ကလေးငယ်များတွင် ဖြစ်တတ်သော အာဟာရပြဿနာများ

Published On: September 9th, 2024|Views: 189|
  • By Wor Mithi

မိမိရင်သွေးတွေကို ဥာဏ်ရည်ကောင်းမွန်ပြီး ကောင်းကောင်းမွန်မွန် ကျန်းကျန်းမာမာ ကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒပဲဖြစ်ပါတယ်။ ဒီလိုဖြစ်လာဖို့က အခြေခံအကျဆုံးနဲ့ အရေးကြီးဆုံးက သင့်တော်မျှတတဲ့ အာဟာရကို ကျွေးမွေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် သင့်တော်တဲ့ အာဟာရဓါတ်ကို မရကြတဲ့အခါ ကလေးတွေမှာ အာဟာရဆိုင်ရာပြဿနာတွေ ဖြစ်ပွားလာပါတယ်။ အဖြစ်အများဆုံး အာဟာရပြဿနာ သုံးခုကတော့ အာဟာရချို့တဲ့ခြင်း၊ ဗီတာမင်နဲ့သတ္တုဓါတ်ချို့တဲ့ခြင်းနဲ့ အဝလွန်ခြင်း ပြဿနာများပဲ ဖြစ်ပါတယ်။

 

မိမိရင်သွေးမှာ အာဟာရချို့တဲ့ခြင်း/လွန်ကဲခြင်း ရှိ/မရှိ သိနိုင်စေဖို့ ကိုယ်အလေးချိန်နဲ့ အရပ်အမြင့်ကို ပုံမှန်တိုင်းတာပြီး စောင့်ကြည့်နိုင်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အသက်အရွယ်အလိုက် ရှိသင့်ရှိထိုက်တဲ့ စံကိုယ်အလေးချိန်၊ အရပ်အမောင်းအောက် (-2Standard Deviation) ရှိနေရင် အာဟာရချို့တဲ့တယ်လို့ သတ်မှတ်ပြီး စံနှုန်းအထက် (+2 Standard Deviation) ရှိနေရင် အာဟာရလွန်ကဲတယ် (အဝလွန်တယ်) လို့ သတ်မှတ်ထားပါတယ်။

အစားအသောက်ကို လက်လှမ်းမမှီခြင်း၊ ဖျားနာခြင်း (အထူးသဖြင့်ဝမ်းလျှောခြင်း) စတာတွေကြောင့် လတ်တလောအာဟာရချို့တဲ့အခါ ကလေးတွေမှာ အလွန်အမင်းပိန်လှီ/ဖောရောင်လာပြီး ကိုယ်ခံစွမ်းအားတွေ ကျဆင်းလာတတ်ပါတယ်။ ထိုအခြေအနေမှာ ရောဂါပိုးတွေလဲ အလွယ်တကူဝင်ရောက်နိုင်ပြီး ရောဂါခံစားရမှုပါ ပြင်းထန်နိုင်တဲ့အတွက် အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နိုင်ပါတယ်။ အသက်၅နှစ်အောက် ကလေးငယ်များသေဆုံးမှုရဲ့ တစ်ဝက်နီးပါးက လတ်တလော အာဟာရချို့တဲ့ခြင်းကြောင့် ပိန်လှီခြင်း/ဖောရောင်ခြင်း (wasting) ရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကြောင့် ဖြစ်ပါတယ်။

အစားအသောက်ကို လက်လှမ်းမီပေမယ့် လုံလောက်တဲ့အာဟာရဓါတ်ကို မျှတအောင် မကျွေးပေးနိုင်တဲ့ ကလေးငယ်တွေမှာတော့ နာတာရှည်အာဟာရချို့တဲ့တဲ့ လက္ခဏာဖြစ်တဲ့ ပုညှက်ခြင်း (stunting) ကိုတွေ့ရပါတယ်။ အဓိကအားဖြင့်တော့ ထမင်းစတဲ့ ကာဗိုဟိုက်ဒရိတ်ကို အဓိကကျွေးမိပြီး လိုအပ်တဲ့ အသားဓါတ်ကို မျှတအောင်မကျွေးမိတဲ့ကလေးတွေမှာ ဖြစ်တတ်ပါတယ်။ လတ်တလောဆိုးဝါးတဲ့ကျန်းမာရေး အခြေအနေနဲ့ မကြုံတွေ့ရပေမယ့် ရေရှည်အကျိုးဆက်အနေနဲ့ ကလေးတွေ ကြီးပြင်းလာတဲ့အခါ သူတို့ရှိသင့်ရှိထိုက်တဲ့ အရပ်အမောင်းကို မရနိုင်တော့သလို ဥာဏ်ရည်ဥာဏ်သွေးလဲ ရှိသင့်သလောက်ကို မရနိုင်တော့ပါဘူး။ ပြီးတော့ ပုညှက်တဲ့ကလေးတွေဟာ အသက်ကြီးလာတဲ့အခါ အဝလွန်တဲ့အခြေအနေကို ပိုမိုကြုံတွေ့လာရနိုင်ပါတယ်။

နောက်ထပ်အရေးကြီးတဲ့ အာဟာရဆိုင်ရာပြဿနာတစ်ခုကတော့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ချို့တဲ့ခြင်းပါပဲ။ ဗီတာမင်နဲ့ သတ္တုဓါတ်တွေဟာ ကလေးငယ်တွေကို ကျန်းမာခြင်း၊ ခန္ဓာကိုယ်ဖွံ့ဖြိုးခြင်းတွေကို အထောက်အကူပေးတဲ့အပြင် ဦးနှောက်ဥာဏ်ရည်ကိုတိုးတက်စေတဲ့နေရာမှာလဲ အခရာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကလေးငယ်တွေဟာ မွေးကတည်းက မိခင်နို့ကိုအပြည့်အဝမရတဲ့အခါ၊ နို့တိုက်ကျွေးနည်းမမှန်တဲ့အခါ၊ ဖြည့်စွက်စာ စတင်ကျွေးချိန်ကစ ထမင်း၊အသား/ငါး၊ ဟင်းသီးဟင်းရွက်တွေကို စုံလင်အောင် မကျွေးမွေးတဲ့အခါ ကလေးအတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ချို့တဲ့လာနိုင်ပါတယ်။

အာဟာရချို့တဲ့မှုတွေအပြင် ခေတ်နဲ့လျော်ညီစွာပြောင်းလဲလာတဲ့ နေထိုင်မှုပုံစံ၊ စားသောက်မှုပုံစံတွေကြောင့် ကလေးငယ်တွေအဝလွန်ခြင်းဟာလည်း ယနေ့ခေတ်မှာ အတွေ့ရများလာပါတယ်။ အချိုဓါတ်၊ အငန်ဓါတ်လွန်ကဲနေတဲ့ အသင့်စား အစားအသောက်တွေ၊ ပြုပြင်ပြောင်းလဲထားတဲ့ ပြည့်ဝဆီ ပါဝင်မှုများတဲ့ အသင့်စားအစားအစာတွေနဲ့ ကလေးသဘာဝ လွတ်လွတ်လပ်လပ် ဆော့ကစားရတာတွေ နည်းလာတဲ့အခါ ကလေးငယ်လေးတွေက အဝလွန်လာလေ့ရှိပါတယ်။ ဝဝတုတ်တုတ်ကလေးငယ်တွေဟာ ငယ်စဉ်အခါ အမြင်မှာတော့ အလွန်ချစ်ဖို့ကောင်းပေမယ့် အသက်ကြီးလာတဲ့အခါမှာ အဝလွန်သွားဖို့ ဖြစ်နိုင်ခြေပိုများပါတယ်။ အဝလွန်လာတဲ့အခါ အဝလွန်ခြင်းနဲ့ ဆက်စပ်နေတဲ့ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါ၊ ကင်ဆာရောဂါ စတာတွေကို ပိုမိုခံစားရနိုင်ပါတယ်။

အဲ့တာကြောင့် မိဘတွေအနေနဲ့ ကျန်းမာသန်စွမ်းပြီး ဥာဏ်ရည်ထက်မြက်တဲ့ ကလေးငယ်လေးတွေကို ပျိုးထောင်နိုင်ဖို့ ကိုယ့်ရင်သွေးရဲ့ အာဟာရအခြေအနေကို လိုလဲမလိုစေ၊ ပိုလဲမပိုစေဘဲ သင့်တင့်မျှတအောင်၊ အစာအုပ်စု စုံလင်အောင် ကျွေးပေးဖို့ အလွန်ပင် အရေးကြီးပါတယ်။

References

https://www.who.int/data/nutrition/nlis/info/malnutrition-in-children

https://data.unicef.org/topic/nutrition/child-nutrition/

မျှဝေရင်းကူ

ဒီအကြောင်းအရာကို မျှဝေပါ