စပ်ဆေးသောက်သင့် မသောက်သင့်

Published On: August 2nd, 2024|Views: 274|

ရွာထဲ ကုန်စုံဆိုင်ကနေ ဝယ်လာတဲ့ အဖြူ အပြာ အဝါ အရောင်စုံ ဆေးလုံးလေးတွေကို  လက်ခုပ်ထဲထည့်ပြီး ဒေါ်ညိုညို (အမည်လွှဲ) က ရေတစ်ခွက်နဲ့သောက် လိုက်ပါတယ်။

သူသောက်လိုက် စပ်ဆေးထုတ်ထဲမှာ အရောင်စုံဆေးခဲ ၆ ခဲလောက်ပါပြီး ဘယ်လိုဆေးဝါးတွေ ပါလည်းဆိုတာတော့ သူမသိပါဘူး။

ဘယ်လိုဝေါးတွေပါတယ်ဆိုတာ မသိပေမယ့်လည်း ဒီဆေးထုပ်က သူ့အတွက် ငွေကြေးကုန်ကျမှုသက်သာပြီး ရောဂါကိုယာယီသက်သာစေတာကြောင့် သောက်သုံးနေတာဖြစ်တယ်လို့ဆိုပါတယ်။

” ဒါရာသီတုပ်ကွေး အတွက်စပ်ဆေးလေ ၊တစ်ထုတ်ကို ၆၀၀ ၊နှစ်ခွက်စာကို ၁၂၀၀ ပေးရတယ် ၊အရင်ရွာမှာလာဆေးထိုးနေကြ ဆရာကစပ်ပြီးရောင်းခိုင်းတာ၊ဒီဆေးလေးရှိလို့အကုန်ကျသက်သာနေတာလေ ” ။

ဒီအမျိုးသမီးကြီးလိုပဲ အခြားသော သူတွေဟာလည်းရာသီတုပ်ကွေးလက္ခဏာအပါအဝင် အခြားရောဂါဝေဒ နာဖြစ်တဲ့ ဖျားနာခြင်း၊ခေါင်းကိုက်ခြင်း၊မူးဝေခြင်း၊ဆင်တုပ်ကွေးစတဲ့ ရောဂါတွေအတွက်ပါ စပ်ဆေးကို သုံးစွဲနေကြတာဖြစ်ပါတယ်။

စပ်ဆေးဆိုတာဟာ လူတိုင်း ခံစားရလေ့ရှိ တဲ့ရောဂါဝေဒ နာအချို့အတွက် ဆေးမျိုးစုံကိုရောစပ်ပြီး ရောင်းချတာမျိုးပါ။ဥပမာ ခေါင်းကိုက်၊ဖျားနာ၊ချောင်းဆိုး၊မူးဝေ၊ကိုယ်လက်ကိုက်ခဲ စတဲ့ဖြစ်ပွားမှုအပေါ်လိုက်ပြီး ဆေးမျိုးစုံကို ရောစပ်ပြီး ရောင်းချတာဖြစ်ပါတယ်။

စပ်ဆေးကို ဆေးဆိုင်တွေမှာရောင်းချသလို ကျေးရွာတွေမှာဆိုရင် ကုန်စုံဆိုင်တွေနဲ့ ကျေးရွာက ကျန်းမာရေးဆရာမတွေက ရောင်းချနေကြတာဖြစ်ပါတယ်။

ကျေးရွာနေလူထုက စပ်ဆေးကို သုံးစွဲနေရတဲ့ အဓိကအကြောင်းအရာတွေထဲမှာ ကျန်းမာရေးဗဟုသုတနည်းတာကြောင့်လည်းပါသလို စပ်ဆေးက စျေးနူန်းသင့်တင့်ပြီး မိမိတို့နီးစပ်ရာ ရွာတွေထဲမှာပင် အလွယ်တကူဝယ်ယူနိုင်ခြင်း ရောဂါဝေဒနါကိုလည်း အထိုက်အလျောက် ယာယီ သက်သာစေ တာတွေကြောင့် ဖြစ်ပါတယ်။

ကျေးရွာနေလူတန်းစားတွေထဲမှာက ငွေကြေးပြည်စုံသူထက် ငွေကြေးမပြည့်စုံတဲ့အခြေခံလူတန်းစား ၊လူလတ်တန်းစားတွေအများဆုံးရှိတာဖြစ်လို့ ငွေကြေးမပြည့်စုံတဲ့ အခြေခံလူတန်းစားတွေဟာ တနေ့တာရဲ့ ဝင်ငွေအပေါ်လိုက်ပြီး ငွေကြေးအခြေအနေအရ စပ်ဆေးကိုသုံးစွဲနေကြရတာမျိုးလည်းဖြစ် ပါတယ်။

ကျန်းမာရေးဆိုင်ရာ နေထိုင်မကောင်းဖြစ်လို့ ဆရာဝန်နဲ့ပြသမယ်ဆိုရင် သာမန်ဖျားနာခြင်းအတွက်ပင် ကုန်ကျစရိတ်က အနည်းဆုံး ၁၅၀၀၀ လောက်ကုန်ကျမှုရှိပြီး ဆေးခန်းသွားရောက်ပြသဖို့ရာ ကား၊ဆိုင်ကယ် ငှားရမ်းခလည်းကုန်ကျမှုပါရှိတာကြောင့်လည်း စပ်ဆေးကိုပဲ သုံးစွဲရတဲ့အခြေအနေတွေရှိပါတယ်။

ဒါကြောင့် အများစုကတော့ စပ်ဆေးသောက်လို့ ရောဂါမသက်သာမှသာ နီးစပ်ရာဆေးရုံဆေးခန်းကို သွားရောက်ကာ ကုသမှုခံယူကြတာတွေ့ရ ပါတယ်။

” စပ်ဆေးက ဖျားတာလောက်ဆိုရင်သက်သာတယ်လေ။အခုရွာမှာ ဆင်တုပ်ကွေးဆေးတောင် ရွာမှာစပ်ပြီးရောင်းတယ်။ဆရာဝန်ပြရင် ရွာမှာတောင်၆၀၀၀ ဆိုတော့မပြနိုင်တာလည်းပါတယ်။ဒီတော့ စပ်ဆေးပဲသောက်ရတယ်။ စပ်ဆေးမနိုင်ရင်တော့ ရှာကြံပြီးဆရာဝန်ပြရတာပေါ့ ” လို့ ကျေးရွာနေပြည်သူတစ်ဦးကပြောပြ ပါတယ်။

ရာသီတုပ်ကွေး၊ ဆင်တုပ်ကွေး လိုပြင်းထန်တဲ့ ရောဂါတွေကိုတောင် ကျေးရွာလူထုက စပ်ဆေးတွဲသောက်ပြီးဖြေရှင်းနေတာဟာ အလွန်အန္တရာယ်များတဲ့ကိစ္စဖြစ်ပါတယ်။

ပါရာစီတမော့လို အကိုက်အခဲပျောက်ဆေးမျိုးတောင် အလွန်အကျွံ မကြာခဏ သုံးစွဲမိမယ်ဆိုရင် ဘေးထွက်ဆိုးကျိုးဖြစ်နိုင်တဲ့အခြေအနေမှာ အခုလို ဘယ်လို ဆေးဝါးတွေနဲ့ရောစပ်ထားတယ်ဆိုတာ မသိရတဲ့ စပ်ဆေးထုပ်တွေကို သောက်သုံးတာမျိုးဟာ ဆိုးကျိုးကိုဖိတ်ခေါ်သလိုပါဘဲ။

စပ်ဆေးတွဲဖြစ်တာနဲ့အညီ သက်တမ်းလွန်ဆေးဝါး ဟုတ်မဟုတ်ကိုလည်းမသိရှိနိုင်သလို ဆေးပြင်းဖြစ်နေရင် ဆေးဝါးဓာတ်မတည့်မှုရှိသူအတွက် ဘေးဥပါဒ်ဖြစ်နိုင်တဲ့အပြင် ရောဂါနဲ့ဆေးလွဲမှားသောက်မိပါကလည်း လူကိုထိခိုက်စေပြီး ဘေး အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

ခုလိုစပ်ဆေးတွေသုံးစွဲမှုဟာ မြန်မာနိုင်ငံရဲ့ ကျေးရွာတွေအတော်များများမှာ အရင်ကတည်းက ရှိသလို ခုထိလည်း ကျန်းမာရေးဗဟုသုတ နည်းပါးသူတွေ ရှိနေသေးတာကြောင့် စပ်ဆေး သုံးစွဲသူတွေအများအပြား ရှိနေသေးတာဖြစ် ပါတယ်။

စပ်ဆေးကို အများဆုံးသုံးစွဲမှုက မြို့နဲ့အလှမ်းဝေးတဲ့ ကျေးရွာတွေမှာ ပိုပြီးအသုံးပြုတာ တွေ့ရပြီး မြို့နဲ့နီးတဲ့ ကျေးရွာတွေမှာပါ စပ်ဆေးသုံးစွဲမှုရှိနေ သလို မြို့ပေါ်က ဆင်ခြေဖုံးရပ်ကွက်တွေမှာလည်း စပ်ဆေးသုံးစွဲမှုကရှိနေပါတယ်။

စပ်ဆေးသောက်ခြင်းရဲ့ဆိုးကျိုး​တွေနဲ့ပတ်သက်ပြီး ကျေးရွာနေလူထုဆီ ကျန်းမာရေးအသိပညာဖြန့်ဝေပေးမှုတွေအားနည်းတာကလည်း ခုချိန်ထိ စပ်ဆေးတွေ ရှင်သန်နေရတဲ့အချက်တခုပါ။

နောက်ပြီး စပ်ဆေးနဲ့ပတ်သက်ပြီး ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်၊ဆိုးကျိုးတွေ ကို ကျေးရွာလူထုဆီ ဖြန့်ဝေပေးရမယ့် ကျေးလက်ကျန်းမာရေးဆရာမတွေကိုယ်တိုင်ကပင် စပ်ဆေးတွေရောင်းချနေခြင်း၊ဆေးဆိုင်တွေ နဲ့အခြားဆရာဝန်မဟုတ်တဲ့ ကျေးလက်ဆရာတွေက စပ်ဆေးရောင်းချမှုကို တားမြစ်မှုမရှိတာတွေကလည်း စပ်ဆေးတွေပျောက်ကွယ်မသွားရတဲ့အထဲကအဓိကအချက်တခုအဖြစ်ရှိနေပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနကတော့ ပြည်သူတွေအနေနဲ့ ရောဂါဝေဒနါတခုခုခံစားရပါက စပ်ဆေးတွေသုံးစွဲခြင်းမလုပ်ဘဲ အမှန်တကယ်တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေဆီမှာသာပြသဖို့ အသိပေးမှုအချို့ရှိပေမယ့်လည်း အောက်ခြေလူထုဆီ အမှန်တကယ် ကျန်းမာရေးအသိပညာရှိအောင်တော့ ထိရောက်တဲ့လုပ်ဆောင်မှုတွေ လုပ်နိုင်ခြင်း မရှိသေး ပါဘူး။

စပ်ဆေးတွေရောင်းချမှုကိုလည်း ထိရောက်စွာ တားမြစ်တာတွေ၊ အရေးယူတာတွေလည်း ခုချိန်မရှိ​သေးပါဘူး။

အကယ်၍ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့သာ သက်ဆိုင်ရာ ကျေးရွာအုပ်စုတိုင်းမှာ အမှန်တကယ်သိရှိနားလည်ပြီး တတ်ကျွမ်းတဲ့ ကျန်းမာရေးမှူးတွေကို တာဝန်ချပေးပြီး ဆေးဝါးတွေကို သင့်တင့်မျှတတဲ့ စျေးနူန်းနဲ့ ပြသကုသခွင့်ရမယ်ဆိုရင် စပ်ဆေးသုံးစွဲမှုဟာ အထိုက်အလျောက်လျော့ကျသွားနိုင်မယ့်အခြေအနေရှိပါတယ်။

လက်ရှိကတော့ ငွေကြေးနဲ့အပြိုင် လွန်ဆွဲရတဲ့အခြေအနေတွေကြောင့် အခြေခံလူတန်းစားတွေဟာ စပ်ဆေးတွဲကိုလွန်ဆန်နိုင်စွမ်းမရှိဘဲ အသုံးပြုနေကြတာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို မျှဝေပါ