ကလေးမွေးဖွားရန်အတွက် အဆင်သင့်ပြင်ဆင်ခြင်း

Published On: December 3rd, 2024|Views: 26|
  • By Wor Mithi

ကလေးမွေးဖွားခြင်းခရီးစဉ်ဟာ စိတ်လှုပ်ရှားစရာလဲကောင်းပြီး စိတ်ပူပန်စရာလည်း များလှပါတယ်။ မွေးဖွားခါနီးလေလေ မိဘလောင်းတွေအနေနဲ့ ဘာတွေပြင်ဆင်ရမလဲဆိုတာ တွေးတောရလေ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ ကလေးမွေးဖွားဖို့အတွက် ပြင်ဆင်ရာမှာ အထောက်အကူဖြစ်စေဖို့ ဘာတွေပြင်ဆင်သင့်လဲဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။

ကိုယ်ဝန်ဆောင်ကာလကို တွက်ချက်တဲ့အခါ နောက်ဆုံးပေါ်ခဲ့တဲ့ ဓမ္မတာဖြစ်စဉ်ရဲ့ ပထမဆုံးစခဲ့တဲ့ရက်ကနေစပြီး ရေတွက်လေ့ရှိပါတယ်။ ထိုရက်ကစပြီး ကိုယ်ဝန်ကာလကို ရက်သတ္တပတ်နဲ့တွက်ချက်ပြီး ကိုယ်ဝန်ပတ် ၃၇ပတ်ပြည့်ပြီးတဲ့အခါ နေ့စေ့လစေ့ကိုယ်ဝန်လို့သတ်မှတ်ပါတယ်။ မွေးဖွားဖို့ခန့်မှန်းရက်ကို ကိုယ်ဝန်ပတ် ၄၀ ပြည့်တဲ့နေ့ကို သတ်မှတ်ပေးလေ့ရှိပါတယ်။ ဒါကြောင့် ကိုယ်ဝန် ၃၇ ပတ်ကနေစပြီး အချိန်မရွေး ကလေးမွေးဖွားနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်အချို့ကတော့ ၃၇ ပတ်မတိုင်မီမွေးဖွားတတ်လို့ မွေးဖွားဖို့အတွက်ကို မိဘလောင်းတိုင်း ကြိုကြိုတင်တင် ပြင်ဆင်ထားသင့်ပါတယ်။

မွေးဖွားမည့်နေရာရွေးချယ်ပါ။

မိဘလောင်းတိုင်းဟာ မွေးဖွားမည့်နေရာကို ကြိုတင်ရွေးချယ်ထားသင့်ပါတယ်။ သွားလာရမည့်လမ်းခရီး၊ သယ်ယူပို့ဆောင်ရေး၊ အရေးပေါ်အခြေအနေစတဲ့ အခြေအနေအရပ်ရပ်ပေါ်မူတည်ပြီး အခြေအနေပြောင်းလဲနိုင်တဲ့အတွက် အစီအစဉ်ကို တစ်ခုထက်မက ပြင်ဆင်ထားသင့်ပါတယ်။ ရိုးရိုးမွေးဖွားခြင်းကို ကျွမ်းကျင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးသူတွေနဲ့ မွေးဖွားနိုင်တယ်ဆိုပေမယ့် ကလေးမွေးဖွားခြင်းမှာ မမျှော်လင့်ထားတဲ့ နောက်ဆက်တွဲအခြေအနေတွေများစွာ ဖြစ်လာနိုင်တဲ့အတွက် အရေးပေါ်ညွှန်းပို့ရတဲ့ အခြေအနေမျိုးမှာ ဘယ်လိုဆောင်ရွက်မယ်ဆိုတဲ့ အရံအစီအစဉ်ကိုပါ ပြင်ဆင်ထားသင့်ပါတယ်။ ဖြစ်နိုင်တယ်ဆိုရင်တော့ ကျွမ်းကျင်ကျန်းမာရေးဝန်ထမ်းရှိတဲ့ ဆေးရုံ/ဆေးခန်းတွေကို ရွေးချယ်သင့်ပါတယ်။

မီးဖွားချိန်တွင်အသုံးပြုရမည့်ပစ္စည်းများကို အဆင်သင့်ပြင်ဆင်ထားပါ။

ကလေးမွေးဖို့လက္ခဏာတွေပြလာတဲ့အခါ/ဆေးရုံတက်ဖို့လိုတဲ့အခါ ဆေးရုံ/ဆေးခန်းကို ယူသွားဖို့ လိုအပ်နိုင်တဲ့ပစ္စည်းတွေကို အထုပ်တစ်ထုပ် သတ်သတ်ပြင်ထားပါ။ ဖြစ်နိုင်ရင် မွေးဖွားဖို့ခန့်မှန်းရက်ထက် အနည်းဆုံး ၃ ပတ်အလိုလောက်မှာတည်းက ပြင်ဆင်ထားသင့်ပြီး အဲ့ဒါထက်စောပြီး ပြင်ထားနိုင်ရင်တော့ ပိုကောင်းပါတယ်။ ပြင်ထားရမယ့်အရာတွေကတော့ –

မိခင်များအတွက်

  • ကိုယ်ဝန်ဆောင်မှတ်တမ်း/ဆေးရုံ/ဆေးခန်းမှတ်တမ်းအပြည့်အစုံ
  • မွေးဖွားပြီးတဲ့အခါ နို့ကောင်းကောင်းတိုက်နိုင်လောက်အောင် အဆင်ပြေစေမယ့် ချောင်ချောင်ချိချိရှိမယ့်အဝတ်အစား (ဆေးရုံတက်ရက်ဟာ ၃ ရက်ကနေ ၁ပတ်ကျော်အထိကြာနိုင်ပါတယ်)
  • လဲလှယ်ဝတ်ဆင်ရန်လုံချည် ၅ ထည်ခန့်
  • မီးဖွားပြီးနောက်သွေးဆင်းသည့်အခါအသုံးပြုရန် အမျိုးသမီးလစဉ်သုံးပစ္စည်း (သို့) တစ်ခါသုံးဘောင်းဘီများ
  • မွေးဖွားမည့်ရာသီပေါ်မူတည်ပြီး လိုအပ်နိုင်သော အနွေးထည်၊ ဦးထုပ်၊ ခြေစွပ်၊ လက်အိတ်များ
  • တစ်ကိုယ်ရေသုံးပစ္စည်းများ (ရေချိုးသဘက်၊ ဆပ်ပြာ၊သွားတိုက်ဆေး၊ မျက်နှာသစ်ဆေး၊ ခေါင်းလျှော်ရည်၊သွားတိုက်တံ အစရှိသဖြင့်)
  • မွေးဖွားရန်ရွေးချယ်ထားသည့်နေရာတွင် အိပ်ယာခင်း၊ စောင် မရနိုင်ပါက ပြင်ဆင်ထားပါ
  • သောက်နေကျဆေးဝါးများ (ရှိပါက) ပြင်ထားပါ

ကလေးအတွက်

  • လျှော်ဖွပ်မီးပူတိုက်ထားသော အနှီးအထည် ၂၀ ခန့်
  • အနှီးအပေါ်တွင်ထပ်၍ထုပ်ရန် ဖလန်နယ်အနှီး ၁၀ ထည်ခန့် (ဆောင်းတွင်းဖြစ်ပါက နွေးထွေးစေရန် စောင်ကဲ့သို့ထူသောအနှီး လိုအပ်နိုင်ပါသည်)
  • ကလေးခြုံရန်စောင် ၂ ထည်ခန့်
  • ကလေးသေးခံရန် အဝတ်ပိုင်း/သေးခံများ
  • ကလေးအတွက် အင်္ကျီ၊ ဦးထုပ်၊ ခြေစွပ်၊ လက်အိတ်များ
  • ကလေးသန့်ရှင်းရေးလုပ်နိုင်ရန်လိုအပ်သော ဆပ်ပြာအပျော့စား၊ ကလေးသုံးဆီအပျော့စားများ၊ ဝါဂွမ်းလုံးအနုတစ်ထုတ် (မရနိုင်ပါက ရေဖြင့်သာ သန့်ရှင်းရေးလုပ်နိုင်ပါတယ်)

မီးဖွားနိုင်သည့်လက္ခဏာများကိုသတိပြုပါ။

မိနစ်၂၀ (သို့) မိနစ် ၂၀ အောက်တစ်ခါဗိုက်နာလာခြင်း၊ ခါးနာလာခြင်း၊ ရေမွှာပေါက်ခြင်း၊ ဆီးညှစ်ချင်သလို၊ ဝမ်းညှစ်ချင်သလိုဖြစ်လာခြင်း၊ ပန်းနုရောင်သွေးစစွန်းသော(သို့) အရောင်မဲ့သောခေါင်းချွဲများဆင်းလာခြင်း စတာတွေက ကလေးမွေးဖွားချင်တဲ့ လက္ခဏာများဖြစ်ပါတယ်။

အန္တရာယ်လက္ခဏာများကိုသတိပြုပါ။

ကိုယ်ဝန်ဆောင်တစ်လျှောက်လုံးမှာဖြစ်စေ၊ မီးဖွားခါနီးဖြစ်စေ မိန်းမကိုယ်မှ သွေးဆင်းခြင်း၊ တက်ခြင်း၊ သတိလစ်ခြင်း၊ ခေါင်းပြင်းထန်စွာကိုက်ပြီး အမြင်မှုန်ဝါးခြင်း၊ အန်ခြင်း၊ ရင်ညွှန့် (သို့) ညာဘက်နံရိုးအောက်‌ အောင့်ခြင်း၊ ဝမ်းဗိုက် အလွန်အမင်း ဆက်တိုက်နာခြင်း၊ ဖျားပြီး အိပ်ရာမှမထနိုင်လောက်အောင် အားနည်းခြင်း၊ အသက်ရှူမြန်ခြင်း၊ အသက်ရှူရခက်ခြင်း စတဲ့ အန္တရာယ်လက္ခဏာတွေ တွေ့နေရရင်တော့ အချိန်မဆွဲပဲ ကျန်းမာရေးဌာနကို အမြန်ဆုံးသွားရောက်ပြသသင့်ပါတယ်။

References

https://www.nhs.uk/start-for-life/pregnancy/preparing-for-labour-and-birth/

MCH handbook (Nov 2016), MOH

မျှဝေရင်းကူ

ဒီအကြောင်းအရာကို မျှဝေပါ

Leave A Comment