မိသားစုကျန်းမာရေးနဲ့ ဝမ်းရေးကြားက မိခင်ဘ၀

Published On: October 15th, 2024|Views: 146|
  • By ခေါင်ဆူလိုင့်

(အောက်တိုဘာ ၁၀ရက်၊ ၂၀၂၄)

“ကျမက အခု အသက် ၄၀ ကျော်မှာ သွေးတိုးဖြစ်လာတယ်။ ယောက်ျားကလည်း ဆီးချို၊ သွေးချိုတွေနဲ့ ဆေး ကိုမပြတ်တမ်း သောက်လာရတဲ့ အခြေအနေမို့ အိမ်ဝင်ငွေရဖို့လည်း ဘာမှမလုပ်နိုင်ဘူး။”လို့ အိမ်ရှေ့ကြမ်း ခင်းလေးမှာထိုင်ရင်း အသက် ၄၄နှစ်အရွယ် နော်ပီးပီက ကရင်စကားနဲ့ ပြောပြပါတယ်။

သူမကတော့ ကရင့်တော်လှန်ရေးတပ်သားတစ်ဦးရဲ့ ဇနီးသည်ဖြစ်ပြီး သား ၅ဦးရဲ့ မိခင်လည်း ဖြစ်ပါတယ်။ အကြီးဆုံးသားက ၂၂နှစ်ကျော်ရှိပြီး သားငယ်တွေကတော့ တစ်ဦးနဲ့တစ်ဦး ၂နှစ်စီလောက် အသက်ကွာကြပါ တယ်။

Photo credit: KIC

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်က ကွီးလေးကျေးရွာသူဖြစ်တဲ့ သူမဟာ အသက် ၁၈ နှစ်မှာ အိမ်ထောင်ကျပါ တယ်။ အိမ်ထောင်သည်ဖြစ်ပြီးနောက်ပိုင်း ဇာတိရွာကနေ ခလယ်ဒေးရွာဘက် ပြောင်းရွှေ့နေထိုင်ခဲ့ချိန်မှာ သားဦးကို မွေးဖွားခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူက အိမ်ထောင်ကျပြီးမှ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော်(KNLA)ထဲ ဝင်ရောက်ခဲ့ပါတယ်။ တော်လှန်ရေးတပ်သားရဲ့ကြင်ဖော်ဖြစ်သူ နော်ပီးပီဟာ သားကြီး အောက်က ကျန်သားငယ် ၄ယောက်ကို နောက်ထပ်ပြောင်းနေရတဲ့ နယ်စပ်ရွာလေးမှာပဲ မွေးဖွားခဲ့ရတာပါ။

“ကလေးငါးယောက်ကို အိမ်မှာပဲ မွေးခဲ့တယ်။ ရိုးရာအရပ်လက်သည်နဲ့ပဲ မွေးပါတယ်။ ကျမအမေက ကလေး မွေးပေးတဲ့ ကျေးလက်ရိုးရာလက်သည်တစ်ယောက်ပါ။ အဲဒီအချိန်တုန်းက လူတွေဟာ ကိုယ့်အိမ်မှာပဲ ရိုးရာ လက်သည်နဲ့ မွေးကြတာများတယ်။ ကလေး ၅ယောက်လုံး မွေးတဲ့အချိန် အမေက အနားမှာ အမြဲရှိတယ်။ ဆေးရုံဆေးခန်းက တကယ်ပြင်းထန်တဲ့ရောဂါတွေမှ သွားကြတာလေ။ သွားရလာရခက်ခဲတာရယ်၊ ထိုင်း ဘက်မှာ ဆရာဝန်တွေနဲ့ ဘာသာစကား မပေါက်တာရယ်ကြောင့် မသွားဖြစ်တာများတယ်။ ကလေးမွေးတဲ့ အချိန် ကြီးမားတဲ့ အခက်အခဲတွေကတော့ အနားမှာ အားကိုးအားထား၊ ကူညီပေးတဲ့သူမရှိဘူး။ ကလေး အဖေကလည်း အနားမှာ အမြဲ မနေနိုင်ဘူး။”လို့တော့ နော်ပီးပီက ပြောပါတယ်။

သူမရဲ့ သွေးသားဆိုင်ရာ ကျန်းမာရေးနဲ့ ပတ်သက်လို့ ခင်ပွန်းဖြစ်သူပြောတာက “(သူမ)ကလေးမွေးတဲ့အခါ သွေးအရမ်းဆင်းတာတွေ၊ သွေးသွန်တာတွေ ဖြစ်ခဲ့ဖူးတယ်။ နောက်ပိုင်း အနံ့မကောင်းတဲ့ သွေးတွေဆင်းတာ ရှိတယ်။ သူ ဓမ္မတာ(ရာသီ)လာတဲ့အခါ အဲလို အပုပ်နံ့၊ အနံ့မကောင်းတဲ့ သွေးတွေဆင်းတာ အဆိုးဆုံးပဲ။ ကိုယ်တွေအနားမှာနေတာတောင် မခံနိုင်ဘူး။ ဆေးရုံသွားခိုင်းလည်း မသွားဘူး။ မပြရဲဘူး။ မပြောရဲဘူးပေါ့ လေ။ အဲဒါက ရာသီလာတဲ့အခါ ဖြစ်တာပေါ့။ ပြီးရင် သက်သာလာတယ်။ အခုလည်း တခါတလေ အဲလို သွေး ဆင်းတာတွေတော့ ရှိတယ်။ ဆေးရုံသွားခိုင်းတာ မသွားဘူး။”လို့ပြောပါတယ်။

နော်ပီးပီကတော့ “အရင်က ဖြစ်တာပါ။ အခုတော့ တခါတလေ ရာသီလိုမျိုး သွေးဆင်းရင်တော့ အနံ့မ ကောင်းတာတွေ ဖြစ်တာတော့ ရှိပါသေးတယ်။ ဗိုက်အောင့်တာလည်း မဖြစ်ဘူး။ ဘာမှတော့ မဖြစ်ဘူးလို့ ထင်တာပဲ။ အနံ့မကောင်းတဲ့ သွေးဆင်းတဲ့အခါ ဆေးမီးတိုနဲ့၊ ဘိန္ဓော(တိုင်းရင်းဆေး)နဲ့ပဲပေါ့။ ဟိုအရွက် ဒီအ ရွက်၊ သစ်ဥသစ်ဖုတွေ ပြုတ်သောက် အဲလိုပဲလုပ်ကြတာ။ အခုက သွေးတိုးတာတစ်ခု ထပ်ရှိနေတာပေါ့လေ။” လို့ ဆိုပါတယ်။

သားတွေထဲမှာ ဒုတိယမြောက်သားက ပုံမှန် ကြီးပြင်းမှု အသက်အရွယ်ထက် ပိုအရပ်နိမ့်ပြီး ဉာဏ်ရည်ဖွံ့ဖြိုးမှု အားနည်းတော့ ကျောင်းထားလို့မရခဲ့ပါဘူး။ ငယ်စဉ်က အဖျားတက်တဲ့အခါ ရင်ကြပ်ထပြီး အသက်ရှူမရဖြစ် တဲ့အတွက် သားတွေထဲမှာ အရိပ်တကြည့်ကြည့်နဲ့ အစိုးရိမ်ရဆုံးဖြစ်တယ်လို့ သူမက ပြောပါတယ်။

သူမက “သူ့အသက် ၉နှစ်အရွယ်က DKBA ထိုးစစ်ဆင်လို့ စစ်ရှောင်ရတော့ ကျမတို့သားအမိတွေ ထိုင်းဘက် ခြမ်းမှာ သွားခိုလှုံနေရတုန်းကဆို သူများအိမ်မှာကပ်နေရချိန် သူ အသက်ရှူကြပ်တာဖြစ်ရော။ သူ့အခြေအ နေက သတိပါလစ်တော့ နီးစပ်ရာ မြို့ဆေးရုံအထိ ပို့ရတယ်။ ပိုက်ဆံလည်းသိပ်မရှိဘဲ ဆေးရုံမှာ ၉ရက် လောက် ကြာသွားတယ်။ ကလေးက သက်သာသွားပေမယ့် ဆေးကုခ ဘတ်ငွေတစ်သောင်းဆိုတော့ ကျမတို့ လည်း ပိုက်ဆံမရှိဘူး။ ဆေးရုံကလည်း သုံးထောင်လောက်ပဲပေးပါလို့ ပြောတာတောင် ကျမမှာ ပိုက်ဆံမရှိ ဘူး။”လို့ ခက်ခဲချိန်က သားဖြစ်သူ ကျန်းမာရေးအတွက် မေ့မရတဲ့ အဖြစ်အပျက်ကို ပြန်ပြောင်းပြောပါတယ်။

အဲဒီအချိန်ကဆို လူနာစောင့်ဖြစ်တဲ့ သူမဟာ ပိုက်ဆံမရှိလို့ ထမင်းပါငတ်ရတဲ့အဖြစ်ပါ။ ဆေးရုံကမဆင်းခင် ဘေးကုတင် လူနာစောင့် မိန်းကလေးဆီက ဘတ်ငွေ ၁၀၀ အကူအညီတောင်းပြီး ဆန်ဝယ် ထမင်းတည်ပြီး ရှိတာနဲ့စားလိုက်ရတဲ့အထိ ဆာလောင်မှုကို ဖြေရှင်းခဲ့ရတယ်လို့ ဆိုပါတယ်။

အခုဆိုရင် အဲဒီဒုတိယမြောက် သားဟာ အသက် ၁၅နှစ်ရှိပါပြီ။ မိသားစုနဲ့ ခင်မင်သူတွေက ချစ်စနိုးနဲ့ “ကော် လာဝါး”လို့ ခေါ်ကြပါတယ်။ ညီငယ်သုံးယောက်က ၁၃နှစ်၊ ၁၁နှစ်နဲ့ ၈နှစ်အရွယ်တွေဖြစ်ပေမယ့် ကော်လာဝါး ရဲ့ကိုယ်ခန္ဓာဖွံ့ဖြိုးမှုက အငယ်ဆုံးညီရဲ့ အရပ်နဲ့တစ်ရွယ်တည်းပါပဲ။ သို့သော် ငယ်ငယ်ကလို ဖျားရင် အသက် ရှူကြပ်တာတွေက မကြာခဏ မဖြစ်တော့ဘဲ တနှစ်လုံးမှ တစ်ခါနှစ်ခါလောက်သာ ဖြစ်တော့တာမို့ စိတ် သက်သာရတယ်လို့ မိခင်ဖြစ်သူ နော်ပီးပီက ပြောပါတယ်။

ဒီသားရဲ့ကျန်းမာရေး စိတ်အေးရချိန်မှာ သူမကတော့ သွေးတိုးရောဂါကို ရရှိလာပါတယ်။ တော်လှန်ရေး ရဲဘော်ရဲ့မိသားစုဆိုတော့ တပ်ရင်းက​ပေးတဲ့ ရိက္ခာတွေအပြင် ခင်ပွန်းသည် တပ်နားခွင့်ရချိန်မှာဆို မိသားစု ဝင်ငွေအတွက် မီးသွေးဖုတ်ပြီးရောင်းတာ၊ မျှစ်ပေါချိန် မျှစ်ချိုးပြီး ပြန်ရောင်းတာ၊ မြစ်ချောင်းထဲ ငါးရှာတာ တွေနဲ့ အခြားအလုပ်လေးတွေလုပ်ရင်း ရလာတဲ့ဝင်ငွေကို မိသားစုအတွက် သုံးစွဲရပါတယ်။

 

အခုဆို နော်ပီးပီတစ်ယောက် သွေးတိုးရောဂါ စဖြစ်တာ ၂လကျော် ရှိပါပြီ။

သူမက “ခေါင်းမူးသလိုဖြစ်လာရာကနေ ဆေးခန်းမှာသွားစစ်တော့ သွေးတိုးရှိတယ်လို့ ဆရာမပြောတယ်။ ငါက ရွာဆေးခန်းပဲ သွားပြတယ်။ အစမှာ သောက်ဆေး ၃မျိုးပေးတယ်။ B1 နဲ့ ခေါင်းမူးခေါင်းကိုက်အတွက် လား မသိဘူး။ ၃ရက်စာ ပေးတယ်။ သွေးထပ်တိုးတော့ ဆရာမက သွေးကျဆေး တစ်လစာ ပေးလိုက်တယ်။ တစ်ရက်ကို မနက် ၁လုံး သောက်ရတယ်။”လို့ ဆိုပါတယ်။

သွေးတိုးကျဆေး သောက်နေရချိန်မှာလည်း တစ်ပတ်တစ်ခါ သွေးတိုးအခြေအနေသိဖို့ ရွာဆေးခန်းမှာ သွေး ပေါင်ချိန် သွားတိုင်းတာရပါတယ်။ အသက်အရွယ်အရ ဝေဒနာစွဲကပ်လာတာရယ်၊ မိသားစုဝင်ငွေမရှာနိုင်တာ ရယ်နဲ့ စိတ်မလန်းဆန်းမှုတွေ၊ လှုပ်ရှားသွားလာမှုတွေလည်း လေးလံထိုင်းမှိုင်းလာတယ်လို့ ပြောပါတယ်။

အသက် ၄၇နှစ်အရွယ်ရှိပြီဖြစ်တဲ့ နော်ပီးပီရဲ့ခင်ပွန်း စောမောင်တုဟာ တာဝန်ကနေ ယာယီ အနားယူထားရ ပါတယ်။ ကရင့်တော်လှန်ရေးမှာ လုပ်သက် ၁၅နှစ်ရှိပြီဖြစ်တဲ့သူဟာ ရိုးသားစွာ၊ ရောင့်ရဲစွာ အလုပ်လုပ်သူပါ။ ယမန်နှစ်တွေက တာဝန်နားချိန်မှာ မိသားစုဝင်ငွေအတွက် သူလုပ်တတ်တဲ့ အိမ်မိုး၊ အိမ်ဆောက်တာ၊ မီးသွေး ဖုတ်၊ မျှစ်ချိုးတာနဲ့ ဝက်၊ နွား မွေးမြူတာလေးတွေကို တစ်ဖက်တစ်လမ်းက လုပ်ဖြစ်ပါတယ်။

သူ့အနေနဲ့ ဒီနှစ်(၂၀၂၄) မိုးဦးကျကတည်းက ကျန်းမာရေးမကောင်းလို့ တာဝန်ကနေ ခဏ အနားယူထားတာ ပါ။ သူ့ကျန်းမာရေးကိုတော့ ရွာဆေးခန်းမှာပြသရုံနဲ့ မထိရောက်တာကြောင့် ကေအဲန်ယူ-ကရင်အမျိုးသားအ စည်းအရုံးရဲ့ ကျန်းမာရေးနဲ့ကယ်ဆယ်ရေးဌာနက ဖွင့်လှစ်ထားတဲ့ ဆေးရုံကြီးမှာ ပြသရင်း ဆေးသောက်နေရ ပါတယ်။

စောမောင်တုက “လူက မျက်လုံးမူးဝေပြီး အားမရှိဘူးဖြစ်တယ်။ တချိန်လုံးလည်း လဲမနေချင်ဘူး။ လမ်း လျှောက်ရင် ယိုင်ချင်သလိုဖြစ်ပေမယ့် ထိန်းလျှောက်ရတယ်။ သောက်ဆေးကို ၂လနဲ့ ၁၀ရက်စာ ဆေးရုံက ပေးလိုက်တယ်။ အခု သောက်ဆေးတွေ ကုန်သွားပြီ။ ထပ်မပြခင် ဆရာမက တစ်ပတ်လောက် နားခိုင်းပြီး အခြေအနေကို တချက်စောင့်ကြည့်မယ်လို့တော့ ပြောပါတယ်။”ဟု စိတ်ပင်ပမ်းဟန် မျက်နှာညှိုးနွမ်းစွာနဲ့ ကရင်လို ပြောပါတယ်။

နော်ပီးပီတို့ မိသားစုလေး နေထိုင်တဲ့ ထိုင်း-မြန်မာနယ်စပ်က ရွာလေးရဲ့ ကျေးရွာဆေးပေးခန်းက ဆေးဆရာ မက “သူတို့လင်မယားနှစ်ယောက်က မိန်းမက သွေးတိုး။ ယောကျ်ားဖြစ်သူက သွေးအားနည်းဖြစ်နေတာ။ အရင်ကတော့ သူ့ယောက်ျားလည်း သွေးတိုးရှိတယ်။ နောက်ပိုင်း ပင်ပမ်းမှုတွေ၊ အစားအသောက်ပိုင်း အာဟာရတွေ လိုအပ်မလား မသိဘူး။ သွေးတိုးကနေ သွေးအားနည်းတဲ့ဘက် ပြောင်းသွားတယ်။ ကျမတို့ဆီ မှာလည်း ဆေးဝါးမစုံလင်တော့ ဟိုဖက် ဆေးရုံဆီကို ညွှန်းပေးလိုက်ရတယ်။”လို့ ဆိုပါတယ်။

နော်ပီးပီရဲ့ သားကြီးဟာ အရင်က ဖခင်ဖြစ်သူနဲ့ အလုပ်အတူတူလုပ်ကူခဲ့ပေမယ့် ဖခင်မကျန်းမာတော့ သူ့ဟာသူ ကုန်ထမ်း၊ ပစ္စည်းထမ်းတဲ့ အလုပ်ကြမ်းကို နိုင်သလောက်လုပ်ပါတယ်။ မနှစ်ကဆို အလုပ်လုပ်နိုင် ကြတော့ ဝင်ငွေရှာနိုင်ခဲ့ပေမယ့် ဒီနှစ်ထဲမှာက ဇနီးမောင်နှံနှစ်ဦးစလုံး ကျန်းမာရေးမကောင်းကြတော့ အလုပ် မလုပ်နိုင်တော့ဘူး။ နောက်ဆက်တွဲက ဝင်ငွေမရှိဘူး။ သားငယ် သုံးယောက်ကလည်း ကျောင်းတက်၊ အိမ် သားတွေကလည်းများတော့ တချို့လတွေဆို ဆန်မလောက်လို့ ဆန်ဖိုးတောင် ခက်ခဲရပါတယ်။

“အရင်နှစ်က ပိုက်ဆံရှာနိုင်ပေမယ့် ဒီနှစ်တော့ ရှိတာ ထုတ်ရောင်းစားရမယ့် အခြေအနေ ဖြစ်နေပြီ။ ထုတ် ရောင်းစရာကလည်း မွေးမြူထားတဲ့ နွား ၅ကောင်ပဲရှိတယ်။ နွားကလည်း ရောင်းမရဘူး။ ခုချိန်မှာ နွားတစ် ကောင်ကို ဘတ်ငွေ ၄၀၀၀-၅၀၀၀တောင်မှ ဝယ်သူမရှိဘူးဖြစ်နေတယ်။”လို့ နော်ပီးပီက ခပ်ယိုင်ယိုင်ထိုင်နေ တဲ့ ခင်ပွန်းရဲ့အနားမှာထိုင်ရင်း ပြောပြပါတယ်။

တကယ်တော့ စစ်ရေးစစ်ရာကြောင့် ခရီးသွားလာမှု မလုံခြုံတဲ့ကာလမှာ ကျန်းမာရေးစောင့်ရှောက်မှုဟာ လည်း မှီခိုအားထားစရာ ရှားပါးနေပါတယ်။ နော်ပီးပီတို့ မိသားစုအတွက် အားကိုးနေရတဲ့ ဆေးခန်းမှာက သာမန် ဖျားနာ၊ ဝမ်းလျှော၊ ရာသီတုပ်ကွေး၊ ငှက်ဖျား၊ ဆီးပိုးဝေဒနာ၊ ဆီးချို၊ သွေးတိုး စတဲ့ဝေဒနာတွေကို သာ ကုသနိုင်ပါတယ်။

သို့သော် သူမတို့လို နယ်စပ်ကျေးရွာက ဒေသခံပြည်သူတွေအတွက် ကျေးလက်ဆေးပေးခန်း အပါအဝင် အထူးပြု ကုသပေးရမယ့် ဆေးရုံနေရာက အနည်းငယ် အလှမ်းကွာဝေးပေမယ့်လည်း သူမတို့ရွာဘက်ကို ရောက်ရှိလာတဲ့ စစ်တပ်က အာဏာသိမ်းမှုကို ဖီဆန်ခဲ့တဲ့ CDM ဆရာဝန်၊ သူနာပြုတွေနဲ့ ကရင့်တော်လှန် ရေးထဲက ကျန်းမာရေးဝန်ထမ်းများရဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကပဲ အားကိုးစရာ ဖြစ်နေရပါတယ်။

ကိုယ်ဝန်ဆောင်၊ ကလေးမီးဖွားတယ်ဆိုတာ သာမန်ဖြစ်စဉ်လို့ ထင်ရပေမယ့် တကယ်တမ်းမှာတော့ အမျိုး သမီးများရဲ့ အသက်နဲ့ရင်းပြီး ထမ်းဆောင်နေကြရတဲ့ သဘာဝကပေးထားတဲ့ အရေးကြီးတာဝန်တစ်ရပ်ဖြစ် ပါတယ်။ မီးဖွားခြင်းကြောင့် မွေးဖွားချိန်ကြာမြင့်ခြင်း၊ သွေးသွန်ခြင်း၊ အချင်းကျန်ခြင်း၊ မီးတွင်းပိုးဝင်ခြင်းစတဲ့ နောက်ဆက်တွဲတွေကြောင့် အမျိုးသမီးများမှာ အသက်သေဆုံးသည်အထိ အန္တရာယ်ရှိနိုင်ပါတယ်။ မသိနားမ လည်ခြင်း၊ ထုံးတမ်းအစဉ်အလာများက ကန့်သတ်ထားခြင်း၊ အထောက်အပံ့ပေးမယ့်သူ မရှိခြင်းနဲ့ ဘာသာ စကားအခက်အခဲ စတာတွေက အမျိုးသမီးတွေကို အရည်အသွေးပြည့်မှီတဲ့ ကျန်းမာရေးစောင့်ရှောက်မှုက နေ အလှမ်းဝေးစေပါတယ်။

အဲ့ဒါကြောင့် မြန်မာနိုင်ငံက နော်ပီးပီလို မိခင်တွေ၊ အမျိုးသမီးတွေအတွက် အောက်ခြေလူထုအထိ ကျန်းမာ ရေးနဲ့ဆိုင်တဲ့ မှန်ကန်တဲ့ သတင်းအချက်အလက်ကို ရရှိနိုင်စေဖို့၊ နားလည်နိုင်စေဖို့၊ ကျန်းမာရေးအတွက် သင့်တော်တဲ့ ဆုံးဖြတ်ချက်တွေချနိုင်ဖို့နဲ့ ရရှိထားတဲ့ ကျန်းမာရေးအချက်အလက်တွေကို ပြန်လည်အသုံးချနိုင် စေဖို့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့လူတိုင်းက ကိုယ်တတ်နိုင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်လုပ်ဆောင်ပေးဖို့ အရေးကြီးပါတယ်။

မျှဝေရင်းကူ

ဒီအကြောင်းအရာကို မျှဝေပါ

သတင်း
ဆောင်းပါး နှင့် အထူးကဏ္ဍ