ကလေးငယ်နဲ့ မှက်ခရု (Oral thrush)

Published On: September 3rd, 2024|Views: 534|
  • By Wor Mithi

မေမေတို့အနေနဲ့ ကလေးငယ်လေးတွေရဲ့ လျှာပေါ်မှာ အဖြူအဖတ်ကလေးတွေ ရှိနေတာကို မြင်ဖူးကြပါသလား။ မှက်ခရုလို့ ခေါ်တဲ့ ကလေးငယ်လေးတွေရဲ့ ပါးစပ်ထဲမှာ ဖြစ်တတ်တဲ့ အနာဟာ မှိုရောဂါတစ်မျိုးဖြစ်ပြီး အလွန်ကို အတွေ့ရများတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ မှက်ခရုဖြစ်စေတဲ့မှိုရောဂါပိုးက ပါးစပ်ထဲမှာ ပုံမှန်လဲ ရှိနေတတ်တဲ့ မှိုတစ်မျိုး ဖြစ်ပါတယ်။ ကလေးငယ်လေးတွေနဲ့ သက်ကြီးရွယ်အိုတွေမှာ ကိုယ်ခံစွမ်းအားစနစ်က မကောင်းမွန်တဲ့အတွက် အဆိုပါမှိုတွေဟာ ပွားများလာပြီး မှက်ခရုကို ဖြစ်စေပါတယ်။ ကလေးငယ်တွေထဲမှာမှ နို့စို့ကလေးငယ်တွေ၊ ပန်းနာရင်ကျပ်အတွက် ဆေးသောက်/ဆေးရှူနေရတဲ့သူတွေမှာ မှက်ခရုဖြစ်နိုင်ခြေ ပိုများပါတယ်။

Photo: NHS

မှက်ခရုကို ဘယ်လိုပုံစံတွေ့ရနိုင်သလဲ။

မှက်ခရုကို ကလေးငယ်လေးတွေရဲ့ လျှာပေါ်မှာ အဖြူဖတ်ပုံစံမျိုးနဲ့တွေ့ရပြီး၊ ပါးစောင်တွေထဲမှာ အနီပြောက်၊ အဖြူပြောက်တွေရှိနေတာမျိုး တွေ့ရလေ့ရှိပါတယ်။ မှက်ခရုပေါက်တဲ့အခါ ကလေးငယ်ဟာ နို့စို့ရခက်ခဲတာ၊ အစားစားရခက်ခဲတာ ဖြစ်နိုင်ပြီး အလွန်ငယ်တဲ့ ကလေးတွေမှာတော့ ပါးစပ်ကနေ သားရည် စီးကျတာမျိုး တွေ့နိုင်ပါတယ်။ မေမေတို့က အစိုးရိမ်လွန်ပြီး အဖြူဖတ်တွေကို ခွာဖို့ကြိုးစားရင်တော့ ရောဂါဟာ ပျောက်မသွားဘဲ အဖြူကွာသွားတဲ့ နေရာမှာ ဒဏ်ရာရသွားတဲ့အတွက် သွေးထွက်တာ၊ နာတာ ဖြစ်နိုင်ပါတယ်။

မှက်ခရုဟာ နို့စို့ကလေးငယ်ရဲ့ပါးစပ်ကနေတစ်ဆင့် တစ်ခါတစ်ရံမှာ မေမေတို့ရဲ့ နို့သီးခေါင်းကို ကူးစက်စေတတ်ပြီး မေမေတို့ရဲ့ နို့သီးခေါင်းကွဲအက်ခြင်း၊ နို့သီးခေါင်းနာခြင်းတွေကိုလည်း ခံစားရစေတတ်ပါတယ်။ အပြန်အလှန်အနေနဲ့ မေမေတို့ရဲ့နို့သီးခေါင်းမှာ အဆိုပါမှိုရောဂါပိုးရှိနေတဲ့အခါမှာလည်း ကလေးငယ်ကို ကူးစက်စေနိုင်ပါတယ်။ ကလေးကို တိုက်ကျွေးတဲ့ နို့ဘူးရဲ့နို့သီးခေါင်း၊ နို့သီးခေါင်းအတု၊ သွားယားပြေစေဖို့ ကိုက်တဲ့ ရာဘာအပြား စတာတွေကနေလည်း မှက်ခရုဖြစ်စေတဲ့ မှိုရောဂါပိုးကူးစက်စေနိုင်ပါတယ်။

မှက်ခရုကိုဘယ်လိုကုသရမလဲ။

မှက်ခရုဟာ ကလေးငယ်အတော်များများမှာတော့ အပျော့စားပုံစံမျိုးပဲတွေ့ရလေ့ရှိပြီး ပုံမှန်အားဖြင့်တော့ ဆေးကုသစရာမလိုဘဲ ရက်အနည်းငယ်အတွင်းမှာ အလိုလိုပျောက်ကင်းနိုင်ပါတယ်။ ဒါပေမယ့်လည်း ကလေးငယ်တွေမှာ နို့စို့ရခက်တာတွေ၊ အစာမစားနိုင်တာတွေ ဖြစ်နေရင်တော့ မှိုသတ်ဆေးတစ်မျိုးမျိုး လိုအပ်နိုင်ပါတယ်။ အကယ်၍ နို့စို့ကလေးဖြစ်နေခဲ့ရင် အမေကိုပါ နို့သီးခေါင်းမှာ လိမ်းဖို့၊ ဒါမှမဟုတ် သောက်ဖို့ မှိုသတ်ဆေး တစ်မျိုးမျိုး ပေးဖို့လိုအပ်နိုင်ပါတယ်။ မှိုသတ်ဆေးအကယ်၍ လိုအပ်လာခဲ့ရင် မှိုသတ်ဆေးတွေဟာ ပိုးသတ်ဆေးတွေလိုပဲ စနစ်တကျမသုံးစွဲရင် ဆေးယဉ်ပါးတာတွေ၊ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်နိုင်တဲ့အတွက် ကျန်းမာရေးပညာရှင် ညွှန်ကြားချက်အတိုင်း အပြည့်အဝ လိုက်နာဖို့ လိုအပ်ပါတယ်။

မှက်ခရုမဖြစ်အောင် ကာကွယ်လို့ရလား။ 

မှက်ခရုမဖြစ်အောင် မေမေတို့အနေနဲ့ ကလေးငယ်လေးတွေကို ဒါလေးတွေ လုပ်ဆောင်ပေးနိုင်ပါတယ်။

  မေမေတို့ရဲ့နို့သီးခေါင်းတွေကို သေချာသန့်ရှင်းရေးလုပ်ပေးပါ။ (နို့မတိုက်ခင်စပ်ကြားလုပ်ဆောင်ရမှာ ဖြစ်ပြီး နို့တိုက်ခါနီးမှ နို့သီးခေါင်းကို ရေနဲ့ဆေးတာမျိုး လုံးဝမလုပ်သင့်ပါဘူး။)

  နို့ဘူးတိုက်တယ်ဆိုရင် သေချာစွာပိုးသတ်နိုင်ဖို့ နို့ဘူးနဲ့ဆက်စပ်ပစ္စည်းအားလုံးကို ဆေးကြောသန့်စင်ပြီးတဲ့ အခါတိုင်း ရေနွေးဆူဆူနဲ့ ၅ မိနစ်လောက်ပြုတ်ပေးရမယ်။ (အခြားပိုးသတ်နည်းလမ်းများလည်း လက်လှမ်းမှီရင် သုံးနိုင်ပါတယ်။)

  ကလေးပါးစပ်ထဲထည့်တဲ့အရာမှန်သမျှကိုလည်း အထက်ပါနည်းအတိုင်း သေချာပိုးသတ်ပေးပါ။

  နို့စို့ကလေးငယ်ရဲ့ ခံတွင်းထဲ သန့်နေစေဖို့ ပုဝါသန့်သန့်နုနုနဲ့ သန့်ရှင်းရေးလုပ်ပေးနိုင်ပါတယ်။ ကလေးအနည်းငယ်ကြီးပြီး သွားပွတ်တံ သုံးနိုင်တဲ့အရွယ်ရောက်ရင်တော့ သွားပုံမှန်တိုက်ပြီး ခံတွင်းသန့်ရှင်းရေး ပုံမှန်လုပ်ဆောင်ပေးပါ။

နို့စို့ကလေးငယ်လေးတွေရဲ့ ပါးစပ်ထဲမှာ မှက်ခရုတွေပေါက်တဲ့အခါ “နို့ကြောင့်ဖြစ်တာ၊ နှီးပြားလေးနဲ့ ခြစ်လိုက်ရင် သက်သာတယ်”လို့ အရပ်ထဲမှာ အလွယ်ပြောလေ့ရှိကြပါတယ်။ ဒီအပြုအမူဟာ မှန်ကန်ရဲ့လားဆိုတာ မေမေတို့အနေနဲ့ အခုဆို သုံးသပ်နိုင်ကြပြီလို့ မျှော်လင့်ပါတယ်။

References

raisingchildren.net.au

URMC/Health Encyclopedia

Mayo clinic

 

မျှဝေရင်းကူ

ဒီအကြောင်းအရာကို မျှဝေပါ

သတင်း
ဆောင်းပါး နှင့် အထူးကဏ္ဍ