ကမ္ဘာတစ်ဝှမ်းမှာ လူဦးရေ သန်း ၂၅၀ လောက်ဟာ အမြင်အာရုံ အနည်းနဲ့အများ ချို့ယွင်းတဲ့ ဒဏ်ကို ခံစားနေကြရပါတယ်။ သင့်မျက်လုံးရဲ့ ကျန်းမာရေးဟာ သင့်နှလုံးနဲ့ သွေးကြောတွေရဲ့ ကျန်းမာရေးနဲ့ တိုက်ရိုက် ဆက်စပ်နေတယ်ဆိုတာ သင်သိပါသလား။ သင် စားသောက်လိုက်တဲ့ အစားအသောက်တွေဟာ သင့်ရဲ့ နှလုံးသွေးကြော ကျန်းမာရေးရော၊ အမြင်အာရုံပေါ်မှာပါ ရေရှည် သက်ရောက်မှု ရှိစေနိုင်ပါတယ်။
မနက်ခင်းမှာ သောက်လေ့ရှိတဲ့ ကော်ဖီ ဒါမှမဟုတ် လက်ဖက်ရည်ထဲမှာပါတဲ့ ကဖင်းဓာတ်ဟာ မျက်လုံးတွင်း ရေဖိအား (IOP) ကို မြင့်တက်စေနိုင်ပါတယ်။ ရေတိမ်ရောဂါ (Glaucoma) ဖြစ်ဖို့ အလားအလာရှိသူတွေ ကဖင်းဓာတ် သောက်သုံးလိုက်တဲ့အခါ မျက်လုံးဖိအား ပိုတက်လာတာကို လေ့လာမှုတွေအရ သိရပြီး၊ ဖိအား အလွန်အမင်း မြင့်တက်ရင် အမြင်အာရုံ ချို့ယွင်းတာနဲ့ မျက်စိကွယ်တာတွေပါ ဖြစ်စေနိုင်ပါတယ်။
အရက်ကို အမြဲမသောက်ပါနဲ့
အရက်ဟာ အစားအသောက် မဟုတ်ပေမဲ့ ခန္ဓာကိုယ်ထဲ ထည့်သွင်းလိုက်တဲ့အခါ မျက်စိရောဂါတွေနဲ့ ဆက်စပ်နေတယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။ အရက် အလွန်အကျွံ သောက်သုံးတာဟာ အသက်ငယ်ငယ်နဲ့ တိမ်ဖုံးသွားစေတဲ့ မျက်စိအတွင်းတိမ် ရောဂါကို စောစောစီးစီး ဖြစ်စေနိုင်ပါတယ်။
အားဖြည့်အချိုရည်လည်း သတိနဲ့သောက်
အချိုရည်တွေ၊ အင်အားဖြည့်သောက်စရာတွေနဲ့ အခြား အချိုဓာတ်ပါတဲ့ သောက်စရာတွေမှာ သကြားဓာတ်တွေ အပြည့်ပါဝင်နေပြီး တစ်ခါတစ်ရံ လက်ဖက်ရည်ဇွန်း ၇ ဇွန်းကနေ ၁၀ ဇွန်းအထိတောင် ပါတတ်ပါတယ်။ ဒါတွေဟာ အစားအသောက်ကနေ သကြားဓာတ် ရရှိစေတဲ့ နံပါတ်တစ် အရင်းအမြစ်လည်း ဖြစ်ပါတယ်။ ဒီလို သကြားဓာတ် လွန်ကဲတာက အမျိုးအစား (၂) ဆီးချိုနဲ့ နှလုံးရောဂါ ဖြစ်နိုင်ခြေကို မြင့်တက်စေပြီး၊ ဒါကနေတစ်ဆင့် ဆီးချိုကြောင့် ဖြစ်တဲ့ မျက်ကြည်လွှာ ရောဂါ (Diabetic retinopathy) နဲ့ အသက်အရွယ်ကြောင့် ဖြစ်တဲ့ မျက်ကြည်လွှာ ယိုယွင်းရောဂါ (AMD) လိုမျိုး မျက်စိရောဂါတွေဆီ ဦးတည်သွားစေတာမို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ရေကိုပဲ ရွေးချယ်သောက်သုံးတာ အကောင်းဆုံး ဖြစ်ပါတယ်။
စည်သွပ်ဗူးလည်း တစ်ခါတလေမှစား
အသင့်စား ငါးသေတ္တာ၊ ခရမ်းချဉ်သီးဆော့စ်နဲ့ သံဗူးသွပ် အစားအသောက်တွေမှာ ဆိုဒီယမ် (ဆားဓာတ်) ပမာဏ အမြောက်အမြား ပါဝင်လေ့ရှိပြီး တစ်နေ့တာ လိုအပ်ချက်ရဲ့ ၇၅ ရာခိုင်နှုန်းအထိတောင် ရှိတတ်ပါတယ်။ ဒီလို အစားအသောက်တွေကို လျှော့စားပေးတာဟာ သွေးတိုးရောဂါနဲ့ ဆက်စပ် မျက်စိပြဿနာတွေကို နည်းပါးစေတာမို့ ဈေးဝယ်တဲ့အခါ “ဆိုဒီယမ် လျှော့ချထားသည်” (Low sodium) သို့မဟုတ် “ဆား ထပ်မံမထည့်ထားပါ” (No salt added) ဆိုတဲ့ အမျိုးအစားတွေကို ရွေးချယ်ပြီး၊ သဘာဝအတိုင်း ဟင်းခတ်အမွှေးအကြိုင်တွေကိုပဲ သုံးစွဲချက်ပြုတ်စားသောက်ပါ။
ကြော်ဆီ၊ ချက်ဆီ
လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကတည်းက ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ မပြည့်ဝဆီ အမျိုးအစားတစ်ချို့ ဖြစ်တဲ့ Linoleic acid ကို အလွန်အကျွံ စားသုံးတာဟာ မျက်စိရောဂါ ဖြစ်နိုင်ခြေ ပိုမြင့်မားတာနဲ့ ဆက်စပ်နေတာကို တွေ့ရပါတယ်။ ဒီအဆီဓာတ်ကို ဆူးပန်းဆီ (စားအုန်းဆီ)၊ နေကြာဆီ၊ ပြောင်းဖူးဆီ၊ ပဲပုပ်ဆီနဲ့ နှမ်းဆီလို ချက်ပြုတ်ဆီတွေမှာ တွေ့ရတတ်ပါတယ်။ ကျန်းမာရေး ကျွမ်းကျင်သူတွေကတော့ စားပွဲတင်ဇွန်း တစ်ဇွန်းမှာ ပြည့်ဝဆီ ၄ ဂရမ်ထက် နည်းတဲ့ ချက်ပြုတ်ဆီတွေကိုပဲ သုံးဖို့ အကြံပြုထားပြီး၊ အဆီတုတွေ (Hydrogenated oils) နဲ့ Trans fats ပါတဲ့ ဆီတွေကိုတော့ ဝေးဝေးက ရှောင်သင့်ပါတယ်။
Trans fats ပါတဲ့ အဆီတွေနဲ့ ကြော်ထားတဲ့ အကြော်အလှော်တွေဟာ LDL ခေါ် မကောင်းတဲ့ ကိုလက်စထရော ပမာဏကို မြင့်တက်စေပြီး နှလုံးရောဂါ၊ လေဖြတ်တာနဲ့ အမျိုးအစား (၂) ဆီးချိုရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ဆဲလ်တွေကို ပျက်စီးစေတဲ့ Free radicals တွေကိုလည်း ထွက်ရှိစေတာမို့ AMD (Age-related Macular Degeneration / အသက်အရွယ်ကြီးလာသည်နှင့်အမျှ ဗဟိုမြင်လွှာ ပျက်စီးသည့် ရောဂါ) နဲ့ ဆီးချိုကြောင့်ဖြစ်တဲ့ မျက်ကြည်လွှာ ရောဂါတွေဆီ ဦးတည်သွားစေပါတယ်။ ဒီ Free radicals တွေကို တုံ့ပြန်တိုက်ဖျက်ဖို့အတွက် သံပုရာ/သံပရိုသီးနှံများ၊ ခရမ်းချဉ်သီးနဲ့ ငရုတ်ပွနီလိုမျိုး ဗီတာမင် စီ အပြည့်အဝပါတဲ့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို များများ စားသုံးပေးပါ။
ဘေကွန်နဲ့ ငါးခြောက်
ဟော့ဒေါ့၊ ဝက်ပေါင်ခြောက်၊ ငါးခြောက်နဲ့ အသင့်စား အသားချောင်းတွေမှာ ဆိုဒီယမ်ဓာတ် အမြောက်အမြား ပါဝင်နေပါတယ်။ အမြဲစားရင် ဆားဓာတ် ရုတ်တရက် မြင့်တက်သွားတာဟာ ကြာလာရင်မှာ သွေးတိုးရောဂါကို ဖြစ်စေနိုင်ပြီး၊ မျက်လုံးမှာဆိုရင် သွေးကြော ပျက်စီးပြီး အမြင်အာရုံ ဝေဝါး/ဆုံးရှုံးခြင်း (Hypertensive retinopathy)၊ မျက်ကြည်လွှာ အောက်ဘက် အရည်များ စုပုံခြင်း (Choroidopathy) နဲ့ အာရုံကြောများ သေဆုံးကာ အမြင်အာရုံ ဆုံးရှုံးခြင်း (Neuropathy) တွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို ဆိုဒီယမ် ပမာဏ ၂,၃၀၀ မီလီဂရမ် သို့မဟုတ် ဒါထက် နည်းအောင် လျှော့ချ စားသုံးသင့်ပါတယ်။
Ref: WebMD