Skip to content
Ads Advertisement

တစ်ပတ်အတွင်း ကျန်းမာရေးသတင်းအနှစ်ချုပ် (September Second Week)

  • မြန်မာနိုင်ငံမှာ ရောဂါစစ်ဆေး၊ ကုသရာမှာ လိုအပ်တဲ့ ဆေးဝါးနဲ့ ဆေးပစ္စည်း ပြတ်လပ်နေလို့ လိုအပ်တဲ့ စစ်ဆေးမှုလုပ်ဖို့ကို လနဲ့ချီ စောင့်ဆိုင်းရသလို ကုသမှုကုန်ကျစရိတ်လည်း မြင့်လာတယ်လို့ ကျောက်ကပ်ဝေဒနာရှင်တွေဆီက သိရပါတယ်။
  • ရွေ့လျားကျန်းမာရေးဆေးခန်းတွေကနေ ကျန်းမာရေးဝန်ဆောင်မှု ပေးတာနဲ့ မသန်စွမ်းသူအချင်းချင်း ကူညီစောင့်ရှောက်ရေးအဖွဲ့တွေအတွက် ကျန်းမာရေးအသိပညာပေး ဆွေးနွေးတာတွေကို ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ – UNFPA (မြန်မာ) နဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ ဆွစ်ဇာလန်နိုင်ငံက ထုတ်ပြန်ထားပါတယ်။
  • ရခိုင်ပြည်နယ်ထဲက မြို့နယ်အများစုမှာ လေကြောင်းတိုက်ခိုက်မှုကဆင့် ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကြောင့် ဆေးရုံနဲ့ ဆေးခန်းတွေ ပုံမှန်ဖွင့်လှစ်၊ လည်ပတ်နိုင်ဖို့မှာ အခက်အခဲတွေ ရှိလာနေတဲ့အပြင် ကျွမ်းကျင်ဆရာဝန်တွေ မလုံလောက်လို့ ရောဂါရှာဖွေစစ်ဆေးတဲ့ ဝန်ဆောင်မှုပိုင်း အားနည်းကာ ဆေးကုသမှု ခံယူဖို့တောင် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဒေသခံတွေကို ကိုးကားပြီး ဒေသတွင်း သတင်းမီဒီယာတွေက ရေးသားဖော်ပြနေကြပါတယ်။
  • မန္တလေးတိုင်း၊ ဘန်ဒါကျေးရွာမှာ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ – UNICEF (မြန်မာ) ပံ့ပိုးမှုနဲ့ နေရောင်ခြည်စွမ်းအင်သုံး ရေပေးဝေရေးစနစ်သစ်တစ်ခု တပ်ဆင်ပေးလိုက်လို့ သန့်ရှင်းတဲ့ ရေကောင်းရေသန့်ကို လက်လှမ်းမီ သုံးစွဲနိုင်တဲ့အပြင် ရေနဲ့ မိလ္လာစနစ် ရဖို့ ခက်ခဲနေတဲ့ မိသားစုတွေအတွက် သက်သာရာရမှုပါ ဖြစ်ခဲ့တယ်လို့ UN Myanmar က ထုတ်ပြန်ထားပါတယ်။
  • နိုင်ငံထဲ မှတ်ပုံမတင်ထားဘဲ ရောင်းနေတဲ့ မြန်မာတိုင်းရင်းဆေးနဲ့ ဆေးဝါးတွေမှာ စတီးရွိုက်နဲ့ အန္တရာယ်ရှိ ဆေးဝါးပစ္စည်းတွေ ပါဝင်နိုင်တာမို့ ရေရှည်သောက်သုံးရင် ကျောက်ကပ်ပျက်စီးတာအပြင် အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်တယ်လို့ ထိုင်းအာဏာပိုင်တွေက သတိပေးထားပါတယ်။
  • ဝက်သက်ရောဂါ ပပျောက်လုနီးပါး ထိန်းချုပ်နိုင်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်မှာ ပြီးခဲ့တဲ့ မတ်လကစလို့ ရောဂါသံသယရှိသူနဲ့ အတည်ပြုလူနာတွေ များလာကာ သေဆုံးသူ ၉၉၉ ဦးအထိ ရှိလာပြီး အဆိုးဝါးဆုံး ရောဂါဖြစ်ပွားမှုနဲ့ ရင်ဆိုင်နေရပါတယ်။ ဆေးရုံတွေမှာ လူနာတွေ ပြည့်ကျပ်နေတဲ့အပြင် ဆေးဝါးနဲ့ ဆေးဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်း ပြတ်လပ်မှုကိုပါ ကြုံနေရပြီး လက်ရှိ ကမ္ဘာမှာ ဝက်သက်ရောဂါ အကြီးမားဆုံးဖြစ်နေတဲ့ နိုင်ငံအဖြစ်လည်း အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာ – CDC က ဖော်ပြထားပါတယ်။
  • ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အခုနှစ်အတွင်း ခြင်ကတဆင့် ကူးစက်တဲ့ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်သူ တိုးလာလို့ လူပေါင်း ၄၂,၅၉၀ ဦးအထိ ဆေးရုံတက်နေရပြီး ၁၁၇ ဦးအထိ သေဆုံးထားပါတယ်။ စက်တင်ဘာလအတွင်း ရောဂါဖြစ်ပွားမှု သိသိသာသာ တိုးလာပြီး ဆေးရုံတွေမှာ လူနာတွေ ပြည့်နှက်နေတဲ့အပြင် ဒီ့ထက် ပိုဆိုးဝါးလာမှာကို စိုးရိမ်နေကြတယ်လို့ Reuters သတင်းဌာနက ရေးသားထားပါတယ်။
  • အိန္ဒိယနိုင်ငံမှာ အသုံးများတဲ့ ခွေးရူးပြန်ကာကွယ်ဆေး အဘေးရက်ဘ် (Abhayrab) ဟာ ထိရောက်မှုစွမ်းအား စစ်ဆေးချက် မအောင်မြင်တာကြောင့် အရည်အသွေးမမီဘဲ အတုဖြစ်နိုင်ခြေရှိတယ်လို့ အိန္ဒိယ ဆေးဝါးကွပ်ကဲရေးအဖွဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး Reuters သတင်းဌာနက ဖော်ပြထားပါတယ်။
  • သွေးထဲ LDL ကိုလက်စထရော များတာ၊ သွေးကြောထဲ အဆီခဲပိတ်ဆို့တာတွေနဲ့ ဆက်စပ်တဲ့ PCSK9 ပရိုတင်းကို ပစ်မှတ်ထားတဲ့ DNA အခြေခံကုသနည်းသစ်တစ်မျိုးကို ဖန်တီးထားတယ်လို့ သုတေသီတွေကို ကိုးကားပြီး ScienceDaily သတင်းက ဖော်ပြထားပါတယ်။ စမ်းသပ်ထားတဲ့အထဲက အထိရောက်ဆုံးလို့ ဆိုရမယ့် မော်လီကျူးဟာ လူ့အသည်းဆဲလ်ထဲက PCSK9 ပရိုတင်းပမာဏကို ၈၇ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပြီး မျိုးဗီဇပြုပြင်ထားတဲ့ ကြွက်တွေက တစ်ကြိမ်တည်းထိုးပေးပြီးနောက် ကိုလက်စထရောပမာဏ ၄၇ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့တယ်လို့ သတင်းမှာ ပါရှိပါတယ်။
  • အိပ်ပျော်နေချိန် အလင်းရောင်နည်းနည်း ထိတွေ့ရုံနဲ့ နှလုံးကြွက်သားရဲ့ ပုံသဏ္ဍာန်နဲ့ လုပ်ဆောင်ပုံ ပြောင်းလဲနိုင်ပြီး ရေရှည်မှာ နှလုံးရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေတယ်လို့ လေ့လာမှုအသစ်တစ်ခုအရ တွေ့ရှိထားတယ်လို့ နယူးအော်လင်းစ်မြို့၊ တူလိန်းတက္ကသိုလ် အဝလွန်ရောဂါသုတေသနစင်တာ ဒါရိုက်တာနဲ့ ပါမောက္ခဖြစ်သူ ဒေါက်တာလူချီကို ကိုးကားပြီး CNN က ရေးသားထားပါတယ်။
  • အမျိုးသမီး ဓမ္မတာရာသီ စက်ဝန်းအလိုက် လေ့ကျင့်ခန်းပုံစံ ပြောင်းလုပ်တဲ့ “Cycle-syncing” ဟာ TikTok နဲ့ Instagram မှာ လူကြိုက်များနေသလို ၂၀၂၂ ခုနှစ်ကစပြီး Google ရှာဖွေမှုဟာ ၇၄၀ ရာခိုင်နှုန်းအထိ မြင့်တက်လာကာ TikTok တစ်ခုတည်းမှာ ဒါနဲ့ ဆက်စပ်တဲ့ ဗီဒီယိုပေါင်း ၅၅,၀၀၀ ကျော်အထိ ရှိလာနေပါတယ်။ ဒါပေမဲ့ လိဒ်စ်ဘက်ကက်တက္ကသိုလ်က ရာသီစက်ဝန်းနဲ့ လေ့ကျင့်ခန်းဆိုင်ရာ သုတေသီ ကယ်လီ မက်နော့တီကတော့ ရာသီစက်ဝန်းအလိုက် အားအင်နဲ့ ရောဂါလက္ခဏာ ပြောင်းလဲနိုင်တဲ့ ခိုင်မာတဲ့ အထောက်အထားရှိပေမယ့် အဆင့်တစ်ခုချင်းစီအလိုက် သတ်မှတ်ထားတဲ့ လေ့ကျင့်ခန်းလုပ်သင့်တယ်ဆိုတဲ့ အချက်အတွက် သုတေသနအထောက်အထား မရှိသေးဘဲ ဒီလိုအကြံပြုချက်တွေဟာ စျေးကွက်မြှင့်တင်ရေးကနေ ပေါ်လာတဲ့ ခေတ်ရေစီးကြောင်းတစ်ခုသာ ဖြစ်တယ်လို့ ထောက်ပြပြောဆိုထားပါတယ်။

လူကြိုက်များသောဆောင်းပါးများ

Ads Advertisement