ဒေါက်တာ ထားထားလှိုင်ရေးသည်
မနက်ခင်းကို ကော်ဖီတစ်ခွက်နဲ့ စတင်ရမှ နေ့တစ်နေ့လုံး စိတ်ကြည်လင်သလို ခံစားရတဲ့သူတွေ အများကြီးရှိပါတယ်။ အချို့က black coffee ရဲ့ ခါးသက်သက်အရသာကို မကြိုက်လို့ ကော်ဖီထဲ non-dairy creamer (နို့ထွက်ပစ္စည်းမဟုတ်သောခရင်မ်မာ) ဖြစ်တဲ့ coffee mate (အရပ်အခေါ်မိတ်ဖြူ) လို creamer (ခရင်မ်မာ) မျိုးတွေ ထည့်သောက်လေ့ရှိကြပါတယ်။

သောက်ရတာ နူးညံ့ပြီး အရသာကောင်းသလို ခံစားရပေမယ့် “ဒီလို creamer တွေကို ဘာနဲ့လုပ်ထားတာလဲ၊ နေ့တိုင်းသောက်ရင် ကျန်းမာရေးအတွက် အဆင်ပြေရဲ့လား” ဆိုတာကို သိထားဖို့တော့ လိုပါတယ်။
non-dairy creamer ဆိုတာ နို့စစ်စစ်မဟုတ်ဘဲ ကော်ဖီကို ပိုနူးညံ့အောင်၊ ပိုချိုမွှေးအောင် ပြုလုပ်ထားတဲ့ အစားထိုးပစ္စည်းတစ်မျိုးပါ။ ထုတ်ကုန်ပေါ်မူတည်ပြီး ပါဝင်ပစ္စည်းတွေ ကွာနိုင်ပေမယ့် အဓိကအားဖြင့် glucose အချိုရည်၊ ပြောင်းဖူးကထုတ်တဲ့အချိုရည် (corn syrup)နဲ့ hydrogenated oil တွေ၊ အချိုတုတွေနဲ့ အနံ့အရသာ အတုတွေ အများအပြားထည့်သွင်းပြီး အဓိကထားထုတ်လုပ်တာတွေ တွေ့ရပါတယ်။ အဲဒီထဲက အချို့ပစ္စည်းတွေက မကြာခဏနဲ့ အလွန်အကျွံသောက်သုံးမိရင် ကျန်းမာရေးအပေါ် သက်ရောက်မှု ရှိလာနိုင်ပါတယ်။
အထူးသဖြင့် hydrogenated oil ဆိုတာကို သတိထားရပါတယ်။ ဒီလို အဆီမျိုးတွေမှာ trans fat ဖြစ်ပေါ်နိုင်ပြီး trans fat က နှလုံးနဲ့ သွေးကြောကျန်းမာရေးအတွက် မကောင်းတဲ့ အဆီအမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ၎င်းက သွေးတွင်းမှာ မကောင်းတဲ့အဆီဓာတ် ldl ကို မြင့်တက်စေပြီး အများအပြားစားသုံးတဲ့အခါ ရေရှည်မှာ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ ဆီးချို၊ သွေးတိုး အစရှိတဲ့ရောဂါတွေ ဖြစ်ပွါးနိုင်ပါတယ်။
ဒါ့အပြင် creamer တချို့မှာ ဓါတုဗေဒနည်းနဲ့ ပြုပြင်ထားတဲ့ phosphate ပါဝင်ပစ္စည်းတွေ ထည့်သွင်းထားတတ်ပါတယ်။ ကျန်းမာသူတော်တော်များများအတွက် အနည်းငယ်သောက်သုံးတာက ပြဿနာမဖြစ်နိုင်ပေမယ့် ကျောက်ကပ်ရောဂါရှိသူတွေ၊ phosphate ထိန်းချုပ်ဖို့လိုတဲ့သူတွေမှာတော့ ရှောင်ကြဉ်သင့်တဲ့ ဓါတ်ပေါင်းတွေဖြစ်ပါတယ်။
နောက်ထပ်သတိထားစရာကတော့ artificial sweetener (အချိုတု) ပါ။ “sugar-free” လို့ ရေးထားတဲ့ creamer တွေမှာတောင် artificial sweetener တွေ ပါဝင်နိုင်ပြီး ကိုယ်အလေးချိန်တိုးစေနိုင်တဲ့အတွက် ကိုယ်အလေးချိန် ထိန်းချင်တဲ့လူတွေအတွက် သိပ်မထူးတာ တွေ့ရပါတယ်။ အချိုတုတွေတေကြာင့် အူလမ်းကြောင်းကျန်းမာရေးအတွက်လည်း လူတချို့မှာ bloating ဖြစ်ခြင်း၊ အစာမကြေသလို ခံစားရခြင်း၊ အူလမ်းကြောင်းမအီမသာဖြစ်ခြင်းတွေ ကြုံရနိုင်ပါတယ်။
ဒါ့အပြင် အချိုတုတွေကို အလွန်အကျွံသုံးစွဲတာဟာ ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ အာဟာရတွေရရှိမှုကို နည်းပါးစေပါသေးတယ်။ ရသင့်တဲ့ သဘာဝ အာဟာရဓါတ်တွေမရရှိတဲ့အခါ နောက်ဆက်တွဲအနေနဲ့ အာဟာရချို့တဲ့မှု ဖြစ်ပေါ်စေနိုင်ပါတယ်။
coffee mate လို non-dairy creamer မျိုးတွေကို တစ်ခါတလေ သောက်တာ၊ ပမာဏနည်းနည်း အသုံးပြုတာက အများအားဖြင့် ကြီးမားတဲ့ပြဿနာ မဖြစ်စေနိုင်ပါဘူး။ ဒါပေမယ့် နေ့စဉ် ခွက်ရေများများသောက်နေခြင်း၊ အခြားသကြားတွေစားသုံးနေခြင်းနဲ့ ပြုပြင်ထားတဲ့ အစားအစာတွေကို များများစားနေခြင်းတို့ ပေါင်းလာရင် ကျန်းမာရေးအပေါ် ဆိုးကျိုးများစေလာနိုင်ပါတယ်။
ဒါကြောင့် ကော်ဖီသောက်တဲ့အကျင့်ကို ဆက်ထားချင်တယ်ဆိုရင် ပိုကောင်းတဲ့ရွေးချယ်စရာတွေကို စဉ်းစားကြည့်နိုင်ပါတယ်။ နို့ထွက်ပစ္စည်းနဲ့တည့်တယ်ဆိုရင်တော့ နွားနို့တို့၊ အဆီလျှော့ထားတဲ့ နွားနို့တို့ကို ရွေးချယ်နိုင်ပါတယ်။ နွားနို့မဟုတ်တဲ့ ထုတ်ကုန်တွေ ရွေးချယ်ချင်ရင်တော့ soy milk (ပဲနို့)၊ almond milk (ဗာဒံစေ့နို့)၊ oat milk (အုတ်ဂျုံနို့)၊ coconut milk (အုန်းနို့) စတဲ့ အစားထိုးနို့မျိုးတွေကို စမ်းသုံးကြည့်လို့ရပါတယ်။
သူတို့က ကယ်လိုရီနည်းတဲ့အပြင် အပင်ထွက်ပစ္စည်းတွေ ဖြစ်တဲ့အတွက် ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။ သကြားမထည့်ထားတဲ့ အမျိုးအစားတွေကို ရွေးနိုင်ရင် ပိုကောင်းပါတယ်။ တချို့သူတွေက ကော်ဖီထဲ creamer ပမာဏကို ဖြည်းဖြည်းချင်း လျှော့သောက်ပြီး သဘာဝနို့ ဒါမှမဟုတ် သကြားလျှော့တဲ့နည်းကို ပြောင်းသုံးခြင်းဖြင့်လည်း အဆင်ပြေတတ်ကြပါတယ်။