Skip to content
Ads Advertisement

ကျန်းမာရေးကို ခြိမ်းခြောက်တဲ့ ဆူညံသံ ဆိုတာ…

Pollution လို့ ဆိုလိုက်ရင် အများအားဖြင့် Air Pollution လို့ ဆိုတဲ့ လေထုညစ်ညမ်းမှုကိုပဲ လူတွေက မြင်နေတတ်ကြပါတယ်။ တကယ်တော့ ညစ်ညမ်းမှုမှာ အမျိုးအစားကွဲတွေ ရှိပြီး ဒီထဲမှာ လူတွေ သတိမထားမိ ကြတာက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ညစ်ညမ်းမှုတစ်ခုကတော့ Noise Pollution ပါ။​ ဆူညံသံကြောင့် ဖြစ် လာတဲ့ ညစ်ညမ်းမှုကလည်း လူတွေရဲ့ နေ့စဉ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။​ ဒီဆူညံသံတွေက ဘယ်က လာသလဲ။ အထူးသဖြင့် ကုန်အလေးချိန် အမြောက်အမြားတင်ထားတဲ့ ကုန်တင်ကားကြီးတွေ၊​ တူးဖော်ရေးလုပ်ငန်းတွေ ဖြစ်တဲ့ သတ္တုတွင်းတွေ၊ ရေနံတွင်းတွေ၊ ပြုပြင်ထိန်းသိမ်းရေးလုပ်တဲ့ ကုန်စက်ရုံကြီးတွေ၊ ဆောက် လုပ်ရေး လုပ်ငန်းခွင်တွေအပြင် ကိုယ့်နေအိမ်ထဲကလည်း ဖန်တီးမိသလို ဖြစ်နေတာတွေ ရှိပါတယ်။ သာမန် နားနဲ့ နားထောင်ဖို့ ခက်ခဲတဲ့ ဒီအသံကြောင့် ဖြစ်တဲ့ ဆူညံသံနဲ့ တုန်ခါမှုတွေဟာ အဲဒီအနီးအနားမှာ ရှိတဲ့သူတွေရဲ့ စိတ်ပိုင်းဆိုင်ရာအပြင် ရုပ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်စေပါတယ်။ ထိခိုက်မှုတွေဟာ ဆူညံသံနဲ့ တုန်ခါမှုက ထွက်လာတဲ့ အရင်းအမြစ်နဲ့ အကွာအဝေး၊ နောက်ပြီး လူတစ်ဦးချင်းစီရဲ့ ခံနိုင်ရည်အားတို့အပေါ် မူတည်ပြီး ကွဲပြားနိုင်ပေမယ့် အနည်းနဲ့ အများဆိုသလို ထိခိုက်စေပါတယ်။​

“ကိုယ်နေတဲ့ ပတ်ဝန်းကျင်က လေယာဉ်ကွင်းနား။ ဒီတော့ နေ့စဉ် လေယာဉ်အတက်အဆင်း အသံတွေက ကြားနေရတာ။ ဒါက ပုံမှန်ပဲလို့ ထင်ထားတာ။ ဘယ်အချိန် သိသိသာသာလေး သတိထားမိသလဲဆိုရင် ခရီး သည်တင်လေယာဉ် မဟုတ်တဲ့အချိန်မျိုးကျမှ သတိထားမိတာ။ အတော်လေး ဆူပါလားပေါ့။ သူက အကောင်ကို မမြင်ရသေးဘူး။ အသံက အဝေးကြီးကနေကို လာတာ။ ဒါလည်း ဖြစ်နေကြပုံစံနဲ့ပဲ ထားလိုက်တာ။ ဒါပေမဲ့ နောက်ပိုင်း ကိုယ့်ပတ်ဝန်းကျင်က သက်ကြီးပိုင်းတွေကို ဆေးခန်းသွားကြရင် ဘာဖြစ်တာလဲလို့ စပ်စုမိတယ်။ အဲဒီကျမှ အများစုက နှလုံးသွေးကြောနဲ့ ဆိုင်တဲ့ ကိစ္စတွေ၊ နားနဲ့ ဆိုင်တဲ့ ကိစ္စတွေ ဖြစ်နေတာကို သတိထားမိတာ” လို့ MyanHealth ကို ဆိုလာသူက မြောက်ဥက္ကလာပမြို့နယ်မှာ နေထိုင်သူ ကိုလေး (အမည်လွှဲ) ပါ။ သူနေ ထိုင်တဲ့အိမ်ဟာ မြောက်ဥက္ကလာပဆိုပေမယ့် လေယာဉ်အတက်အဆင်း ပြုလုပ်ရာ လမ်းကြောင်းပေါ်မှာ ရှိနေတာပါ။

လေယာဉ်ကွင်းနား နေထိုင်တဲ့သူတွေနဲ့ပတ်သက်ပြီး ယူနိုက်တက်ကင်းဒမ်းအခြေစိုက် သတင်းဌာနတွေ က Living near an airport ‘may be bad for your health” ဆိုတဲ့ ခေါင်းစဉ်နဲ့ စုံစမ်းထောက်လှမ်းရေးသား ထားတဲ့ သတင်းဆောင်းပါးတစ်ပုဒ်ကို ဖော်ပြဖူးပါတယ်။ ကျန်းမာရေးပညာရှင်တွေကို မေးမြန်းပြီး ရေးသားထားတဲ့ ဒီသတင်းဆောင်းပါးအရ လေယာဉ်ကွင်းနဲ့ ခြောက်မိုင်ပတ်လည်မှာ နေထိုင်တဲ့ ပန်းနာရင်ကျပ်နဲ့ နှလုံးရောဂါရှိသူတွေအတွက် ဒီဆူညံသံတွေဟာ ရောဂါခံစားရမှုနှုန်းကို ပိုပြီးမြင့်မားစေတယ်လို့ ရေးသားထားပါတယ်။​

တကယ်တော့ ကိုလေးလိုမျိုး လေယာဉ်ကွင်းနဲ့ နီးတဲ့နေရာမှာ နေတဲ့သူတွေမှ မဟုတ်ပါဘူး။ အဝေးပြေးလမ်းမကြီးတွေလို နေရာနဲ့ နီးတဲ့၊ ဆူညံသံတွေကို အမြဲမပြတ် ထုတ်ပေးတဲ့ စက်ရုံ၊ အလုပ်ရုံနားမှာ နေသူတွေ၊ အဲဒီစက်ရုံ – အလုပ်ရုံမှာ အလုပ်လုပ်သူတွေဟာလည်း ဆူညံသံကြောင့် ဖြစ်တဲ့ ကျန်းမာရေးဆိုးကျိုးတွေကို အမြဲမပြတ် ခံစားရနိုင်ပါတယ်။​ Heavy-duty Truck ဆိုတဲ့ အဝေးပြေး ကုန်တင်ကားကြီးတွေရဲ့ အမျိုးအစား၊ မောင်းတဲ့ အမြန်နှုန်း၊ အင်ဂျင်အမျိုးအစား၊ လမ်းအခြေအနေတွေပေါ် မူတည်ပြီး ထွက်ရှိတဲ့ ဆူညံသံဟာ ကွဲခြားနိုင်ပေမယ့်လည်း ယေဘုယျအားဖြင့်တော့ အတော့်ကို ကျယ်လောင်ပါတယ်။ အမေရိကန် သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေး အေဂျင်စီ (EPA) နဲ့ တခြား ဆူညံသံဆိုင်ရာ သုတေသနတွေအရ အဝေးပြေးလမ်းမကြီးပေါ် ကုန်အပြည့်တင်ပြီး တစ်နာရီ ၆၅ မိုင်နှုန်းနဲ့ မောင်းနေတဲ့ ကားကို ပေ ၅၀ အကွာကနေ တိုင်းတာမယ်ဆိုရင် အသံရဲ့ ပြင်းအား ဒက်ဆီဘယ်လ် အဆင့် (dBA) ဟာ ၈၅ ကနေ ၉၀ အထိ ရှိပြီး တချို့ဆိုရင် ၉၀ dBA ထက်ကို ကျော်ပါတယ်။ နောက်ပြီး ဝန်အားနဲ့ ကားစထွက်ချိန်၊ အရှိန်မြင့်ချိန် ဒါမှမဟုတ် ဂီယာချိန်းတဲ့အခါဆိုရင်လည်း ဆူညံသံဟာ ပိုပြီးမြင့်တက်လေ့ရှိပြီး ကားရပ်ဖို့ ဘရိတ်အုပ်တဲ့အခါမျိုးမှာဆိုရင် ၁၀၀ dBA ဒါမှမဟုတ် ဒီ့ထက်ကို ကျော်လွန်တဲ့ ဆူညံသံတွေကို ထုတ်လွှတ်ပါတယ်တဲ့။ EPA ကတော့ အဝေးပြေးကားတွေကြောင့် ဖြစ်တဲ့ ဆူညံသံတွေဟာ dBA ၇၀ ထက်ကျော်ထက် ကျော်ရင် ရေရှည်မှာ ကျန်းမာရေးပြဿနာတွေကို ဖြစ်လာစေတယ်လို့ သတိပေးထားပါတယ်။

“အိမ်က ထောက်ကြန့်လမ်းဆုံ နားမှာ။ သိတဲ့အတိုင်း ဒီလမ်းဆုံမှာ စျေးလည်း ရှိသလို ကားမှတ်တိုင် လည်း ရှိတယ်။​ နောက်ပြီး အဝေးပြေးကားတွေလည်း နေ့ကော၊ ညကော ဖြတ်နေတဲ့ နေရာ။ နေ့ပိုင်းတွေမှာက လူသံနဲ့ လိုင်းကားသံတွေကလည်း ဆူသလို ညပိုင်းဆိုရင်လည်း အဝေးပြေးကားကြီးတွေအသံက တအားကို ကျယ်တယ်။ နေ့ခင်းပိုင်း ဆူတာတွေကတော့ အမြဲလို ဆူနေတာဆိုတော့ အကျင့်လို ဖြစ်နေပေမယ့် ညပိုင်း ကားကြီးတွေ ဖြတ်တဲ့အခါ လမ်းဆုံ မီးပွိုင့်မှာ ဘရိတ်အုပ်တဲ့ အသံ။ တခါတလေ မီးပွိုင့်လွတ်အောင် အရှိန်နဲ့ မောင်းသွားတာမျိုးဆိုရင် အသံက ကျယ်လွန်းတော့ အိပ်နေရင်းတောင် တုန် တုန်သွားတယ်။ ဒါတောင် ဒီနေရာမှာ နေလာတာ ကြာပြီဖြစ်ပေမယ့် ဒီအသံတွေကို အခုအထိကို ကျင့်သားမရနိုင်ဘူး။ တခါတလေ လန့်သွားပြီး ပြန်အိပ်မရတာမျိုးတောင် ကြုံရတယ်” လို့ မသက်နှင်း (အမည်လွှဲ) က MyanHealth ကို ပြောပါတယ်

မန္တလေးမြို့နေ ကိုဇော် (အမည်လွှဲ) ကလည်း “တခါတလေ အလုပ်လုပ်ဖို့ ထိုင်နေရင်တောင် အိမ်ကြီးက တုန်တုန်သွားသလို ခံစားရတယ်ဗျ။​ တကယ်က အိမ်ရှေ့က မြို့ထဲ Main လမ်းမကြီးနဲ့လည်း နီးတယ်၊ ကားဝင်ကားထွက်ကလည်း အကြီးအသေးကော စုံတော့ တကယ်က ကားကြီးတွေကြောင့် ဖြစ်တာဗျ။ ငလျင်ကြောင့် မဟုတ်ဘူးဗျ။ ဒီ့နောက် ပါလာတာက အသံဗျ။ အသံက တအားဆူတော အလုပ်လုပ်ဖို့ ပြင်တိုင်း အာရုံစိုက်လို့ကို မရတာ။ ကားပိတ်ချိန် ကားကြီးဟွန်းတီးသံတွေ ညံပြီဆိုရင် လူက ဘယ်လိုမှ နေလို့ကို မရဘူးတော့ဘူး။​ စိတ်တွေပါ တိုလာကော” လို့ ဆိုပါတယ်။

ဆူညံသံနဲ့ ပတ်သက်တဲ့ လူတွေရဲ့ ခံနိုင်ရည်အားကို ကြည့်တဲ့အခါ အသံရဲ့ ပြင်းအား ဒက်ဆီဘယ်လ် (dBA) ဘယ်လောက်ရှိသလဲ၊ ဒီအသံကို ဘယ်လောက်ကြာကြာ ကြားနေရသလဲ၊ ထိတွေ့ရတဲ့ ပတ်ဝန်းကျင်က ဘယ်လိုနေရာလဲ၊ တစ်ဦးချင်းရဲ့ ထိခိုက်လွယ်မှု အခြေအနေကို စုစည်းပြီးမှ တွက်ချက်လေ့ ရှိပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ Guideline for Community Noise (1999) နဲ့ Environmental Noise Guideline for the European Region (2018) က လူတွေရဲ့ အကြားအာရုံ ဆုံးရှုံးမှု၊ အိပ်စက်ခြင်းကို နှောင့်ယှက်မှု၊ စိတ်အနှောင့်အယှက်ဖြစ်မှုနဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ မဖြစ်ဖို့အတွက် ဆူညံသံဆိုင်ရာ လမ်း ညွှန်ချက်တွေ ဖြစ်ပါတယ်။ ဒီလမ်းညွှန်ချက်ထဲမှာ လူတွေဟာ ကိုယ်နေတဲ့နေရာကို လိုက်ပြီး ညဘက်တွေမှာ ပျမ်းမျှ dBA ၄၀ ထက်မကျော်ဖို့၊ နေ့ဘက်မှာ dBA ၅၀ ထက်မကျော်ဖို့၊ ကျောင်းတွေမှာဆို စာသင်တဲ့ကာလအတွင်း ပျမ်းမျှ dB ၃၅ ထက်မကျော်ဖို့နဲ့ ဆေးရုံတွေမှာ dBA ၃၀ ထက် မကျော်လွန်သင့်ဘူးလို့ သတ်မှတ်ထားပါတယ်။ ဒီကနေ့ မြန်မာပြည် မြို့ကြီးတွေက ကျောင်းတော်တော်များများကို ကြည့်ရင် လူနေရပ်ကွက်ထဲက စျေးတွေ၊ ဘုန်းတော်ကြီးကျောင်းထဲ ဖွင့်ထားတဲ့ ကားဝပ် ရှော့လိုနေရာမျိုးတွေနဲ့ အရမ်းကို နီးကပ်နေတာတွေရှိပြီး WHO သတ်မှတ်ထားတဲ့ ဆူညံသံဆိုင်ရာ လမ်းညွှန်ချက်တွေနဲ့ အတော့်ကို ကွဲလွဲနေပါတယ်။

“တကယ်က ကလေးတွေကို ကျောင်းနေရာက စိတ်ငြိမ်တဲ့နေရာမှာ ဖြစ်ရမှာ။ အခုက မြို့ကြီးတွေမှာဆို ပုဂ္ဂလိကကျောင်းတွေပဲ လုပ်နိုင်တာကို တွေ့ရတယ်။ ဒါမျိုး စိတ်ငြိမ်တဲ့နေရာမှာ ရှိတဲ့ ကျောင်းတွေဆိုတာက နာ မည်ကြီးကျောင်းတွေလောက်ပဲ ကျန်တော့တာ။ အစိုးရကျောင်းတော်တော်များများက လူနေရပ်ကွက်တွေ၊ စျေးတွေ နားမှာချည်းပဲ။ အိမ်အရောင်းအဝယ် လုပ်ရင်တောင် ကျောင်းနီး၊ စျေးနီး၊ မှတ်တိုင်နီးဆိုပြီး ရောင်း/ဝယ်နေကြတာ ကြည့်လေ” လို့ ကြည့်မြင်တိုင်မြို့နယ်မှာ နေထိုင်တဲ့ မသိင်္ဂ (အမည်လွှဲ) က ပြောပါတယ်။

တကယ်တော့ ဆူညံသံတွေဟာ အဝေးပြေးလမ်းမကြီးလို၊ ကားအသွားအလာများတဲ့ လမ်းမကြီးတွေ နားမှာ နေမှ မဟုတ်ဘူး။​ စက်ရုံ-အလုပ်ရုံတွေ၊ အသေးစား စက်မှုလုပ်ငန်းတွေမှာ အလုပ်လုပ်ရင်၊ ဒါမှမဟုတ် အဲဒါ တွေနဲ့ နီးတဲ့နေရာတွေမှာလည်း ဆူညံသံရဲ့ ရိုက်ခတ်မှုကို ခံစားရနိုင်ပါတယ်။ နောက်ပြီး အတည်တကျ မဟုတ် ပေမယ့် ကြီးမားတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေနား၊ လူနေထူထပ်တဲ့ မြို့ပြ၊ စင်တင်လို ပါတဲ့ စားသောက် ဆိုင်တွေ၊ ၁၂ ရာသီ အလှူခံမဏ္ဍပ်ဖွင့်ထားတဲ့နေရာတွေက ဆူညံသံတွေဟာ ပတ်ဝန်းကျင်က သူတွေအတွက် ဆူ ညံသံဆိုင်ရာ ပြဿနာတွေကို ဖန်တီးပေးပါတယ်။

လုပ်ငန်းခွင် ဆူညံကိုတော့ ကမ္ဘာ့အလုပ်သမားအဖွဲ့ (ILO) က လုပ်ငန်းခွင်ဆူညံသံကို တိုင်းရင် ခြောက်ပေအကွာကနေ လူနှစ်ယောက် စကားပြောခိုင်းပြီး ကြား၊ မကြားဆိုတာနဲ့ တိုင်းတာလေ့​ရှိပြီး ဒီအကွာအဝေးမှာ တစ်ယောက်နဲ့ တစ်ယောက် အော်ပြောနေရပြီဆိုရင် လုပ်ငန်းခွင်ဆူညံသံက မြင့်မားနေပြီလို့ သတ်မှတ်ပါတယ်။ မြန်မာနိုင်ငံ အမျိုးသားပတ်ဝန်းကျင်အရည်အသွေး ထိန်းသိမ်းမှု လမ်းညွှန်ချက်ကတော့ စက်မှုနဲ့ စီးပွားရေးနယ် မြေတွေမှာ ၇၀ dBA ထက် မပိုသင့်ဘူးလို့ သတ်မှတ်ထားပေးပါတယ်။ ဒါပေမဲ့လည်း လူနေရပ်ကွက်တွေထဲ​ရှိနေ တဲ့ စားသောက်ဆိုင်တွေ၊ အလှူခံလို မဏ္ဍပ်တွေ၊ စင်တင်တွေအတွက်ကတော့ ဒီအချက်အလက်တွေက လိုက်နာ စရာမလို ဖြစ်နေတာက အရှိတရားတစ်ခု ဖြစ်ပါတယ်။

“ကျွန်မ အလုပ်လုပ်တာက လှိုင်သာယာလေ။ နေတာက ၆ သ/မ မှာ။ သိတဲ့အတိုင်း တရုတ်မြို့တော်လို့တောင် ခေါ်တဲ့ ဒီမှာက စက်ရုံ၊ အလုပ်ရုံတွေ များသလို လူတွေက တအားများတာ။ ဒီတော့ ရပ်ကွက်ထဲမှာလည်း စားသောက်ဆိုင်တွေ၊ စင်တင်တွေကလည်း တပုံကြီး။​ နောက်ပြီး နေ့စဉ်လို လမ်းပေါ်မြင်နေရတာက အ ကြောင်းအမျိုးမျိုးနဲ့ လော်စပီကာသုံး အလှူခံတွေ။ ဒီတော့ မနက်မိုးလင်း စက်ရုံသွားပြီဆိုကတည်းက စက်သံနဲ့ တနေကုန် နေရတယ်။ ပြန်လာပြန်တော့လည်း လူစိပ်တဲ့ ရပ်ကွက်ဆိုတော့ ဆူညံသံက ညအထိကို မပြတ်ဘူး။ ပိတ်ရက်တွေကျလို့ နားရမလားဆိုတော့ မရဘူး။ ခုနက ပြောတဲ့ အလှူခံအသံတွေက တစ်ဖွဲ့ပြီး တစ်ဖွဲ့။ ကြာလာတော့ လူက ကိုယ့်ဘာသာ ကိုယ် မသိလိုက်ဘဲ စကားပြောရင် ကျယ်ကျယ်ပြောမိတယ်။ အမှန်က ကိုယ်က မကြားတာ။​ မကြားတာကို ပုံမှန်လို့ပဲ ထင်ပြီး အကျယ်ကြီးတွေ ပြောတာ။ ဘေးနားက မိတ်ဆွေ သူငယ်ချင်းတွေပြောမှ ကိုယ်က ဖြစ်နေတာဆိုတာကို သတိထားမိတယ်” လို့ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ထဲက အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်တဲ့ မသင်းသင်းအေး (အမည်လွှဲ) က MyanHealth က ပြောပြပါတယ်။​

နေ့စဉ် လူ့ပတ်ဝန်းကျင်မှာ ကြားနေရတဲ့ အသံတွေဟာ များသောအားဖြင့် အကြားအာရုံကို ထိခိုက်စေတာမျိုး မဟုတ်ပါဘူး။ သို့သော် ကျယ်လောင်တဲ့အသံတွေကို ထပ်ခါတလဲလဲ ကြားနေရပြီဆိုရင် အကြားအာရုံ ဆုံးရှုံးမှုကို ဖြစ်စေတယ်လို့ အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (US CDC) က သတိ ပေးထားပါတယ်။ တကယ်တော့ ဆူညံသံဟာ လုပ်ငန်းခွင်တွေတင် မဟုတ်ပါဘူး။ ကိုယ့်နေအိမ်နဲ့ ပတ်ဝန်းကျင် ကနေလည်း လာပါတယ်။​ လူနေရပ်ကွက်ထဲ ဖွင့်ထားတဲ့ ကားဝပ်ရှော့၊ တွင်ခုံနဲ့ အသေးစား စက်မှုလက်မှုလုပ် ငန်းတွေဟာလည်း ဆူညံသံတွေကို ဖန်တီးနေပါတယ်။ နောက်ပြီး တချို့သော ဆူညံသံတွေကို ကိုယ့်ဘာသာကိုယ် ဖန်တီးဖြစ်နေတဲ့ လူနေမှုပုံစံတွေကလည်း အများကြီး ရှိပါသေးတယ်။ နေအိမ်ထဲမှာ Sound Box ဖွင့်တာ၊ Air Cooler လို ဆူညံသံထွက်စေတဲ့ အရာတွေ ဖွင့်တာ၊ မီးပြတ်ရင် မီးစက်ကို အိမ်ထဲ ထားပြီး ဖွင့်တာမျိုးတွေကလည်း သာမန်ထက် ဆူညံတဲ့ အသံတွေကို ဖန်တီးသလို ဖြစ်နေတတ်ပါတယ်။ မြန်မာပြည်က သူတွေဟာ နေဖို့အတွက် အိမ် ဒါမှမဟုတ် အဆောက်အအုံ တည်ဆောက်ကြတဲ့အခါ အမိုးအကာလုံဖို့၊ လေဝင်လေထွက်ကောင်းဖို့၊ အလင်းရောင်ဝင်ဖို့ စတဲ့အပိုင်းတွေကိုပဲ အဓိထား စဉ်းစားပြီး ဆောက်လုပ်လေ့ ရှိပါတယ်။ ဒါပေမဲ့လည်း ပတ်ဝန်းကျင်က အသံတွေနဲ့ ပတ်သက်ပြီး ထည့်သွင်းစဉ်းစား ဆောက်လုပ်ကြတာမျိုးက အလွန်ကို နည်းပါတယ်။ ဒါကြောင့်လည်း ကိုယ့်ပတ်ဝန်းကျင်က ထွက်လာတဲ့ ကျန်းမာရေးထိခိုက်နိုင်လောက်တဲ့ ဆူညံသံတွေကို ကြုံလာရတဲ့အခါမှာ မလိုလားအပ်တဲ့ ကျန်းမာရေးအပေါ် ဆိုးကျိုးတွေကို ခံစားရစေတာလည်း ဖြစ်ပါတယ်။

ဆူညံသံတွေကို နေ့စဉ် နားထောင်နေရတဲ့သူတွေအတွက် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးသက်ရောက်မှု တွေက အများကြီး ရှိပါတယ်။ Environmental Health Project (Defending Public Health) ရဲ့ ထုတ်ဖော်ချက်အရ ဆူညံသံတွေကြောင့် ဖြစ်နိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို ပြင်းထန်တဲ့ သက်ရောက်မှု၊ နာတာရှည်သက်ရောက်မှုနဲ့ ရေရှည်အန္တရာယ်ဆိုပြီး ခွဲခြားထားပါတယ်။

လူတစ်ယောက်ဟာ ပြင်းထန်တဲ့ ဆူညံသံတွေကြောင့် ချက်ချင်းလက်ငင်းရနိုင်တဲ့ ပြင်းထန်တဲ့ သက် ရောက်မှုဆိုရင် အိပ်စက်ချိန်ဆိုရင် အိပ်စက်မှုအရည်အသွေး (နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ရမှု) နဲ့ အိပ်စက်ချိန်ပမာဏ လျော့ကျလာတာ ဖြစ်ပါမယ်။​ ယာယီအားဖြင့် အကြားအာရုံဆိုင်ရာ ထိခိုက်မှုတွေ ခံစားရနိုင်ပါတယ်။ နောက်ပြီး စိတ်အနှောင့်အယှက်ဖြစ်တာ၊ စိတ်ဖိစီးတာ၊ အာရုံပျံ့လွင့်တာတွေ များပြားလာနိုင်တယ်လို့ EHP က ဆိုထားပါတယ်။ နာတာရှည်သက်ရောက်မှုဆိုရင်တော့ သွေးတိုးနဲ့ သက်ဆိုင်တဲ့ ရောဂါတွေကို ခံစားရစေနိုင်သ လို ခန္ဓာကိုယ်တွင်း ဟော်မုန်းစနစ် ပြောင်းလဲတာတွေ၊ ချို့ယွင်းတာတွေကို ဖြစ်စေနိုင်ပါတယ်။ နောက်တစ်ခုက တော့ ကိုယ့်ရဲ့ သင်ယူနိုင်စွမ်းနဲ့ စွမ်းဆောင်နိုင်ရည်ကိုပါ လျော့ကျစေတာ၊ ကျဆင်းစေတာ ဖြစ်ပါတယ်။ ဒီအဆင့် ကို ရောက်ပြီဆိုရင် ကိုယ်ဟာ ဆူညံသံတွေရဲ့ ဆိုးကျိုးကို နေ့စဉ်ရက်ဆက် ဆိုးဆိုးဝါးဝါး ခံစားနေရပြီဆိုတဲ့ လက္ခဏာ ဖြစ်ပါတယ်။​

ဒီလိုမျိုး ဆူညံသံတွေနဲ့ နီးတဲ့နေရာမှာ နေ့စဉ်ရက်ဆက် နေရသူတွေဟာ ကျန်းမာရေးအတွက် ရေရှည် အန္တရာယ်ပေးမယ့် ရောဂါတွေကိုလည်း EHP က အခုလို သတိပေးထားပါတယ်။ ပြင်းထန်တဲ့ ဆူညံသံတွေဟာ နှလုံးနဲ့ ဆက်စပ်တဲ့ ရောဂါတွေကို ရေရှည်မှာ ခံစားရစေနိုင်ပါတယ်။ နောက်ပြီး အကြားအာရုံနဲ့ ပတ်သက်ပြီး ချို့ယွင်းတာ၊ ဆက်တိုက်ဆိုသလို နားအူနေတာမျိုးတွေကိုလည်း ခံစားရစေနိုင်ပါတယ်။

“တကယ်က ကိုယ်နေတဲ့ နေရာက စီးပွားရေးလုပ်လို့ ကောင်းတဲ့အပေါ်မှာပဲ အမြဲကြည့်ဖြစ်ခဲ့တာရှင့်။ တစ်ဖက်က စီးပွားရေးအတွက် ကောင်းပေမယ့်လည်း အမြဲလို ဆူညံသံတွေနဲ့ချည်း နေနေရတာက အဆင်မပြေ တော့ဘူး။ ဒီအသံတွေကြောင့် လူက တခါတလေ လန့်လန့်သွားပြီး ချက်ချင်း လန့်တာက မပြေတော့ဘူး။ ဆေးပညာပိုင်း နားလည်သူတွေကို မေးကြည့်တော့ ဒါက နှလုံးထိခိုက်လာတာလို့ ဆိုတယ်။ ဒီအတိုင်းဆို ရေရှည်မှာ မလွယ်ဘူး” လို့ ထောက်ကြန့်လမ်းဆုံမှာ စျေးဆိုင်ဖွင့်ထားတဲ့ မသက်နှင်းက ဆိုပါတယ်။

တကယ်တော့ လူတွေရဲ့ အကြားအာရုံ ဆုံးရှုံးမှုဟာ ပတ်ဝန်းကျင်က ဖြစ်လာတဲ့ ဆူညံသံတွေကြောင့်ချည်းပဲတော့ မဟုတ်ပါဘူး။ သို့သော် ဆူညံသံကြောင့် အကြားအာရုံဆုံးရှုံးနိုင်ခြေကို မြင့်တက်စေတဲ့ အကြောင်း အရင်းတွေလည်း ရှိပါတယ်။ ကိုယ်က ဆူညံသံနဲ့ မထိတွေ့ဘဲ အကြားအာရုံ ဆုံးရှုံးမှု ဖြစ်ဖူးတဲ့ မိသားစု ရာဇဝင် ရှိရင်၊ ဆီးချိုနဲ့ သွေးတိုးလို နာတာရှည်ရောဂါ ခံစားရသူ ဖြစ်ရင်၊ တစ်ခုခုကြောင့် နားမှာ ထိခိုက်ဒဏ်ရာရခဲ့ဖူးရင်၊ နောက်ပြီး ဖျော်ရည်နဲ့ ဓာတုပစ္စည်းထုတ်လုပ်မှု၊ လောင်စာဆီမှာ ပါတဲ့ Toluene လို ဟိုက်ဒရိုကာဗွန်တွေနဲ့ ထိတွေ့မိထားရင်လည်း အကြားအာရုံ ဆုံးရှုံးနိုင်ခြေကို မြင့်တက်စေနိုင်တယ်လို့ US CDC က သတိပေးထားပါ သေးတယ်။

#ဆူညံသံ

#စက်ရုံ

#နာတာရှည်

#အကြားအာရုံ

ကိုးကား

• Environmental Health Project (Defending Public Health)

• World Health Organization (WHO)

• Environmental Noise Guideline for the European Region

• U.S. Environmental Protection Agency

• U.S. Centers for Disease Control and Prevention – CDC

• International Labour Organization – ILO

လူကြိုက်များသောဆောင်းပါးများ

Ads Advertisement