Skip to content
Ads Advertisement

အလှ လည်းတိုး – ဆေးဘက်လည်း ဝင်တဲ့ နနွင်း

“နနွင်းလဲ့လဲ့ ဝင်းမှည့်လို့ ထိန်
နီဖလံမျိုး၊ ပြည်တန်ဖိုးကဲ့သို့
အို ဗျ – သတိုးစိန် ခင်လေးဗျာ” တဲ့။ ဒါက ရုပ်သေးမင်းသားကြီး ကျပင်းဆရာဖီးရဲ့ ဆိုင်းဆင့်သံပါ။

“ကျုပ်ကြင်သူရဲ့
လေပြည်လေးများ သုတ်မှဖြင့်
အုတ်ပူဟင်းခါး နနွင်း ဆား
ရင်းပြ ရေနွေး
မသက်ဆင်းခင် မျက်နှာမြင်တုန်း
ဆက်ခါပင် သုံးရမယ်နော်” တဲ့။ ဒါက သူ့ရဲ့ မီးနေခန်းကဗျာ တစ်ပိုင်းတစ်စ။

အမျိုးတို့ရေ… နနွင်းဆိုတာ ကျုပ်တို့ လူ့အသိုက်အဝန်းနဲ့က မစိမ်းတဲ့ အရာ။ မြန်မာ့လူ့အသိုက်အဝန်းထဲက ဘယ်အိမ်ကိုပဲ သွားသွား အနည်းဆုံးတော့ နောက်ဖေးချောင် မီးဖိုခန်းမှာ ခန့်ခန့်ကြီး ရှိတတ်တဲ့ အရာ။ မြန်မာနဲ့ နနွင်းဟာ မိတ်ဖက်လို့ ဆိုရလောက်အောင် ရှေးအဆက်ဆက်ကတည်းက သုံးခဲ့တာ ဒီကနေ့အထိ တော်။ တကယ်တော့ နနွင်းက မြန်မာသူ၊ မြန်မာသား စစ်စစ်တော့ မဟုတ်ဘူး။ သူ ပေါက်ဖွားတဲ့ မူလဇာတိက အိန္ဒိယကျွန်းဆွယ်နဲ့ အရှေ့တောင်အာရှဒေသတွေမှာ စတင်တာ ဖြစ်တယ်လို့ ရုက္ခဗေဒကျမ်းတွေက ဖွင့်ဆိုထားပါတယ်။ နနွင်းကို ပုံမှန်အားဖြင့် ဟင်းခတ်တဲ့အခါ အသုံးများကြပေမယ့် တကယ်တော့ သူ့မှာ ပါတဲ့ ဂုဏ်သတ္တိတွေက ဆေးဘက်ဝင်လှသလို ပျိုမေတို့ အလှတိုးဖို့ကိုလည်း ရှေးကတည်းက သုံးခဲ့ကြဖူးပါတယ်။

မယ်ကြော့ရဲ့ အမျိုးတို့ရေ… တကယ်က နနွင်းကို အဝါရောင်ဖြစ်စေတာဟာ Curcuminoids ဆိုတဲ့ ဓာတ်ပစ္စည်းကြောင့်ဖြစ်ပြီး ဒီထဲမှာ Curcumin ဆိုတဲ့ ဓာတ်က ၇၀ ကနေ ၈၀ ရာခိုင်နှုန်းအထိ ပါရှိပြီး တခြား Demethoxycurcumin (DMC) နဲ့ Bisdemethoxycurcumin (BDMC) တွေလည်း ပါပါတယ်။ ဒီဓာတ်တွေရဲ့ ဂုဏ်သတ္တိတွေက Antioxidant လို့ဆိုတဲ့ Free Radicals လို့ဆိုတဲ့ မတည်ငြိမ်တဲ့ မော်လီကျူးတွေကြောင့် ဆဲလ်ပျက်စီးတာတွေကို လျှော့ချပေးပါတယ်။ နောက်ပြီး ရောင်ရမ်းတာကို လျှော့ပေးတဲ့ Anti-inflammatory၊ ရောဂါပိုးတွေကို တားဆီးပေးတဲ့ Antimicrobial၊ ကိုယ်ခံအားစနစ်ကို ထိန်းညှိပေးတဲ့ Immunomodulatory စတဲ့ ဂုဏ်သတ္တိတွေလည်း ပါပါတယ်။ ဒါက ဒီကနေ့ခေတ်ရဲ့ တိုးတက်နေတဲ့ ခေတ်မီဓာတ်ခွဲခန်းတွေမှာ စမ်းသပ်ပြီး ထွက်ပေါ်လာတဲ့ နနွင်းမှာ ပါတဲ့ ဓာတ်ပစ္စည်းနဲ့ ဂုဏ်သတ္တိတွေပါ။

မြန်မာတွေကတော့ နနွင်းမှုန့်ကို အစားအသောက်ချက်တဲ့နေရာမှာ အဓိက သုံးသလို ဆေးဝါးအဖြစ် သုံးကြရင်တော့ နနွင်းတက်နဲ့ နနွင်းခေါင်းကိုပဲ အဓိကထား သုံးကြလေ့ ရှိတယ်လို့ ရှေးဆေးကျမ်းတွေမှာ ဖော်ပြထားပါတယ်။

– အမျိုးသမီးကိုယ်ဝန်ဆောင်နဲ့ အလှတိုး နနွင်း –

နနွင်းဟေ့လို့ ဆိုလိုက်ရင် အမျိုးသမီးတွေ (အထူးသဖြင့် ကိုယ်ဝန်ဆောင်တွေနဲ့ ပတ်သက်တဲ့ ရှေးအသုံးတွေ) နဲ့ ပတ်သက်တာကို အများအားဖြင့် သိထားကြလေ့ ရှိပါတယ်။ ကိုယ်ဝန်လွယ်ထားချိန် အသားတွေ ပူတာ၊ အေးတာ မဖြစ်အောင် နနွင်းလူးပေးတာ၊ သောက်ပေးတဲ့ ဓလေ့တစ်ခုလည်း ရှိပါသေးတယ်။ အမျိုးသမီးတွေ မီးမဖွားခင် နနွင်းမှုန့်ကို ရေအေးနဲ့ ဖျော်ပြီး တစ်ကိုယ်လုံး လိမ်းပေးတာ၊ မီးဖွားတဲ့အခါ မခက်ခဲအောင် နနွင်းကို လေချုပ်၊ ဝမ်းချုပ်ဖြစ်အောင်အထိ မဟုတ်ဘဲ စားစေတာတွေက ရှေးကတည်းက သုံးခဲ့တဲ့ မြန်မာ့ဓလေ့အသုံးတစ်ခုပါ။ မီးဖွားပြီးလို့ တစ်ခုခုကြောင့် သွေးတက်တာမျိုးဖြစ်ရင် နနွင်းမှိုင်း တိုက်ပေးတာ၊ နနွင်းကို ဖျော်ပြီး ငယ်ထိပ်ကို အုံပေးတာတွေကလည်း တစ်ရွာတစ်ပုဒ်ဆန်း မဟုတ်တော့တဲ့ နနွင်းအသုံးပါ။ နောက်ပြီး မီးယပ်သွေးတက်လို့ ခေါင်းကိုက်တာ၊ ဇက်ကြောတက်တာ/လေးတာ ဖြစ်သူတွေအတွက်ဆိုရင် မီးခဲပေါ် နနွင်းမှုန့် ဖြူးပြီး အနံ့ရှူခိုင်းတာ၊ မီးဖွားပြီး အေးတာ/ချည့်တာ/ထုံတာ ဖြစ်ရင် နနွင်းကို တစ်နေ့သုံးကြိမ် သောက်ခိုင်းတာ၊ နှမ်းဆီနဲ့ ရောလို့ လိမ်းပေး/နှိပ်ပေးတာ၊ နနွင်းပြုတ်ရည်နဲ့ ရေချိုးပေးတာတွေကလည်း ဒီကနေ့အထိ ကျေးလက်ဒေသမှာ ဆက်သုံးနေဆဲ မီးနေသည်နဲ့ နနွင်းအသုံးပုံစံပါ။

ကိုယ်ဝန်ဆောင်တွေ မွေးဖွားပြီးရင် ဖြစ်တတ်တာက သွေးပုပ်ကျန်တတ်တာပါ။ ဒီလိုဖြစ်ရင် ခန္ဓာကိုယ်က တင်းပြီး ဖောလာတတ်သလို တချို့ဆိုရင် အရေပြားမှာ ကွက်ပြီး ညိုတာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်ရင် ကျေးလက်တွေမှာတော့ နနွင်းကို သောက်တာ၊ လိမ်းတာ၊ ပြုတ်ရည်နဲ့ ရေချိုးတာတွေ လုပ်ပေးကြလေ့ ရှိပါတယ်။

အလှတိုးလိုတဲ့ အမျိုးသမီးတွေကတော့ နနွင်းကို ညအိပ်ရာဝင်ခါနီးမှာ ရေနဲ့ ဖျော်ပြီး တစ်ကိုယ်လုံး လိမ်းပေးရင်ဖြင့် အညစ်အကြေးနဲ့ ကိုယ်တွင်းအခိုးအငွေ့ ပွင့်တဲ့အပြင် အသားအရေ စိုပြည်လို့ အလှတိုးပါလိမ့်မယ်လို့ မောင်ယဉ်နွယ်က သူ့ရဲ့ “စားတတ်လျှင် ဆေး – မစားတတ်လျှင် ဘေး” ဆိုတဲ့ စာအုပ်မှာ တခုတ်တရနဲ့ကို ဖော်ပြထားတာပါ အမျိုးတို့ရေ…။ တကယ်လို့များ အမျိုးသမီးတွေ မီးယပ်မမှန်ဖြစ်လို့ သွေး၊ လေ ချောက်ချားတဲ့အခါမျိုးဆိုရင် နနွင်းမှိုင်း တိုက်ပေးလိုက်ရင် သက်သာတယ်လို့လည်း ရှေးထုံး ရှိပြန်ပါသေးတယ်။

– အဆီဓာတ် ပါတဲ့ နနွင်း –

အမျိုးတို့ရေ… ဓာတ်ခွဲဆန်းစစ်မှုတွေအရ နနွင်းမှာ အဆီဓာတ်က ၂ ကနေ ၇ ရာခိုင်နှုန်းလောက်ပါပြီး ဒီရဲ့ ဂုဏ်သတ္တိက ဘက်တီးရီးယားပိုးတချို့ကို သေစေတာ၊ မှိုအချို့ကို တားနိုင်တာအပြင် ရောင်ရမ်းတာတွေကိုပါ လျှော့ချပေးပြန်ပါတယ်။ ဒီဓာတ်ကြောင့်ပဲ မြန်မာ့တိုင်းရင်းဆေးကျမ်းတွေမှာ လေကို နိုင်၏၊ သွေးသားကို ကြွစေ၏၊ အအေးဖျား/ကိုယ်ရောင်ဖျားတွေ ဖြစ်ရင် ဆေးတစ်လက်အဖြစ် သုံးကြပြန်သေးသတဲ့တော်။ အနာနဲ့ အိုင်းနာတွေ ဖြစ်လို့ ငန်းမန်းဝင်ရင်၊ အပုပ်နဲ့ ထွက်ရင် သန့်ရှင်းတဲ့ နနွင်းမှုန့်ကို ဖြူးပေးတာ၊ ထည့်ပေးတာမျိုး လုပ်နိုင်ပြီး ဒါဟာ အနာကို အသားနုတက်စေပြီး အကျက်လည်း မြန်စေပါတယ်။

– အာဟာရဓာတ်လည်း ပြည့်တဲ့ နနွင်း –

အစားအစာချက်တဲ့နေရာ၊ တခါတလေ ဆေးဝါးအနေနဲ့ နနွင်းကို သုံးကြရှိပေမယ့် အာဟာရဓာတ်ပြည့်ဝစွာ ပါတဲ့ သဘာဝပစ္စည်းလို့ လူတွေက သိပ်မသိကြဘူးတော့။ တကယ်တော့ နနွင်းမှာက အမျှင်ဓာတ်လို့ ခေါ်တဲ့ Dietary Fiber၊ ပရိုတင်း၊ ပိုတက်စီယမ်၊ သံဓာတ်၊ မဂ္ဂနီစီယမ်ဓာတ်တွေ ပါဝင်ပါတယ်။ အမျှင်ဓာတ်က အစာချေစနစ် ကောင်းစေပြီး ဝမ်းချုပ်တာကို ကာကွယ်ပေးသလို သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းပေးပါတယ်။ ဝိတ်ချလိုသူတွေ၊ အဆီ (ကိုလက်စထရော) လျှော့ချပေးဖို့ အထောက်အကူပေးသလို ကိုယ်အလေးချိန် ထိန်းထားဖို့အတွက်လည်း အကျိုးများစေပါတယ်။ ပရိုတင်းဓာတ်ကတော့ ခန္ဓာကိုယ်တည်ဆောက်ရေးမှာ အရေးပါတဲ့ ဓာတ်ဖြစ်ပြီး ကြွက်သား၊ အရေပြား၊ အရိုးနဲ့ တခြားတစ်ရှူးတွေကို တည်ဆောက်ပေးပြီး ပျက်စီးသွားတဲ့ ဆဲလ်တွေကိုပါ ပြုပြင်ပေးပါတယ်။

ပိုတက်စီယမ်ကတော့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သတ္တုဓာတ်တစ်မျိုးဖြစ်ပြီး နှလုံးခုန်နှုန်းနဲ့ ကြွက်သားကို ပုံမှန်အလုပ်လုပ်စေတာ၊ အာရုံကြောစနစ်ကို ကောင်းစေတာအပြင် သွေးပေါင်ချိန်ကိုလည်း ထိန်းညှိပေးပြန်ပါတယ်။ သံဓာတ်ကတော့ သွေးနီဥ ဖွဲ့စည်းတဲ့အခါ မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓာတ်ဖြစ်ပြီး အောက်ဆီဂျင်ကို ခန္ဓာကိုယ်အနှံ့ ရောက်အောင် သယ်ဆောင်ပေးနိုင်တဲ့ စွမ်းဆောင်ရည် ရှိပါတယ်။ ဒါတွေအပြင် နနွင်းမှာ ဗိုက်တာမင်စီနဲ့ ဗိုက်တာမင် (ဘီ ၆) တို့လည်း ပါဝင်ပါသေးတယ်။

အမျိုးတို့ရေ… အခုဆိုရင် နနွင်းကို အသက်ကြီးလာရင် ဖြစ်တတ်တဲ့ အယ်လ်ဇိုင်းမားရောဂါနဲ့ ကင်ဆာဆဲလ်တချို့ရဲ့ ကြီးထွားမှုကို ဟန့်တားပေးနိုင်တဲ့ အစွမ်းရှိတယ်လို့ တိရစ္ဆာန်ကို အခြေခံတဲ့ စမ်းသပ်မှုတွေကို တွေ့ရှိထားပြီး လူနဲ့တော့ စမ်းသပ်တာမျိုးကိုတော့ ဆက်ပြီး ကြိုးစားရှာဖွေနေကြတုန်းပါ။

– အစာလည်း ဆေး – ဆေးလည်း အစာ –

နနွင်းမှာပါတဲ့ ဒီဓာတ်ဟာ ရေမှာ မပျော်ဝင်တဲ့အတွက် ပါးစပ်ကနေ စားသုံးလိုက်ရင် ခန္ဓာကိုယ်က စုပ်ယူနိုင်မှု (Bioavailability) အားနည်းပါတယ်။ ဒါကြောင့် အစားအစာအဖြစ် စားလိုက်ရင်တောင် အူကနေတဆင့် ပြန်ထွက်သွားလေ့ ရှိပါတယ်။ ဒီအတွက် ဒီဓာတ်ရဲ့ ကောင်းတဲ့ရလဒ်တွေကို ခန္ဓာကိုယ်က စုပ်ယူနိုင်ဖို့အတွက် အခုဆိုရင် ဆေးဘက်ဆိုင်ရာ ပညာရှင်တွေက စမ်းသပ်မှုတွေကိုတောင် လုပ်ဆောင်နေကြပါပြီ။

အမျိုးတို့ရေ… နနွင်းမှာ ပါတဲ့ Curcumin ဓာတ်ဟာ ကောင်းကျိုးတွေ ရှိပေမယ့် မြန်မာ့လူ့အသိုင်းအဝိုင်းမှာက ဒါက ဟင်းခတ်အမွှေးအကြိုင်၊ တခါတရံ ဆေးအဖြစ် သုံးကြတာ ရှိပေမယ့် ဘယ်အရာမဆို တန်ဆေး – လွန်ဘေး ဆိုတာ ရှိတယ် မဟုတ်လား။ အခုဆိုရင် တချို့နိုင်ငံတွေမှာ နနွင်းကို အခြေခံပြီး ဖြည့်စွက်ဆေး (Supplement) အဖြစ် သုံးစွဲလာတာတွေ ရှိတော့ သတိပေးသင့်တာလေးတော့ သတိပေးပါရစေ။ ဒီလို ဖြည့်စွက်စာအဖြစ် စားတာမျိုးလုပ်တဲ့အခါ ဗိုက်အောင့်တာ၊ ဝမ်းလျှောတာနဲ့ ပျို့အန်တာတွေ ဖြစ်တတ်ပြီး သွေးကျဲဆေး သောက်နေရသူတွေ၊ သည်းခြေအိတ်ကျောက်တည်နေသူတွေ၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေကတော့ မစားသုံးခင်မှာ ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့ တိုင်ပင်ဖို့ လိုပါတယ်။

ကလေးမွေးပြီးနောက် နနွင်းလိမ်းတာကလဲ မွေးဖွားပြီး နောက်ဆက်တွဲ ပြဿနာတွေ ရှိခဲ့ရင် မိခင်မှာကော၊ မွေးစကလေးမှာပါ အသားဝါတာနဲ့ နနွင်းကြောင့် ဝါတာ ခွဲရခက်တဲ့အတွက် ကုသမှုတွေနောက်ကျနိုင်လို့ ကျန်းမာရေးဝန်ထမ်းတွေကတော့ မလိမ်းဖို့ အကြံပြုကြပါတယ်နော်။

မယ်ကြော့ ချစ်ရတဲ့ အမျိုးတို့ရေ… နောက်ဆုံး တစ်ခု သတိပေးချင်တာကတော့ နနွင်းမှုန့်ကို ဟင်းချက်တဲ့နေရာမှာ သုံးသုံး၊ ဆေးအဖြစ် သုံးသုံး၊ သတိထားရမှာက သန့်ရှင်းပြီး အရောအနှောကင်းတဲ့ နနွင်းမှုန့်ကို သုံးဖို့ပါ။ ဒီကနေ့ ဈေးကွက်ထဲမှာက အရောင်နဲ့ အနံ့ ရောပြီး ဘာတွေမှန်းမသိတဲ့ အမှုန့်တွေကို နနွင်းဆိုပြီး ရောင်းနေကြတာမို့လို့ အဲဒါလေးကိုတော့ သတိချပ်ကြပါလို့။

#နနွင်း
#အမျိုးသမီး
#အစားအစာ
#အမျှင်ဓာတ်

ကိုးကား

  • Curcumin: A Review of Its Effects on Human Health. Foods (Hewlings, S. J., & Kalman, D. S. (2017))
  • The Essential Medicinal Chemistry of Curcumin. Journal of Medicinal Chemistry (Nelson, K. M., Dahlin, J. L., Bisson, J., Graham, J., Pauli, G. F., & Walters, M. A. (2017))
  • National Center for Complementary and Integrative Health. (2023). Turmeric.
  • World Health Organization. WHO Monographs on Selected Medicinal Plants. Volume 1. Geneva: WHO.
  • U.S. National Library of Medicine. PubMed – Curcumin and turmeric systematic reviews.
  • “စားတတ်လျှင် ဆေး – မစားတတ်လျှင် ဘေး” (မောင်ယဉ်နွယ်)

လူကြိုက်များသောဆောင်းပါးများ

Ads Advertisement