သံဓါတ်ချို့တဲ့မှုကြောင့် သွေးအားနည်းခြင်း

Published On: October 6th, 2024|Views: 133|
  • By Wor Mithi

ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ သံဓါတ်ချို့တဲ့မှုကြောင့်သွေးအားနည်းခြင်းဟာ ကြီးမားတဲ့ ပြည်သူ့ကျန်းမာရေး ပြဿနာတစ်ရပ် ဖြစ်နေဆဲပါပဲ။ သံဓါတ်ဆိုတာ ‌သွေးထဲမှာ အောက်ဆီဂျင်ကို သယ်ဆောင်ပေးတဲ့ သွေးနီဥဖြစ်စေဖို့ မရှိမဖြစ်လိုအပ်တဲ့ဓါတ်တစ်ခုပဲ ဖြစ်ပါတယ်။ သံဓါတ်ချို့တဲ့ခြင်းကို အရွယ်ရောက်ကာစအမျိုးသမီးငယ်များ၊ အမျိုးသမီးများ၊ ကိုယ်ဝန်ဆောင်နဲ့ ကလေးငယ်တွေမှာ ပိုမိုခံစားရလေ့ရှိပါတယ်။ သံဓါတ်ချို့တဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်တွေမှာ မွေးပြီးသွေးသွန်ခြင်းစတဲ့ ကိုယ်ဝန်ဆောင်ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ပိုခံစားရစေနိုင်ပြီး သန္ဓေသားကြီးထွားမှုနှေးခြင်း စတာတွေလဲ ဖြစ်နိုင်ပါသေးတယ်။ ကလေးငယ်တွေမှာဆိုရင်တော့ ကလေးငယ်ရဲ့ ဥာဏ်ရည်ဥာဏ်သွေး၊ ကြီးထွားမှုနဲ့ ဖွံ့ဖြိုးမှုတွေကို နှေးစေနိုင်ပါတယ်။ သွေးအားနည်းတာကို သတိမထားမိဘဲ သေချာမကုသဘဲ ထားမယ်ဆိုရင်တော့ နှလုံးရောဂါပါခံစားလာရနိုင်တဲ့အပြင် ပြင်းထန်သွေးအားနည်းရောဂါကြောင့် အသက်သေဆုံးတာအထိပါ ဖြစ်နိုင်ပါတယ်။

 

သံဓါတ်ချို့တဲ့ရတဲ့ အကြောင်းအရာတွေကို ခွဲခြမ်းစိတ်ဖြာကြည့်မယ်ဆိုရင် သံဓါတ်စားသုံးမှုမလုံလောက်ခြင်း၊ ခန္ဓာကိုယ်မှ သံဓါတ်စုပ်ယူမှုနည်းခြင်း နဲ့ ခန္ဓာကိုယ်မှ သံဓါတ်ဆုံးရှုံးမှုများခြင်း စတာတွေကို တွေ့ရမှာဖြစ်ပါတယ်။ အမျိုးသမီးတွေကတော့ လစဉ်ဓမ္မတာဖြစ်စဉ်ကြောင့် သံဓါတ်ဆုံးရှုံးမှု ပိုများပါတယ်။ အမျိုးသမီးများ ကိုယ်ဝန်ဆောင်တဲ့အခါမှာလည်း သန္ဓေသားကို အာဟာရဓါတ်လုံလုံလောက်လောက် ထောက်ပံ့ပေးဖို့ ကိုယ်ဝန်ဆောင်မိခင်ရဲ့ ခန္ဓာကိုယ်မှာ သွေးပမာဏပိုမိုလိုအပ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ သံဓါတ်ကို သာမာန်အချိန်ထက် ပိုလိုအပ်ပြီး လိုအပ်တဲ့ပမာဏကို ပြည့်ဝအောင်မဖြည့်နိုင်ဘူးဆိုရင် ကိုယ်ဝန်ဆောင်မိခင်ဟာ သံဓါတ်ချို့တဲ့ပြီး သွေးအားနည်းတတ်ပါတယ်။ ကလေးငယ်တွေမှာတော့ စားသောက်တဲ့အစားအသောက်မှာ သံဓါတ်ပါဝင်မှုနည်းခြင်း (ဥပမာ – အသားနဲ့ သံဓါတ်ကြွယ်ဝတဲ့ဟင်းသီးဟင်းရွက်မစားသုံးခြင်း)၊ ကလေးငယ်ရဲ့ အူလမ်းကြောင်းမှာ သန်ကောင်တွေ တွယ်ကပ်နေတဲ့အတွက် သံဓါတ်စုပ်ယူမှုအားနည်းခြင်း စတာတွေကြောင့် သံဓါတ်ချို့တဲ့ခြင်းဟာ အဖြစ်အများဆုံး ဖြစ်ပါတယ်။ ဒါ့အပြင် ငှက်ဖျားရောဂါ၊ အေအိုင်ဒီအက်စ် စတဲ့ကူးစက်ရောဂါတွေအပြင် အချို့သောနာတာရှည် ရောဂါတွေ ခံစားရရင်လည်း သံဓါတ်ချို့တဲ့တတ်ပါတယ်။

သွေးအားနည်းရင် အသိသာဆုံးလက္ခဏာကတော့ အမောမခံနိုင်တာနဲ့ ခေါင်းမူးတာပါ။ ကလေးတွေမှာဆိုရင်တော့ တစ်ခြားကလေးတွေလို ပုံမှန်ပြေးလွှားဆော့ကစားနိုင်ခြင်း မရှိပါဘူး။ သေချာလေး သတိထားပြီး ကြည့်မိရင် ခြေလက်လေးတွေအေးနေတာ၊ အသားအရေ ဖြူဖျော့နေတာ၊ လျှာလေးတွေပုံမှန်အရောင်ထက်ဖြူဖျော့နေတာ၊ အောက်မျက်ခွံအတွင်းသားတွေဖြူနေတာ၊ လက်သည်းခွံတွေ ဖြူနေတာ စတာတွေကို တွေ့ရနိုင်ပါတယ်။

သွေးအားနည်းတာဟာ ကုသလို့ရသလို ကာကွယ်လို့လည်းရတဲ့ရောဂါ ဖြစ်ပါတယ်။ သွေးအားနည်းခြင်းကို ကာကွယ်တဲ့နည်းလမ်းကတော့ ငွေကုန်ကြေးကျအလွန်နည်းသလို အထိရောက်ဆုံးလည်းဖြစ်ပါတယ်။ ပထမနည်းလမ်းကတော့ သံဓါတ်ကြွယ်ဝတဲ့ အနီရောင်အသား၊ အသည်း၊ သွေး၊ ကုလားပဲ၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်၊ ချက်ပြုတ်တဲ့အခါ အညိုရောင်ပြောင်းသွားတတ်တဲ့ ခရမ်းသီး၊ ကန်စွန်းရွက် အစရှိတာတွေကို စားသုံးခြင်းပဲ ဖြစ်ပါတယ်။ နောက်ထပ်ကာကွယ်လို့ရတဲ့ နည်းလမ်းကတော့ သန်ချဆေးကို ၆လတစ်ကြိမ် ပုံမှန်သောက်ပေးတာပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင် မေမေတွေဆိုရင်တော့ ကိုယ်ဝန် ၃ လကျော်မှ တစ်ကြိမ်ပဲသောက်ဖို့ လိုနိုင်ပါတယ်။ ပြီးတော့ ကိုယ်ဝန်ဆောင်မေမေတွေအနေနဲ့ သံဓါတ်ဆုံးရှုံးမှုကို ပြန်လည်ဖြည့်တင်းနိုင်ဖို့ သံဓါတ်အားဖြည့်ဆေးကို သောက်သင့်ပါတယ်။

ကုသမှုအနေနဲ့ကတော့ သာမန်သွေးအားနည်းခြင်းဆိုရင် သံဓါတ်ကြွယ်ဝတဲ့ အစားအသောက်အပြင် သံဓါတ်အားဖြည့်ဆေးကို တိုက်ကျွေးပေးလေ့ရှိပါတယ်။ ပြီးတော့ သံဓါတ်ဆုံးရှံးမှုကို ဖြစ်စေတဲ့ အကြောင်းအရာ ဇာစ်မြစ်ကို ရှာဖွေကုသပေးလေ့ရှိပါတယ်။ ပြင်းထန်သွေးအားနည်းရောဂါဆိုရင်တော့ ဆေးရုံတက်ရောက်ရနိုင်ပြီး သွေးသွင်းကုသရနိုင်ပါတယ်။

Reference

https://www.who.int/news-room/fact-sheets/detail/anaemia

https://www.ncbi.nlm.nih.gov/books/NBK448065/

https://www.hematology.org/education/patients/anemia/iron-deficiency

https://www.nhlbi.nih.gov/health/anemia/iron-deficiency-anemia

မျှဝေရင်းကူ

ဒီအကြောင်းအရာကို မျှဝေပါ