မိဘများခင်ဗျာ… ခွဲစိတ်ဆရာဝန်တစ်ယောက်အနေနဲ့ ဆေးခန်းမှာ ကြုံတွေ့ရလေ့ရှိတဲ့ ပြဿနာတစ်ခုကတော့ ယောကျ်ားလေးတွေမှာဖြစ်တတ်တဲ့ လိင်တံထိပ် ပန်းငုံအရေပြားမပွင့်တဲ့ ပြဿနာ (Phimosis)ပဲ ဖြစ်ပါတယ်။ ဒါဟာ မိဘတွေအတွက် စိုးရိမ်ပူပန်စရာဖြစ်တတ်တာကြောင့် နိုင်ငံတကာ ဆေးပညာလမ်းညွှန်ချက်တွေနဲ့အညီ လက်တွေ့သိထားသင့်တဲ့ အချက်တွေကို ရှင်းလင်းတင်ပြပေးချင်ပါတယ်။
ကလေးငယ်တွေ ဖျားနာတာဟာ အကြောင်းရင်းမျိုးစုံ ရှိနိုင်ပါတယ်။ ကလေးက နှာစေး၊ ချောင်းဆိုး၊ ဝမ်းလျှောတာ စတဲ့ အခြားရောဂါလက္ခဏာတွေမရှိဘဲ မကြာခဏ ဖျားနေမယ်၊ အထူးသဖြင့် ဂျိုးထိပ်အရေပြားမလှီးရသေးတဲ့ ကလေးဖြစ်နေမယ်ဆိုရင်တော့ ဆီးလမ်းကြောင်းပိုးဝင်ခြင်း (Urinary Tract Infection – UTI) ရှိ/မရှိကို ထည့်သွင်းစဉ်းစားရပါမယ်။
မိဘတွေအနေနဲ့ မိမိကလေးမှာ ဆီးသွားရင် နာကျင်တာ၊ ဆီးသွားရခက်တာ၊ ဆီးသွားတဲ့အခါ သားယောကျ်ားလေးရဲ့ ပန်းငုံအရေပြား ဖောင်းတက်လာတာ (Ballooning) မျိုးတွေ တွေ့ရပြီဆိုရင်တော့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသတိုင်ပင်ဖို့ လိုအပ်နေပါပြီ။ ဒါ့အပြင် မကြာခဏ နီရဲရောင်ရမ်းပြီး နာကျင်တာ၊ အနံ့ဆိုးထွက်တာ၊ ပြည်လိုမျိုး ပျစ်ချွဲချွဲအရည်တွေ ထွက်တာ၊ ဆီးပိုး ခဏခဏဝင်တာနဲ့ သားယောကျ်ားလေးရဲ့ လိင်တံထိပ်အရေပြားဟာ အရင်ကအနောက်ကို ဆွဲလှန်လို့ရပေမယ့် နောက်ပိုင်း အမာရွတ်လို အဖြူကွင်းကြီးဖြစ်လာပြီး ပြန်လှန်မရတော့တာမျိုးတွေဟာ ဆေးကုသမှုခံယူရန် လိုအပ်နေပြီဖြစ်ကြောင်း ပြသနေတဲ့ လက္ခဏာရပ်တွေပဲ ဖြစ်ပါတယ်။
မွေးကင်းစ ယောကျ်ားလေးအများစုမှာ လိင်တံထိပ်အရေပြားဟာ ထိပ်ဖူးနဲ့ကပ်နေပြီး နောက်ကိုဆွဲလှန်လို့ မရတတ်တာ သဘာဝပါပဲ။ ကလေးအရွယ်ရောက်လာတာနဲ့အမျှ သူ့အလိုလို ကွာကျပြီး ပွင့်သွားမှာဖြစ်တဲ့အတွက် မိဘတွေအနေနဲ့ အတင်းအဓမ္မ ဆွဲလှန်တာမျိုး လုံးဝ (လုံးဝ) မပြုလုပ်သင့်ပါဘူး။ အတင်းဆွဲလှန်ခြင်းက ကလေးကိုနာကျင်စေခြင်း၊ သွေးထွက်ခြင်းတို့ ဖြစ်စေနိုင်ပြီး၊ နာလန်ထချိန်မှာ အမာရွတ်တွေ ကျန်ခဲ့နိုင်တဲ့အတွက် ပုံမှန်ပွင့်ရမယ့်အချိန်မှာမပွင့်ဘဲ ပိုဆိုးသွားစေတတ်ပါတယ်။
အကယ်၍ ကလေးဟာ ဆီးလုံးဝသွားလို့ မရတော့တာ၊ သို့မဟုတ် ထိပ်အရေပြားကို နောက်ဆွဲလှန်ပြီးမှ ရှေ့ကိုပြန်ဖုံးလို့မရဘဲ တစ်ဆို့နေတာ (Paraphimosis) မျိုး ကြုံလာရရင်တော့ အချိန်ဆွဲမနေဘဲ နီးစပ်ရာဆေးရုံကို အမြန်ဆုံး သွားရောက်ပြသရပါမယ်။ ထိပ်ဖူး အရောင်ပြောင်းသွားတာ (ပြာခြင်း၊ မည်းခြင်း၊ ဖြူဖျော့သွားခြင်း)၊ ကလေးက ပြင်းထန်စွာ နာကျင်နေတာ၊ ဒါမှမဟုတ် လိင်တံရောင်ရမ်းပြီး ပြည်ထွက်တာနဲ့အတူ ဖျားနာနေတာမျိုးဆိုရင်လည်း ကလေးခွဲစိတ်ဆရာဝန်များထံ အမြန်ဆုံး အရေးပေါ်ကုသမှု ခံယူဖို့ လိုအပ်ပါတယ်။
ဆေးပညာအရ သတင်းကောင်းတစ်ခုကတော့ အထက်ပါလက္ခဏာပြတဲ့ ကလေးအများစုဟာ ချက်ချင်း ခွဲစိတ်စရာ မလိုပါဘူး။ ပထမအဆင့်အနေနဲ့ ဆရာဝန်ညွှန်ကြားချက်အတိုင်း စတီးရွိုက်လူးဆေး (Topical corticosteroid cream) အသုံးပြုပြီး ဖြည်းဖြည်းချင်း ဆွဲလှန်ပေးတဲ့နည်းနဲ့ အောင်မြင်စွာ ကုသနိုင်ပါတယ်။ ပိုးဝင်နေတဲ့ အခြေအနေမျိုးဆိုရင်တော့ ပဋိဇီဝဆေး (Antibiotics) သောက်ရန် လိုအပ်ပါမယ်။ ဗြိတိန် ကျန်းမာရေးဌာန (NHS) အပါအဝင် နိုင်ငံတကာ လမ်းညွှန်ချက်များအရ တကယ်လိုအပ်တဲ့ အခြေအနေမျိုးရောက်မှသာ ခွဲစိတ်ကုသမှုကို နောက်ဆုံးအဆင့်အနေနဲ့ ရွေးချယ်လေ့ရှိပါတယ်။
လက်ရှိမှာ ကလေးအများစုအတွက် ပန်းငုံအရေပြားလှီးဖြတ်ခြင်း (Circumcision) ကို မဖြစ်မနေ လုပ်ရမယ်လို့ ဆေးပညာအရ ပြဋ္ဌာန်းထားခြင်း မရှိပါဘူး။ အရေပြားမလှီးရသေးတဲ့ ကလေးငယ်များဟာ လှီးထားတဲ့ကလေးများထက် ဆီးပိုးဝင်နိုင်ခြေ အနည်းငယ် ပိုများနိုင်ပေမဲ့ ရောဂါမရှိတဲ့ ကလေးတိုင်းကို ကြိုတင်ပြီး အရေပြားလှီးဖြတ်ရန် ကျွန်တော်တို့ အကြံမပြုပါ။ ဒါပေမယ့် အမာရွတ်ဖြစ်ပြီး နောက်ပြန်လှန်မရတော့ခြင်း၊ ထိပ်ဖူး မကြာခဏ ရောင်ရမ်းခြင်း၊ မွေးရာပါ ဆီးလမ်းကြောင်း ပုံမှန်မဟုတ်ဘဲ ဆီးပိုး ခဏခဏဝင်နေတာ ဒါမှမဟုတ် ဆေးဝါးနဲ့ ကုသရင်လည်း မသက်သာတဲ့ အခြေအနေတွေမှာတော့ ခွဲစိတ်ဖို့ လိုအပ်ပါလိမ့်မယ်။
နိဂုံးချုပ်အနေနဲ့ မိဘတွေကို ထပ်မံမှာကြားလိုတာကတော့ ကလေးငယ်ရဲ့ ပန်းငုံရေပြားကို အတင်းအဓမ္မ ဆွဲလှန်ခြင်း လုံးဝ (လုံးဝ) မပြုလုပ်ပါနဲ့။ ရေချိုးတဲ့အခါ အပြင်ပိုင်းကို ရေသန့်သန့်နဲ့ဆေးပြီး သန့်ရှင်းရေးလုပ်ပေးပါ။ သဘာဝအတိုင်း အချိန်တန်ရင် ဆွဲလှန်လို့ ရလာတဲ့အခါ ကလေးကို ကိုယ်တိုင် ဖြည်းဖြည်းချင်း ဆွဲလှန်တတ်ဖို့၊ ရေနဲ့ သန့်စင်ဆေးကြောတတ်ဖို့နဲ့ ပြီးတဲ့အခါ ပုံမှန်အနေအထားအတိုင်း ရှေ့ကိုပြန်ဖုံးထားတတ်ဖို့ သင်ကြားပေးကြဖို့ တိုက်တွန်းအပ်ပါတယ်။
References
– NHS, Royal Children’s Hospital Melbourne, EAU Paediatric Urology, Cochrane, Canadian Urological Association