Skip to content
Ads Advertisement

တစ်ပတ်အတွင်း ကျန်းမာရေး သတင်းအနှစ်ချုပ် (Apr 8th 2026 to Apr 14th 2026)

• အသင့်ထုပ်ပိုးထားတဲ့ အစားအသောက်တွေရဲ့ အမှတ်တံဆိပ်ပေါ်မှာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနဲ့ ဝန်ကြီးဌာနရဲ့ အမှတ်တံဆိပ် ထည့်သွင်းဖော်ပြဖို့ ညွှန်ကြားထားပြီး ၂၀၂၆ ခုနှစ် မေလကစပြီး အမှတ်တံဆိပ်မပါတာမျိုးတွေ စိစစ်တွေ့ရှိရင် အမျိုးသား အစားအသောက် ဥပဒေပုဒ်မ ၃၁ အရ အရေးယူသွားမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

• အပူဒဏ်ကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုတွေကို ကျေးလက်ဒေသတွေအထိ ရောက်ရှိအောင် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ရမယ်လို့ ကျန်းမာရေးပြဿနာများ ကာကွယ်ကုသရေး ညှိနှိုင်းအစည်း အဝေးမှာ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ထွန်းက လမ်းညွှန်ထားပါတယ်။

• မိဘပြည်သူတွေ အပူဒဏ်အန္တရာယ် ကာကွယ်နိုင်ရေး အသိပညာပေးလက်ကမ်းစာစောင်တွေကို မြို့နယ် ကျန်းမာရေးဌာန ဝန်ထမ်းတွေ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ လူမှုရေးအသင်းအဖွဲ့တွေ ပူပေါင်းပြီး ဝေငှခဲ့တယ်လို့ ကျိုက်ထိုမြို့နယ်၊ ပြည်သူ့ဆေးရုံက ထုတ်ပြန်ထားပါတယ်။

• ပူပြင်းတဲ့ နွေရာသီကို ရောက်လာပြီဖြစ်လို့ အပူဒဏ်ကြောင့် ဖြစ်နိုင်တဲ့ ရောဂါတွေ ကုသပေးဖို့နဲ့ ဆေးရုံကို လာရောက်ကုသမှုခံယူမယ့် လူနာတွေကို လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားသလို ရန်ကုန်အရှေ့ပိုင်းနဲ့ အနောက်ပိုင်းဆေးရုံကြီး၊ လှိုင်သာယာနဲ့ သန်လျင်မြို့ ပြည်သူ့ဆေးရုံတွေမှာလည်း လက်ခံကုသပေးနိုင်မယ့်နေရာတွေကို ကြိုတင်ပြင်ဆင်ထားသလို ဆေးဝါးနဲ့ ဆေးပစ္စည်းတွေကိုလည်း ကြိုတင်ဖြည့်ဆည်းထားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် အပူဒဏ်သင့်လူနာတွေကို အရေးပေါ်ကုသရာမှာ ဘာသာရပ်ဆိုင်ရာအလိုက် ကျွမ်း ကျင်မှုရှိဖို့အတွက် လေ့ကျင့်မှုတွေကို ပြုလုပ်ထားပြီး အပူဒဏ်နဲ့ ပတ်သက်တဲ့ ကျန်းမာရေးပြဿနာတွေကို ကာကွယ်၊ ကုသနိုင်ရေးလုပ်ငန်းတွေကိုလည်း ပိုမိုအရှိန်မြှင့် ဆောင်ရွက်နေပါတယ်။

• အငြိမ်းစားဝန်ထမ်းနဲ့ သက်ကြီးဘိုးဘွားတွေ အာဟာရပြည့်ဝအောင် စားသောက်နိုင်ရေးအတွက် သွားတုအံကပ် အခမဲ့တပ်ဆင်ပေးတာကို ၂၀၂၂ ခုနှစ်ကနေ ၂၀၂၆ ခုနှစ် မတ်လအတွင်း ကွင်းဆင်း ကုသပေးမှု စုစုပေါင်း ၄၆ ကြိမ်အတွင်း သွားတုအံ့ကပ် ၁,၂၂၄ ခုအထိ အခမဲ့ တပ်ဆင်ပေးပြီးဖြစ် တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဝန်ကြီးဌာနဟာ ၂၀၂၃ ခုနှစ်က စပြီး သွားတုအံကပ်တွေကို အခမဲ့တပ်ဆင်ပေးနေသလို သွားနှင့် ခံတွင်းကျန်းမာရေးအတွက် နယ်လှည့်ကွင်း ဆင်းကုသမှုများကိုလည်း လုပ်ဆောင်ပေးလျက် ရှိပါတယ်။

• ကျောက်ဆည်မြို့နယ် ပြည်သူ့ဆေးရုံဝင်းထဲမှာ သံဃာတော်တစ်ပါး အပူကြီးပြီး သတိလစ်နေတယ်လို့ ဆတက်သွယ်အကူအညီတောင်းလာတာကြောင့် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မဟာအောင်မြေ – ကျောက်ဆည်မြို့) က သက်ဆိုင်ရာဌာနနဲ့ သံဃနာယကအဖွဲ့တွေဆီ ဆက်သွယ်အကြောင်းကြားပြီး ဆေးရုံတင် ကုသပေးခဲ့ရပါတယ်။

• ပြီးခဲ့တဲ့ ရက်သတ္တ သုံးပတ်အတွင်း ဝက်သက်လို့ သံသယရှိတဲ့ အကြောင်းအရင်းကြောင့် အနည်းဆုံး ကလေးငယ် ၉၈ ဦး သေဆုံးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ထုတ်ဖော်ပြောဆိုထားပြီး ရောဂါအဆိုး ဆုံးဖြစ်ပွားနေတဲ့ဒေသတွေမှာ ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပါတယ်။

• ဝက်သက်ရောဂါဟာ ကမ္ဘာပေါ်မှာ ကူးစက်နိုင်ဆုံးရောဂါတွေထဲက တစ်ခုဖြစ်ပြီး လူတစ်ယောက် ချောင်းဆိုးတာ ဒါမှမဟုတ် နှာချေတာကနေ ကူးစက်ပျံနှံ့တတ်ပြီး ဒီရောဂါဟာ အသက်အရွယ်မရွေး ဖြစ်နိုင်ပေမယ့် ကလေးငယ်တွေမှာ အဖြစ်အများဆုံး ဖြစ်ပါတယ်။ ဝက်သက်ရောဂါဖြစ်ပြီဆို ဦးနှောက် ရောင်ရမ်းတာနဲ့ ပြင်းထန် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို နောက်ဆက်တွဲဆိုးကျိုးအ ဖြစ်ခံစားရနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်ထားပါတယ်။

• ထိုင်းနိုင်ငံ ရာဇဝီသီဆေးရုံ (Rajavithi Hospital) မှာ ပထမဆုံး စက်ရုပ်လက်တံသုံး နှလုံးခွဲစိတ်မှုကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါဟာ နှလုံးကုသမှုကဏ္ဍအတွက် ကြီးမားတဲ့ တိုးတက်မှု ဖြစ်သလို တိကျအားကောင်းတဲ့ ကုသမှုကို မြှင့်တင်ဖို့၊ ခွဲစိတ်မှုနောက်ဆက်တွဲ ပြဿနာတွေကို လျှော့ချဖို့အပြင် နိုင်ငံကို ဒေသတွင်း ဆေးဘက်ဆိုင်ရာ ဗဟိုချက်မအဖြစ် တည်ထောင်ဖို့ ရည် ရွယ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နပ်သာဖွန် ဝေါင်ဝီဝပ်က ပြောပါတယ်။

• ထိုင်းအစိုးရဆေးရုံတွေမှာ တက်ရောက်ကုသကြတဲ့ နိုင်ငံခြားသား ခရီးသွားတွေဟာ ဆေးဖိုးမပေးဘဲ ပြန်သွားတာ၊ ဒါမှမဟုတ် ပေးဖို့ မတတ်နိုင်တာတွေကြောင့် တစ်နှစ်ကို ဘတ် သန်း ၁၀၀ ကျော် ဆုံးရှုံးနေရတဲ့အတွက် နိုင်ငံထဲ လာမယ့် ခရီးသွားတွေဟာ ကျန်းမာရေးအာမခံ မဖြစ်မနေထားရှိရမယ့် အစီအစဉ်တစ်ရပ် ထားရှိဖို့ ထိုင်းအာဏာပိုင်တွေက ပြင်ဆင်နေပါတယ်။

• အူမကြီးကင်ဆာကို ကိုလိုနိုစကုပ် (Colonoscopy) နည်းသုံး စမ်းသပ်မှုအစား မစင်နမူနာကို AI အသုံးပြုပြီး ခွဲခြမ်းစိတ်ဖြာတဲ့နည်းလမ်းကို University of Geneva (UNIGE) က သုတေ သနပညာရှင်တွေက ရှာဖွေနိုင်ခဲ့တယ်လို့ သိရပါတယ်။

• လူအများစုဟာ ညဘက် အိပ်မပျော်တဲ့အခါ အခန်းတွင်း အလင်းအမှောင်ကြောင့် ဖြစ်တဲ့ စိတ်ဖိစီးမှု တွေကြောင့်လို့ ပြောဆိုနေကြပေမယ့် အခန်းတွင်း အပူချိန်ကလည်း အရေးကြီးတယ်လို့ National Sleep Foundation က သုတေသနနဲ့ သိပ္ပံရေးရာဌာန ဒုတိယဥက္ကဋ္ဌ Joseph Dzierzewski က CNN သတင်းဌာနကို ပြောဆိုထားပါတယ်။ အပူချိန်နဲ့ လေဝင်လေထွက် အနည်း ငယ်ပြောင်းတာဟာ အိပ်စက်မှုအပေါ် သက်ရောက်မှုရှိပြီး အိပ်မပျော်တာတွေ ဖြစ်စေတယ်လို့ သူက ဆိုပါတယ်။ ဒါကြောင့် အိပ်စက်တဲ့အခါ သက်သောင့်သက်သာရှိတဲ့ “Sleep Microclimate” တစ်ခု ဖန်တီးဖို့ လိုပြီး အိပ်ရာခင်းနဲ့ ညအိပ်ရာဝင် အိင်္ကျီတွေမှာ အပူပိတ်မနေအောင် ဖန်တီးဖို့ လိုပြီး အိပ်တဲ့အခါ အဝတ်အစားမပါဘဲ အိပ်တာ၊ ဒါမှမဟုတ် ပေါ့ပါးတဲ့ အဝတ်အစားဝတ်အိပ်တာမျိုးကို လူကို ပိုပြီး အိပ်ပျော်စေတယ်လို့လည်း ပြောပါတယ်။

• ဗီယမ်နမ်နိုင်ငံက မူလတန်းကျောင်း နှစ်ကျောင်းမှာ ပါးချိတ်ရောင်ရောဂါပိုး ပျံနှံ့နေပြီး ဒါကို ထိန်းချုပ်နိုင်ဖို့ တာဝန်ရှိသူတွေက ကြိုးပမ်းနေကြပါတယ်။ ကျောင်းတစ်ကျောင်းမှာ ပိုးကူးစက်ခံရတယ်လို့ သံသယရှိလူနာ ၁၁ ဦးကို တွေ့ရှိထားပြီး ကလေးတွေဟာ အဖျားတက်တာ၊ မျက်နှာရောင်ရမ်းတာ၊ နာကျင်တာ စတဲ့လက္ခဏာတွေကို ခံစားနေကြရပါတယ်။ သံသယရှိ ကူးစက်ခံရသူတွေထဲက တချို့ဟာ တစ်နေရာတည်းမှာ အတူနေထိုင်ကြသူတွေ ဖြစ်ပြီး လက်ရှိမှာ မိဘတွေကို ချက်ချင်းအသိပေးထားသလို ကလေးတွေကို အိမ်ပြန်ခေါ်သွားပြီး သီးခြားထား (Quarantine) ပြီး ကုသမှုခံယူစေဖို့ကို လည်း ညွှန်ကြားထားပါတယ်။

#အပူဒဏ်

#ဝက်သက်

#စက်ရုပ်သုံးလက်တံ

#ပါးချိတ်ရောင်

လူကြိုက်များသောဆောင်းပါးများ

Ads Advertisement