ထိခိုက်ဒဏ်ရာကို ရှေးဦးသူနာပြုစုခြင်း

Published On: September 11th, 2024|Views: 202|
  • By Wor Mithi

သင့်မှာ ထိခိုက်ဒဏ်ရာရဖူးပါသလား။ ထိခိုက်ဒဏ်ရာရတဲ့အခါ လမ်းဘေးကအလေ့ကျပေါက်တဲ့ အပင်တစ်ခုခုရဲ့ အရွက် (သို့) မြေကြီး၊ အချိုမှုန့်၊ နနွင်းစတာတွေကို ထိခိုက်ဒဏ်ရာထဲ သိပ်ဖူးပါသလား။ ဒဏ်ရာသေးသေးလေးက မန်းဝင်ပြီး အနာမကျက်တာမျိုး ဖြစ်ဖူးပါသလား။

 

မိသားစုတိုင်းမှာ လက်ဓါးရှမိတာကစပြီး၊ ပွန်းတာပဲ့တာ၊ ခိုက်မိတာ၊ ထင်းစ၊ ကျောက်စထိမိတာ စတဲ့ ထိခိုက်ဒဏ်ရာမျိုးစုံကို မကြာခဏ ကြုံတွေ့ရလေ့ရှိပါတယ်။ ပုံမှန်အားဖြင့်တော့ ဒဏ်ရာလေးတွေက သေးတဲ့အခါ အမှုမဲ့အမှတ်မဲ့ထားတတ်ကြပြီး အနာကျက်သွားတာလည်း ဖြစ်တတ်သလို အနာရင်းလာပြီးတော့ အပ်နဲ့ထွင်းရမယ့်အနာကို ပုဆိန်နဲ့ပေါက်ရတာမျိုးလည်း ဖြစ်တတ်ပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့အချိန်မှာ သေချာမကိုင်တွယ်ခဲ့ရင် အနာပိုးဝင်ခြင်း၊ ပြည်တည်ခြင်း၊ အသားနဲ့အရေပြားပုတ်သွားခြင်း၊ အနာလှိုက်စားခြင်း၊ သွေးဆိပ်တက်ခြင်း စတာတွေအပြင် မေးခိုင်ပိုးဝင်ခြင်းကိုပါ ခံစားရနိုင်ပါတယ်။ ဒါ့အပြင် ခွေးကိုက်ခံရတာ၊ မျောက်ကိုက်ခံရတာ၊ အခြားတိရိစ္ဆာန်ကိုက်ခံရတာ စတာတွေ ဖြစ်လာတဲ့အခါ ကြုံရာနည်းလမ်းနဲ့ ဖြေရှင်းလေ့ရှိကြတဲ့အတွက် မလိုလားအပ်ဘဲ ခွေးရူးပြန်ရောဂါတွေ ခံစားရပြီး အသက်သေဆုံးတာအထိ ဖြစ်နိုင်ပါသေးတယ်။

ထိခိုက်ဒဏ်ရာကို ရှေးဦးသူနာပြုစုတဲ့နေရာမှာ အရေးကြီးတဲ့ အချက်နှစ်ချက်ရှိပါတယ်။ အဲ့တာတွေကတော့ အနာကိုသွေးတိတ်အောင်ပြုလုပ်ခြင်းနဲ့ အနာကိုသန့်ရှင်းအောင်ထားခြင်း တို့ပဲဖြစ်ပါတယ်။ ဒါကြောင့် ထိခိုက်ဒဏ်ရာကို ရှေးဦးသူနာပြုစုနိုင်ဖို့ အောက်မှာဖော်ပြထားတဲ့ အချက်များအတိုင်း လိုက်နာဆောင်ရွက်နိုင်ပါတယ်။

(၁) သွေးတိတ်အောင်ပြုလုပ်ပါ– သွေးထွက်များတဲ့ဒဏ်ရာတွေမှာ သွေးဆုံးရှုံးမှုတွေများတဲ့အခါ လူနာက သွေးပေါင်ကျတတ်ပြီး သွေးလန့်နိုင်ပါတယ်။ အဲ့တာကြောင့် သွေးထွက်များတဲ့ဒဏ်ရာတွေဆိုရင် သွေးတိတ်အောင်လုပ်ဖို့က အဓိကအချက်ဖြစ်ပါတယ်။ ဒဏ်ရာကို သွေးတိတ်အောင် ဆောင်ရွက်နိုင်ဖို့ ပတ်တီးစ (သို့) သန့်ရှင်းတဲ့ပိတ်စ (မိမိအိမ်မှာရနိုင်တဲ့အသန့်ရှင်းဆုံးပိတ်စ) တင်ထားပြီး လက်နဲ့ ၁၀ မိနစ်ကြာအောင် ဖိထားပေးပါ (သို့) သွေးတိတ်တဲ့အထိ သင့်တော်တဲ့ဖိအားနဲ့ ဖိထားပါ။ အကယ်၍ သွေးမတိတ်သေးဘူးဆိုရင် ပတ်တီးစကို မဖယ်ရှားဘဲ ပတ်တီးစများ ထပ်တင်၍ ဖိထားပါ။ သွေးလုံးဝတိတ်သွားတဲ့အခါမှ ဒဏ်ရာသေးရင် သန့်ရှင်းရေးလုပ်ပြီး ဆေးထည့်ပါ။ ဒဏ်ရာကြီးပြီး အနာကိုချုပ်ဖို့လိုအပ်နိုင်ရင် (သို့) အရိုးကျိုးတယ်လို့သံသယရှိရင် အနီးစပ်ဆုံး ကျန်းမာရေးစောင့်ရှောက်မှု ရယူနိုင်တဲ့နေရာကို သွားပါ။ 

(၂) ဒဏ်ရာကို ရေသန့်သန့်များများနဲ့ သေချာဆေးပေးပါ- ဒဏ်ရာလို့ ပြောတဲ့အခါ ထိခိုက်ရှနာတွေအပြင် ခွေးကိုက်တာ၊ ကြောင်ကုတ်တာ အပါအဝင် ဘယ်တိရိစ္ဆာန် ကိုက်ခံရတာမဆို ပါဝင်ပါတယ်။ ဒဏ်ရာကို သန့်အောင်ဆေးလိုက်ခြင်းအားဖြင့် ဒဏ်ရာထဲဝင်နေတဲ့ အမှိုက်သရိုက်၊ အမှုန်အမွှား၊ ရောဂါပိုးမွှားတွေ အထိုက်အလျောက်လျော့သွားတဲ့အတွက် အနာကျက်မြန်စေခြင်း၊ အနာပြည်တည်ခြင်းကို လျော့နည်းစေခြင်း၊ အနာမန်းဝင်ခြင်းကို လျော့နည်းစေခြင်း စတဲ့အကျိုးကျေးဇူးတွေကို ခံစားရစေနိုင်ပါတယ်။ တိရိစ္ဆာန်ကိုက်ခံရတဲ့ ဒဏ်ရာတွေဆိုရင်တော့ သူတို့ရဲ့ သားရည်တွေကနေတစ်ဆင့် ခွေးရူးပြန်ရောဂါပိုး ကူးစက်နိုင်တဲ့အတွက် ဒဏ်ရာကို သေချာဆေးဖို့ ပိုအရေးကြီးပါတယ်။

(၃) အနာကို ရေများများနဲ့ဆေးပြီးတဲ့အခါ ဘီတာဒိုင်းဆေးရည် (ဆေးဝါရည်) ထည့်ပါ။ အနာအပေါ် သန့်ရှင်းတဲ့ ပတ်တီးစ (သို့) သန့်ရှင်းတဲ့ပိတ်စအုပ်ပြီး ပတ်တီးစည်းပါ။ အနာကို နေ့စဉ်ဆေးဝါရည် ထည့်ပေးပါ။ ပတ်တီးကို တစ်နေ့တစ်ကြိမ် လဲပေးပါ။

(၄) အကယ်၍ ချွန်ထက်တဲ့အရာတွေနဲ့ ထိုးမိတဲ့ ထိုးသွင်းဒဏ်ရာဖြစ်မယ်ဆိုရင် စိုက်လျှက်ရှိနေတဲ့ ပစ္စည်းပတ်ပတ်လည်မှာ အဝတ်သန့် (သို့) ပတ်တီးစဖြင့် ဖိထားပါ။ (ဥပမာ- သစ်စ၊ ဝါးစ၊ ဓါး) စိုက်ဝင်နေတဲ့ပစ္စည်းကို ငြိမ်အောင်ထိန်းထားပါ။ အဲ့လိုပြုလုပ်တဲ့အခါမှာ စိုက်ဝင်နေတဲ့ပစ္စည်းကို အတွင်းထဲထပ်ပြီး မထိုးသွင်းမိစေဖို့ သတိပြုပါ။ စိုက်ဝင်နေတဲ့ပစ္စည်းကို လုံးဝမဆွဲနှုတ်ပါနဲ့။ ပြီးရင်တော့ လူနာကို နီးစပ်ရာ ကျန်းမာရေးစောင့်ရှောက်မှုရယူနိုင်တဲ့နေရာကို ချက်ချင်းပို့ပါ။

(၅) အရိုးကျိုး/အဆစ်လွဲတယ်လို့သံသယရှိရင် အရိုး/အဆစ်တွေကို ငြိမ်အောင်ထိန်းပေးရပါမယ်။ အရိုး/အဆစ်တွေနေရာမှာ နာခြင်း၊ ပုံမှန်အတိုင်းမလှုပ်ရှားနိုင်ခြင်း၊ ရောင်လာခြင်း၊ ထိမိရင်နာခြင်းနဲ့ အရိုး/အဆစ်ပုံပျက်နေခြင်း ရှိရင် အရိုးကျိုး/အဆစ်လွဲတယ်လို့ ယူဆရနိုင်ပါတယ်။ ဒဏ်ရာကသွေးထွက်နေရင် သွေးတိတ်အောင် အရင်ဆောင်ရွက်ပါ။ လူနာကို ငြိမ်ငြိမ်နေခိုင်းပါ။ အရိုး/အဆစ်အောက်မှာ မာတဲ့အရာ တစ်ခုခုခံပြီး အရိုး/အဆစ်ကို ငြိမ်အောင်ထိန်းပါ။  ပတ်တီးကို အရမ်းတင်းကြပ်အောင် စည်းမိရင် သွေးမလျှောက်တာတွေ ဖြစ်နိုင်တဲ့အတွက် ပတ်တီးကို အရမ်းမတင်းကြပ်နေစေဖို့ သတိပြုပါ။ ပြီးရင်တော့ လူနာကို နီးစပ်ရာ ကျန်းမာရေးစောင့်ရှောက်မှု ရယူနိုင်တဲ့နေရာကို ချက်ချင်းပို့ပါ။

ထိခိုက်ဒဏ်ရာရတဲ့အခါ အောက်ပါအချက်တွေကိုသတိထားပါ။

  တွေ့ကရာပစ္စည်းနဲ့ အနာကိုသိပ်တဲ့အခါ အနာမှာ မလိုအပ်ဘဲ ရောဂါပိုးဝင်နိုင်တဲ့အပြင် မေးခိုင်ရောဂါပိုးပါ ဝင်နိုင်တဲ့အတွက် လုံးဝမလုပ်သင့်ပါဘူး။

  ခွေးကိုက်ခံရတဲ့ဒဏ်ရာကို အပွင့်အတိုင်းထားသင့်ပြီး လုံးဝမချုပ်သင့်ပါဘူး။

  တိရိစ္ဆာန်ကိုက်ခံရရင် ခွေးရူးပြန်ကာကွယ်ဆေးထိုးဖို့လိုအပ်နိုင်ပါတယ်။

  ဒဏ်ရာက အရမ်းကြီးရင် ချုပ်ဖို့လိုအပ်နိုင်ပါတယ်။

  ထိခိုက်ဒဏ်ရာရပြီး ၄၈နာရီအတွင်း မေးခိုင်ကာကွယ်ဆေး ထိုးဖို့လိုအပ်နိုင်ပါတယ်။

  ထိခိုက်ဒဏ်ရာရတိုင်း ပိုးသတ်ဆေးလို့ခေါ်တဲ့ ပဋိဇီဝဆေးဝါး သောက်ဖို့မလိုအပ်ပါဘူး။

Reference

http://www.adpc.net/V2007/IKM/ONLINE%20DOCUMENTS/downloads/2009/CommunityFirstAid_eng.pdf

https://www.healthywa.wa.gov.au/Articles/U_Z/Wounds-first-aid

https://healthywa.wa.gov.au/Articles/F_I/First-aid-for-fractures-and-dislocations

မျှဝေရင်းကူ

ဒီအကြောင်းအရာကို မျှဝေပါ