တစ်ရက်တည်း ငါးကြိမ်၊ ခြောက်ကြိမ် ဝမ်းသွားတာကတော့ မွေးကင်းစ ရက်သားကလေးတွေရဲ့ သဘာဝဆိုတဲ့ ဗဟုသုတလေးရှိထားတော့ စိတ်မပူပေမယ့် ဝမ်းမသွားတာကို စိုးရိမ်ပူပင်ရပါပြီ။

မှန်တစ်ချပ်လို အရိပ်ကြည့်နေတဲ့အရွယ်လေးဆိုတော့ ပထမဆုံးရက်ကို ပူပင်တဲ့စိတ်နဲ့ ကျော်ဖြတ်ပြီး၊ ဒုတိယနေ့မှာ ကလေး ဝမ်းသွားမယ့်အရေးဟာ ကျမတို့အတွက် အရာရာထက် အရေးကြီးသလို ဖြစ်လာပါတော့တယ်။ ဒုတိယနေ့မှာလည်း ကလေးက ဝမ်းမသွားတဲ့အခါမှာတော့ ကျမရဲ့ စိုးရိမ်သောကဟာ ပိုကြီးလာတယ်။

သရုပ်ဖေါ်ပုံ - အေးသီတာကျော်

ရင်းနှီးခင်မင်တဲ့ ကလေးမိဘတွေကို လက်လှမ်းမီသလောက် မေးရမြန်းရပြန်တယ်။

တချို့မိတ်ဆွေတွေက မြန်မာတိုင်းရင်းဆေးတချို့ကို ညွှန်းကြတယ်။

တချို့ကကျတော့လည်း ကွမ်းရိုးလေးနဲ့ ကလေးရဲ့ ဝမ်းသွားလမ်းကြောင်းကို ထိုးပေးဖို့ အကြံပြုကြသလို၊ တချို့က ဝမ်းချူ ဘောလုံးလေးသုံးပြီး ဝမ်းချူပေးဖို့၊ ရင်လူးဆေးလိုမျိုးလိမ်းပေးဖို့ အကြံပြုကြတယ်။

တချို့မိတ်ဆွေတွေက သူတို့လည်း အဲလို အတွေ့အကြုံရှိဖူးတဲ့အကြောင်းနဲ့ စိတ်မပူဖို့အကြောင်းပြောတယ်။

တချို့ကတော့ ကလေးက ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးနေတဲ့အချိန်ဖြစ်လို့ အသားလုပ်တာလို့ ရှင်းပြတယ်။

ဒီလိုနဲ့ အသားလုပ်တာဆိုတာ ဘာမှန်းမသိပေမယ့် သူများတွေလည်း ကြုံဖူးတာပဲလေ၊ စောင့်ကြည့်ကြမယ်ဆိုပြီး ကျမ ဆက်စောင့်ကြည့်ဖြစ်ပါတယ်။ ဝမ်းမချူ၊ ကွမ်းရိုးမထိုး၊ ဘာဆေးမှ မတိုက်ဘဲ ကျမတို့ ဆက်စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက် ကြတယ်။

တတိယမြောက်နေ့မှာတော့ သုံးရက်လုံးလုံး ဝမ်းမသွားခဲ့တဲ့ကလေးက ဝမ်းသွားပါတော့တယ်။ ကလေးဝမ်းသွားတာကို အဲလောက်ထိ ပျော်ရမယ်ဆိုတာ ဘယ်တုန်းကမှ မတွေးခဲ့မိဘူး။

ဒါပေမယ့် နောက်ရက်အနည်းငယ်လောက်မှာ ကလေးက ဝမ်းမသွားပြန်တော့ဘူး။ ကျမတို့ အရင်ကလောက် စိတ်မပူ တော့ဘူး။ ဒီလိုနဲ့ သုံးရက်တကြိမ်ပဲ ဝမ်းသွားတာကို နှစ်ကြိမ်လောက် ဆက်တိုက်ကြုံလိုက်ရပြီး နောက်ဆုံးအကြိမ်မှာတော့ သုံးရက်ကနေ လေးရက်၊ လေးရက်ကနေ ငါးရက်ထဲကို ရောက်လာတဲ့အထိ ဝမ်းမသွားတဲ့ အဖြစ်ကို ရောက်လာပြန်ပါတယ်။

အဲဒီအချိန်မှာ ကျမသားလေးက တစ်လပြည့်ခါနီးပါပြီ။ ဝမ်းမသွားတာ ငါးရက်ရှိနေပေမယ့် ကလေးက လန်းလန်းဆန်းဆန်းနဲ့ ပုံမှန်နို့စို့တယ်၊ ပုံမှန်ရှူးပေါက်တယ်။ ဒါပေမယ့် ကလေးဝမ်းမသွားတာ သုံးရက်ကျော်လာကတည်းက ကျမတို့ရဲ့ စိုးရိမ်မှုရေချိန်က ပြန်တက်လာတယ်။ ငါးရက်မြောက်မှာ တောင်တွေးမြောက်တွေးနဲ့ ကျမတစ်ယောက်တည်း အိပ်မပျော်၊ စားမဝင်ဖြစ်လာတယ်။

ကလေးအသက်တစ်လပြည့်မှာ ဆေးရုံကို နောက်ဆက်တွဲပြန်ပြမယ့်ရက်နဲ့လည်းတိုက်နေတယ်ဆိုတော့ ကလေးဝမ်းမသွားတာ ခြောက်ရက်မြောက်နေ့မှာ ကျမတို့ ဗဟိုအမျိုးသမီးဆေးရုံကြီးကို သွားကြတယ်။ ကလေးဆရာဝန်က တစ်လပြည့်ကလေးနဲ့ ပတ်သက်ပြီး သူသိချင်တာတွေမေးတာနဲ့ ကလေးဝမ်းမသွားတာ ခြောက်ရက်ရှိပြီဖြစ်တဲ့အကြောင်းကို ရှင်းပြတယ်။

ကျမက အလေးအနက်ထား ရှင်းပြနေပေမယ့် ကလေးဆရာဝန်က ကလေးဝမ်းချုပ်တာနဲ့ပတ်သက်ပြီး ထွေထွေထူးထူး မတုံ့ပြန်ဘူး။ မိခင်နို့တစ်မျိုးပဲ တိုက်သလား၊ ကလေးနို့ကောင်းကောင်းစို့သလား၊ လေလည်သလား၊ လန်းလန်းဆန်းဆန်း ရှိသလား ဆိုတာတွေလောက်ပဲ မေးပါတယ်။ ဝမ်းချုပ်တာနဲ့ပတ်သက်ပြီး ဘာဆေးမှ မပေးဘူး။ လိမ်းဆေးလည်း မပေးသလို၊ သောက်ဆေးလည်း မပေးပါဘူး။ စကားတစ်ခွန်းပဲ ပြောတယ်။

“ကျမတို့က မွေးကင်းစကလေး ဝမ်းမသွားရင် တစ်ပတ်ကနေ ၁၀ရက်လောက်ထိ စောင့်ကြည့်ပါတယ်၊ ဘာဆေးမှမလိုဘူး၊ စိတ်မပူနဲ့နော်၊ သူ့ဘာသာသူ သွားလိမ့်မယ်၊ ၁၀ရက်ကျော်လို့ မသွားရင် ပြန်လာခဲ့ပါ”တဲ့။ 

သောက နည်းနည်းလျော့သွားပေမယ့် စိတ်ထဲမှာ မတင်မကျနဲ့ ကလေးပိုက်ပြီးဆေးရုံက ပြန်ခဲ့တယ်။ ကလေးတစ်ယောက် တစ်ပတ်ကနေ ၁၀ရက်အထိ ဝမ်းမသွားတာဟာ ဘာပြဿနာမှ မရှိဘူးဆိုတာကို ကျမစိတ်ထဲ ထူးဆန်းနေတယ်။ ကလေးဆရာဝန်ကိုယ်တိုင်ပြောလိုက်တာဆိုတော့ စိတ်အေးတာတစ်ဝက်၊ စိုးရိမ်စိတ်တစ်ဝက်ကတော့ ရှိနေတုန်းပဲ။ 

ဆေးရုံကပြန်ရောက်တဲ့ ညနေမှာတော့ ဘာဆေးမှတိုက်ဖို့မလို၊ လိမ်းဖို့မလိုဘဲ ကျမရဲ့ တစ်လသားက ပုံမှန်အတိုင်း ဝမ်းသွား ပါတော့တယ်။ ကျမနဲ့ ကလေးအဖေဟာ ဟေးကနဲ့ အော်သံပေးပြီး လက်ဝါးချင်းရိုက်မိတဲ့အထိပါပဲ။ ပျော်လွန်းလို့ လေပေါ်မှာ မြောက်သွားသလို ခံစားလိုက်ရတယ်။ ဒီနေ့ဟာ ဘဝမှာအပျော်ဆုံးနေ့တွေထဲကတစ်ရက်ပဲလို့ ထုတ်ပြောမိတဲ့အထိ အဲဒီနေ့က အပျော်ကို ခုချိန်ထိ ပြန်တွေးမိတိုင်း ပြုံးနေရတုန်းပါပဲ။ 

ခြောက်ရက်တိုင်အောင် ဝမ်းချုပ်နေခဲ့တဲ့ ကျမတို့ရဲ့ မွေးကင်းစကလေးဟာ သုံးလသားအရွယ်လောက်ရောက်တဲ့အထိ တစ်နေ့တစ်ကြိမ် ဝမ်းမှန်မှန်မသွားခဲ့ဘူး။ ရံဖန်ရံခါမှာ သုံးရက်၊ တစ်ခါတလေကျလည်း လေးရက်ကြာတတ်တယ်။ အဲဒီလို ဝမ်းမသွားတဲ့ရက်တွေမှာ နို့တိုက်မိခင် တစ်ယောက်အနေနဲ့ ကျမ ဘာတွေလုပ်သလဲဆိုရင် ဒိန်ချဉ်သောက်ပါတယ်။ ထမင်းဟင်းစားတဲ့အခါမှာ ကင်ပွန်းချဉ်လို၊ ချဉ်ပေါင်လိုမျိုး အချဉ်ဓာတ်လေးပါတဲ့ ဟင်းရည်တစ်မျိုးမျိုးကို ထည့်သောက်တယ်။ အသီးအရွက် များများစားတယ်။ 

ပြီးတော့ ကလေးကို နို့များများဝင်အောင်တိုက်တယ်။ သူနို့တောင်းတိုင်းမှာ မဆိုင်းမတွ၊ မပျက်မကွက် တိုက်တယ်။ ပြီးတော့ သူဆီးသွားတဲ့ ပမာဏကို စောင့်ကြည့်တယ်။ လေလည်သလား၊ လန်းသလား၊ ဗိုက်တွေ မာတောင့်နေသလား၊ မအီမသာ ဖြစ်နေလားဆိုတာ အသေးစိတ်စောင့်ကြည့်တယ်။ 

ပြီးတော့ ကလေးကိုပက်လက်အနေအထားနဲ့သိပ်ပြီး၊ သူ့ခြေထောက်လေးတွေကိုကိုင်ပြီး စက်ဘီးနင်းသလို လေ့ကျင့်ခန်းလေးလုပ်ပေးတယ်။ ပါးစပ်ကလည်း “ကလင်..ကလင်..ကလင်..ကလင်..စက်ဘီးနင်းမယ်ကွယ်” ဆိုပြီး သီချင်းလေးဆိုပြရင် ပက်လက်ကလေးက ပြုံးပျော်နေတာကို မြင်ရတာ တကယ်ကျေနပ်စရာအခိုက်အတန့်ပါပဲ။ 

ရက်သား၊ လသားနုနုအရွယ်မှာ မိခင်နို့တစ်မျိုးတည်းစို့တဲ့ ကလေးတစ်ယောက်ဟာ လေး၊ ငါးကြိမ် ဝမ်းသွားတယ်ဆိုရင်ဖြစ်စေ၊ သုံး၊ လေးရက်ကြာတဲ့အထိ၊ တစ်ခါတရံ တစ်ပတ်လောက်ထိ ဝမ်းမသွားတာဖြစ်စေ သဘာဝပဲ၊ ပုံမှန်ပဲဆိုတာတွေကတော့ ကျမ စာတွေရှာဖွေ ဖတ်ရှုရင်းကနေ သိလာတဲ့ အသိတွေပဲဖြစ်ပါတယ်။ 

မိခင်နို့ရဲ့အာဟာရကို ဝမ်းအဖြစ်မစွန့်ထုတ်ဘဲ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးဖို့  အသုံးပြုနေတဲ့အရွယ်ဖြစ်တယ်ဆိုတာ သိလိုက်ရတယ်။ လူကြီးတွေ ပြောတတ်တဲ့ “အသားလုပ်တယ်” ဆိုတဲ့ စကားလုံးနဲ့ အဓိပ္ပါယ်အတူတူပဲ ဖြစ်ပါတယ်။  

တချို့တိုင်းရင်းဆေးတွေက ကလေးရဲ့မွေးရာပါ အန်ဇိုင်း(မ်)ဓာတ်ချို့တဲ့မှုတွေနဲ့မတည့်လို့ မည်သည့် ဆေးအမျိုးအစားမဆို ဘေးထွက်ဆိုးကျိုးအနည်းနဲ့အများ ရှိနိုင်တဲ့အတွက် နုနယ်တဲ့ကလေးတွေမှာ မလိုအပ်ဘဲ မတိုက်သင့်ကြောင်း မှတ်သားရပါတယ်

ကလေးရဲ့  ဝမ်းသွားလမ်းကြောင်းနံရံက သွေးကြောမျှင်တွေ ပေါက်တတ်တဲ့ အန္တရာယ်ရှိတဲ့အတွက် ကွမ်းရိုး၊ ဂွမ်းတံ စတာတွေနဲ့ ကလေးရဲ့ ဝမ်းသွားလမ်းကြောင်းကို မထိုးဖို့ အကြံပြုစာတွေကို ဖတ်မှတ်ရပါတယ်။

ဝမ်းပုံမှန်မသွားပေမယ့်လည်း ကလေးလန်းနေရင်၊ ဆီးပုံမှန်သွားရင်၊ လေလည်ရင်၊ ဗိုက်ကြီးမာတောင့်မနေရင်၊ နို့ပုံမှန်စို့တယ်ဆိုရင် စိတ်မပူဖို့ဆိုတဲ့ ကလေးဆရာဝန်ကြီးတွေရဲ့ အကြံပြုချက်၊ အတွေ့အကြုံရှိတဲ့ မိဘတွေရဲ့ မျှဝေမှုတွေက အများကြီးအထောက်အကူပြုခဲ့ပါတယ်။

ကျမတို့ရဲ့ ကလေးဟာ သုံးလသားအရွယ်ကို ကျော်လွန်သွားတဲ့အခါကျတော့မှပဲ သူရဲ့ဝမ်းသွားတဲ့အမူအကျင့်လေးတွေက မှန်လာတော့တယ်။ စိုးရိမ်ပူပင်မှုတွေ၊ သောကတွေ၊ ပျော်စရာ၊ ရယ်မောစရာတွေပေးခဲ့တဲ့ ဒီအတောအတွင်းကာလကို ဖတ်မှတ်ရတဲ့ ကျန်းမာရေး အသိပညာတွေ၊ အကြံပြုချက်တွေအားကိုးနဲ့ ရဲရဲတင်းတင်းကျော်ဖြတ်နိုင်ခဲ့တဲ့ သားဦးမအေတစ်ယောက်ရဲ့ အတွေ့အကြုံကို မျှဝေပေးလိုက်ပါတယ်။ 

ဒီအကြောင်းအရာကို မျှဝေပါ