ကိုယ်ဝန်ဆောင်ကာလ ကြွက်တက်ခြင်း

Published On: August 10th, 2024|Views: 243|

မေမေတို့အနေနဲ့ ကိုယ်ဝန်ဆောင်ကာလအတွင်း ညအိပ်ပျော်နေတုန်း ခြေထောက်ကို ရုတ်တရက်ဆန့်လိုက်တဲ့အခါ ကြွက်တက်ခြင်းကို ခံစားဖူးကြပါသလား။

ကြွက်တက်ခြင်းဝေဒနာဟာ ကိုယ်ဝန်ဆောင်မိခင်အတော်များများ ခံစားရတဲ့ ဝေဒနာတစ်ခုဖြစ်ပါတယ်။ ကြွက်သားတွေကို တမင်ထိန်းချုပ်တာမဟုတ်ဘဲနဲ့ ကျုံ့သွားတဲ့အခါ (သို့) တင်းသွားတဲ့အခါ ကြွက်တက်ခြင်းဝေဒနာကို ခံစားရပါတယ်။ ကြွက်တက်ပြီးရင်တော့ ကြွက်သားတွေမှာ နာကျဉ်ခြင်းဝေဒနာ ကျန်နေတတ်ပါတယ်။ ခြေသလုံးကြွက်သားနေရာမှာ အဖြစ်များပြီး တစ်ခါတစ်ရံ ပေါင်ကြွက်သားနဲ့ ခြေချောင်းတွေမှာပါ ခံစားရတတ်ပါတယ်။

 

ကိုယ်ဝန်ဆောင်ကာလမှာ ကြွက်တက်ခြင်းဟာ အောက်ပါအချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။

  • လေ့ကျင့်ခန်းအလွန်အကျွံလုပ်ခြင်း၊ အလေးအပင်မခြင်းစတဲ့ ကြွက်သားကို အလွန်အကျွံ အသုံးပြုမိခြင်း
  • လေ့ကျင့်ခန်းမလုပ်ခင် အကြောမလျှော့ခြင်း
  • ရေဓါတ်မပြည့်ဝခြင်း
  • ကိုယ်ဝန်ဆောင်စဉ် မြင့်တက်လာတဲ့ ဟော်မုန်းတွေကြောင့်အပြင် ကိုယ်ဝန်ရဲ့အလေးချိန်ကြောင့် သွေးလှည့်ပတ်မှု ပြောင်းလဲခြင်း
  • ကိုယ်ဝန်ရဲ့အလေးချိန်ကခြေထောက်အာရုံကြောတွေကိုဖိမိခြင်း
  • ကိုယ်ဝန်ဆောင်စဉ်မှာ လိုအပ်တဲ့ သတ္တုဓါတ်တွေဖြစ်တဲ့ ပိုတက်စီယမ်၊ ကယ်(လ်)စီယမ်၊ မဂ္ဂနီစီယမ်စတာတွေ ချို့တဲ့ခြင်း

ကြွက်တက်ခြင်းဝေဒနာကို ခံစားရတဲ့အခါ

  • ကြွက်သားပြေလျှော့စေဖို့ ခြေမကိုကိုင်ပြီး ခြေဖမိုးဖက်ဆီသို့ တင်းတင်းဆွဲထားပါ။
  • ဝေဒနာခံစားနေရတဲ့ ကြွက်သားကို နှိပ်နှယ်ပေးပါ။
  • ရေနွေးအိတ် ဒါမှမဟုတ် ရေခဲဝတ်ကပ်ပေးပါ။
  • အနည်းငယ်သက်သာတဲ့အခါ လမ်းနည်းနည်း လျှောက်ပေးပါ။
  • ကြွက်တက်ပြီးနောက် ခြေသလုံးကြွက်သားတွေ နာကျဉ်ကိုက်ခဲနေခဲ့ရင် အနာသက်သာစေဖို့ ပါရာစီတမော (သို့) ကျန်းမာရေးပညာရှင်က ညွှန်ကြားတဲ့ ဆေးဝါးသောက်သုံးနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ကြွက်တက်ခြင်းကို လျှော့ပါးသက်သာစေဖို့ အောက်မှာ ဖော်ပြထားတဲ့ အချက်တွေကို လိုက်လုပ်ကြည့်ပါ။

  • ကိုယ်ဝန်ဆောင်ကာလမှာ လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ရရှိနိုင်ဖို့ ကိုယ်ဝန်ဆောင် အားဆေးသောက်ပါ။
  • လိုအပ်မယ်ဆိုရင် ကျန်းမာရေးပညာရှင်နဲ့ တိုင်ပင်ပြီး ကယ်(လ်)စီယမ်ဆေးပြား သောက်နိုင်ပါတယ်။
  • ရေဓါတ်ပြည့်ဝစေဖို့ ရေကိုလုံလုံလောက်လောက်သောက်ပါ။
  • အာဟာရပြည့်ဝအောင်စားပါ။
  • ငှက်ပျောသီး၊ ထောပတ်သီး၊ ပန်းသီး၊ လိမ္မော်သီး၊ ဟင်းနုနွယ်၊ ကိုက်လန်၊ ခရမ်းသီး၊ မုန်လာဥ၊ ကန်စွန်းဥ စတဲ့ ပိုတက်စီယမ်ဓါတ် ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်တွေစားသုံးပါ။
  • မဂ္ဂနီစီယမ်ကြွယ်ဝတဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်၊ အစေ့အဆံ တွေကို စားပေးပါ။
  • ကယ်(လ်)စီယမ်ဓါတ်ရစေဖို့ နွားနို့၊ပဲနို့၊ အရိုးပါဝါးစားလို့ရတဲ့ငါး စတာတွေစားပေးပါ။
  • ကြွက်သားညောင်းညာတာတွေ ပြေစေဖို့ ညအိပ်ခါနီး ရေခပ်နွေးနွေးနဲ့ ရေချိုးပါ။
  • လေ့ကျင့်ခန်းမလုပ်ခင်၊ ညအိပ်ရာမဝင်ခင် အကြောလျှော့လေ့ကျင့်ခန်းကို ပြုလုပ်ကြည့်ပါ။
  • လမ်းလျှောက်တာလိုမျိုး ပေါ့ပါးတဲ့လေ့ကျင့်ခန်းတွေကို လုပ်ပေးပါ။
  • ညအိပ်တဲ့အခါ ဘယ်ဖက်ကို စောင်းအိပ်ပေးနိုင်ရင် အသည်းအပေါ် ကိုယ်ဝန်ရဲ့ အလေးချိန်သက်ရောက်မှု နည်းတဲ့အတွက် သွေးလှည့်ပတ်မှု ကောင်းစေနိုင်ပါတယ်။ ဒါကြောင့် ညအိပ်တဲ့အခါ ခန္ဓာကိုယ်ရဲ့ ဘယ်ဖက်ကို စောင်းအိပ်ကြည့်ပေးပါ။
  • နေ့လည်နေ့ခင်း တစ်ရေးတစ်မောအိပ်ပေးပါ။
  • References

https://www.nhs.uk/conditions/vitamins-and-minerals/calcium/

https://americanpregnancy.org/healthy-pregnancy/pregnancy-health-wellness/muscle-cramps-during-pregnancy/

ဒီအကြောင်းအရာကို မျှဝေပါ