Skip to content

မြူမှောင်ဝေကင်း ၈၈

ရေးသူ – Editorial

“မြူမှောင်ဝေကင်း” ဆိုသည်မှာ မြူနှင်းများ၊ မှောင်ရိပ်များနှင့် ဝေဝါးမှုများမှကင်းလွတ်ပြီး လင်းလက် လာသည့် အဓိပ္ပါယ်ရသော အသုံးအနှုန်းပင်ဖြစ်သည်။ သာယာကြည်လင်ပြီး ဆွတ်ပျံ့ကြည်နူးဖွယ်ရာ အငွေ့အသက်ရှိသည့်ဝန်းကျင်ကောင်းကို သရုပ်ဖော်သည့်စကားလုံးဟုဆိုရပါမည်။အဆိုပါစကားလုံးကို နှစ်သစ်မင်္ဂလာ အခါသမယနှင့်တူယှဉ်မှတ်မိနေကြသည်ဟုဆိုလျှင်လည်း မမှားနိုင်ပါ။ထို သို့မှတ်မိကြ သည်မှာ “မြူမှောင်ဝေကင်း ငွေဆင်းဆန္ဒ၊ပြည်ထောင် တိုင်းမြန်ပြည်ငြိမ်းချမ်းအောင်ဆု…..”အစချီ သီချင်းသည် နှစ်သစ်ကူးကာလဝန်းကျင်ရောက်သည်နှင့်မဖြစ်မ‌နေ နားဆင်ကြည့်ရှုခံစားကြရသည့် အနုပညာရတနာတခုအဖြစ် အရုပ်၊သီချင်း၊စကားလုံးတိုင်းလိုလို ဂန္တဝင်တင်ကာ ရေပန်းစား မှုကုန်နိုင် သည်မရှိသော သင်္ကြန်မိုးရုပ်ရှင်ဇာတ်ကား၏ အဖွင့်သီချင်း ခေါင်းစဥ်ဖြစ်သည်မှာလည်း အကြောင်း တရပ်ဖြစ်သည်။

သို့ဖြစ်၍ကိုဗစ်ကပ်ဘေးကာလမှစတင်ပြီး ငလျင်ဘေးကြီးမကျန် ရင်ဆီးခံခဲ့ကြသော နိုင်ငံသားများ အားလုံး မြန်မာတို့ အလေးအမြတ်ထားသော လာမည့် မြန်မာ သက္ကရာဇ် ၁၃၈၈ နှစ်သစ် ကူးပြောင်း ချိန်မှအစပြု၍ မြူမှောင်ဝေကင်းနိမိတ်ဆောင်သော ကောင်းသောပြောင်းလဲခြင်းများကို မြင်တွေ့ ကြရပါစေကြောင်း MyanHealth အဖွဲ့သားများမှ ဆန္ဒမွန်ပြုအပ်ပါသည်။

သို့သော်မိမိတို့၏ အဓိကတာဝန်ဖြစ်သော ကျန်းမာရေးအခြေပြုပြည်သူ့ရေးရာဝန်ဆောင်မှု ရှုထောင့်မှ လျစ်လျုရှုထား၍မရသည့် မြူများအမှောင်များ၊ဝေဝါးမှုများ၏ အန္တရာယ်ကြီးတခုကိုလည်းတပ်လှန့် ရပါဦးမည်။

အကြောင်းမှာရန်ကုန်မြို့ပြ၏ မိုးကုပ်စက်ဝိုင်းကို အထပ်မြင့်အဆောက်အအုံများပေါ်မှ စီးမိုးကြည့်ရှု လိုက်လျှင်၊ နံနက်ခင်းမှသည် မွန်းလွဲပိုင်းတိုင်အောင် ဝေဝါးမှိုင်းအုံ့နေသည့် မြင်ကွင်းကို ယခုရက်ပိုင်း အတွင်း အထင်အရှား တွေ့မြင်နေရပေသည်။ အမြင်အာရုံတွင် မိုးသားတိမ်လိပ်များ ဆိုင်းနေသည်ဟု ထင်မှတ်မှားဖွယ် ရှိသော်လည်း၊ စစ်မှန်သော လက်တွေ့လောက၌မူ ယင်းသည် သဘာဝအလျောက် ဖြစ်ပေါ်သည့် မြူနှင်းများမဟုတ်ဘဲ လေထုညစ်ညမ်းမှုကြောင့်ဖြစ်ပေါ်သည့်ခိုးအငွေ့များသာ ဖြစ်သည်။

နိုင်ငံတကာ လေထုအရည်အသွေး စောင့်ကြည့်ရေးအဖွဲ့အစည်းဖြစ်သော IQ Air ၏ ထုတ်ပြန် ချက်များအရ၊ ရန်ကုန်မြို့၏ လေထုအရည်အသွေးအညွှန်းကိန်း (AQI) သည် ၁၅၆ ဝန်းကျင်အထိ မြင့်တက်နေပြီး၊ ကမ္ဘာ့လေထုညစ်ညမ်းမှု အဆိုးရွားဆုံးမြို့ကြီးများစာရင်းတွင် အဆင့် (၄) နေရာအထိ ချဉ်းကပ်လာနေပြီ ဖြစ်သည်။ ယင်းကိန်းဂဏန်းသည် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ရှိသော (Unhealthy) အဆင့်သို့ ရောက်ရှိနေခြင်းပင် ဖြစ်သည်။

ယေဘုယျအားဖြင့် လေထုအတွင်းရှိ သဘာဝမဟုတ်သော ဓာတ်ငွေ့များ၊ ဖုန်မှုန့်နှင့် အမှုန်အမွှား များ၊ အနံ့အသက်များနှင့် မီးခိုးငွေ့များ ပမာဏထက်ကျော်လွန်စွာ ပါဝင်လာခြင်းကို လေထုညစ်ညမ်း မှုဟု သတ်မှတ်ရပေမည်။ အထူးသဖြင့် ၂.၅ မိုက်ခရိုမီတာ ထက်သေးငယ်သော အမှုန်အမွှား (PM 2.5) များသည် လူ့ခန္ဓာကိုယ်၏ ခုခံအားစနစ်ကို ကျော်ဖြတ်ကာ အဆုတ်လေအိတ်ငယ်များမှတစ်ဆင့် သွေး ကြောထဲအထိ ထိုးဖောက်ဝင်ရောက်နိုင်စွမ်း ရှိကြသည်။ ထိုမှတဆင့် သွေးလည်ပတ်မှုကို အဟန့် အတားဖြစ်စေကာ လေဖြတ်ခြင်း၊ နှလုံးရောဂါဖြစ်ပွားခြင်းနှင့် နာတာရှည် အသက်ရှူလမ်း ကြောင်းဆိုင်ရာ ဝေဒနာများကို ဖိတ်ခေါ်လျက် ရှိနေပေသည်။ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးမှတ်တမ်းများအရ လေထုညစ်ညမ်းမှုသည် လူသားတစ်ဦးချင်းစီ၏ ပျမ်းမျှမျှော်မှန်းသက်တမ်းကို ၂.၂ နှစ် ခန့်အထိ လျော့ပါးစေနိုင်ကြောင်း သတိပေးထားလေသည်။

လေထုညစ်ညမ်းမှု၏ ဘေးဒဏ်ကို ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင် များနှင့် နာတာရှည်ရောဂါအခံရှိသူများက ပိုမိုသိသာစွာ ခံစားကြရပေသည်။ သို့ဖြစ်ရာ အညွှန်းကိန်း မြင့်မားနေသည့် အချိန်ကာလများတွင် မလိုအပ်ဘဲ အပြင်ထွက်ခြင်းကို ရှောင်ကြဉ်ရန်နှင့် အိမ်တွင်းသို့ ပြင်ပလေများ မဝင်ရောက်နိုင်အောင် တံခါးများကို စနစ်တကျ ပိတ်ထားရန် လိုအပ်လှပါသည်။ မဖြစ်မနေ အပြင်ထွက်ရပါကလည်း သာမန်နှာခေါင်းစည်းများထက် N95 ကဲ့သို့သော အရည်အသွေး မြင့် နှာခေါင်းစည်းများကို တပ်ဆင်ရန် တိုက်တွန်းလိုပါသည်။

လေထုညစ်ညမ်းမှုအန္တရာယ်မှ ကာကွယ်နိုင်ရန် အောက်ပါအချက်များကို အလေးထား ဆောင်ရွက်သင့်ပါသည်။

အိမ်တွင်းလေထုကို သန့်စင်စေခြင်း – အိမ်တွင်း၌ လေသန့်စက် (Air Purifier) များ အသုံးပြုခြင်း သို့မဟုတ် လေထုသန့်စင်ပေးနိုင်သော အပင်များ စိုက်ပျိုးခြင်းဖြင့် အသက်ရှူလမ်းကြောင်းကို ကာကွယ်နိုင်ပါသည်။

မီးခိုးငွေ့ ထုတ်လွှတ်မှု လျှော့ချခြင်း – အမှိုက်များကို မီးရှို့ဖျက်ဆီးခြင်းမှ ရှောင်ကြဉ်ရမည်။ ထို့ပြင် ဟောင်းနွမ်းနေသော မော်တော်ယာဉ်များမှ ထွက်သော မီးခိုးငွေ့များသည်လည်း လေထုကို အဆိပ် အတောက် ဖြစ်စေသည်ကို သတိပြုရပါမည်။

စွမ်းအင်ချွေတာခြင်း – လျှပ်စစ်ဓာတ်အားကို လိုအပ်သလောက်သာ အသုံးပြုခြင်းဖြင့် ဓာတ်အား ပေးစက်ရုံများမှ ထွက်ရှိသည့် ညစ်ညမ်းဓာတ်ငွေ့များကို တစ်ဖက်တစ်လမ်းမှ လျှော့ချရာ ရောက်ပေ သည်။

သန့်ရှင်းသော စွမ်းအင်ကို အစားထိုးခြင်း – မီးသွေး သို့မဟုတ် ထင်းများ အသုံးပြုမည့်အစား လျှပ်စစ် သို့မဟုတ် သဘာဝဓာတ်ငွေ့ကို ပြောင်းလဲအသုံးပြုခြင်းသည် မိမိနှင့် မိသားစု၏ ကျန်းမာရေး အတွက် ပိုမိုသင့်မြတ်လှပေသည်။

နိဂုံးချုပ်အားဖြင့် ဆိုရသော် လေထုညစ်ညမ်းမှုသည် မျက်စိရှေ့မှောက်တွင် တဖြည်းဖြည်း မြင်တွေ့ နေရသည့် လူသတ်သမားသဖွယ် ဖြစ်လာနေချေပြီ။ ပြည်သူတစ်ရပ်လုံးအနေဖြင့် အဆိုပါအန္တရာယ်ကို လျှော့တွက်ခြင်းမပြုဘဲ ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိတို့ဖြင့် ကာကွယ်နေထိုင်ကြပါရန်နှင့်၊ သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့်လည်း လေထုအရည်အသွေး ပြန်လည်ကောင်းမွန်လာစေရေး အတွက် ထိရောက်သော မူဝါဒများနှင့် အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် သွားကြပါရန် အလေးအနက် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

အယ်ဒီတာ

လူကြိုက်များသောဆောင်းပါးများ