Skip to content

မီးယပ်သွေးဆုံးကိုင်ခြင်းကို အမျိုးသမီးများဘယ်လိုဖြတ်ကျော်ကြမလဲ

အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့မတူတဲ့ မျိုးပွားအင်္ဂါစနစ် တည်ဆောက်ပုံကို ရရှိထားကြတာကြောင့် အပျိုဖော်ဝင်ချိန်ကစပြီး မီးယပ်သွေးဆုံးချိန်အထိ လစဉ်ဓမ္မတာကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းရလေ့ရှိပါတယ်။ ဒါပေမယ့် အမျိုးသမီးတစ်ယောက်ရဲ့ မျိုးပွားခြင်းလုပ်ငန်းစဉ် အဆုံးသတ်ကာလဖြစ်တဲ့ မီးယပ်သွေးဆုံးခြင်းဟာ အမြဲဖြောင့်ဖြူးသာယာပြီး သက်တောင့်သက်သာ မရှိပါဘူး။ အမျိုးသမီးအများစုဟာ အသက် ၄၅-၅၅နှစ်အတွင်း မီးယပ်သွေးဆုံးလေ့ရှိပြီး တစ်ချို့မှာတော့ ဒီထက် စောတာ၊ နောက်ကျတာ ဖြစ်နိုင်ပါတယ်။ ဓမ္မတာဖြစ်စဉ် ၁၂ လလောက် လုံးဝရပ်သွားရင်တော့ ဒါကို သွေးဆုံးပြီလို့ သတ်မှတ်လို့ရပါတယ်။

မီးယပ်သွေးဆုံးခြင်းကိုင်ခြင်းဆိုတာ ရောဂါတစ်ခုမဟုတ်ဘဲ အမျိုးသမီးများ ကျော်ဖြတ်ရမယ့် ဘဝရဲ့ အချိုးအကွေ့တစ်ခုပါ။ မမျိုးပွားအင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်တဲ့ မမျိုးဥတွေဟာ အီစထရိုဂျင် (Estrogen) နဲ့ ပရိုဂျက်စတီရုန်း (Progesterone) လို့ခေါ်တဲ့ မဟော်မုန်းထုတ်လုပ်နိုင်စွမ်း တစ်ဖြည်းဖြည်းလျှော့ကျလာပြီး ဓမ္မတာဖြစ်စဉ် လုံးဝရပ်တန့်သွားတာကို မြန်မာလို သွေးဆုံးတယ်လို့ ခေါ်လေ့ရှိကြပါတယ်။ ဒီအကူးအပြောင်းကာလမှာ ခံစားရတဲ့ လက္ခဏာတွေ၊ ဝေဒနာတွေကိုတော့ မီးယပ်သွေးဆုံးကိုင်တယ်လို့ သမုတ်ကြပါတယ်။ ဒီဝေဒနာတွေဟာ အချို့လူတွေမှာတော့ ခဏတာပဲ ခံစားရလေ့ရှိပြီး သိပ်သတိမထားမိလိုက်ကြပေမယ့် တစ်ချို့လူတွေမှာတော့ လပေါင်းများစွာ၊ အချို့မှာ နှစ်ချီသည်အထိ ခံစားရလေ့ရှိကြပါတယ်။ ဒီကာလမှာ အမျိုးသမီးများဟာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ၊ အိမ်ထောင်မှုသုခမှာ ပြောင်းလဲတာတွေကို ခံစားရလေ့ရှိပြီး တစ်ခါတစ်ရံ ဒီပြောင်းလဲမှုတွေဟာ နေ့စဉ်လူနေမှုဘဝ၊ အိပ်စက်ခြင်းနဲ့ အိမ်ထောင်ရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ မီးယပ်သွေးဆုံးခြင်းလက္ခဏာတွေမှာ ပူလိုက်၊ အေးလိုက်ဖြစ်ခြင်း၊ ဓမ္မတာမမှန်ခြင်း၊ ညညချွေးထွက်ခြင်း၊ အိပ်မပျော်ခြင်း၊ စိတ်ခံစားချက်ပြောင်းလဲလွယ်ခြင်း၊ စိတ်ပူပန်မှုများခြင်း၊ စိတ်ဓါတ်ကျခြင်း၊ ဂဏာမငြိမ်ဖြစ်ခြင်း၊ အာရုံမစူးစိုက်နိုင်ခြင်း ၊ ခန္ဓာကိုယ်မှာ ကိုက်ခဲနာကျင်ခြင်း၊ မိန်းမကိုယ်ခြောက်သွေ့ခြင်း၊ လိင်စိတ်လျော့ပါးလာခြင်း စသဖြင့် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေ ပါဝင်ပါတယ်။

ဒီအချိုးအကွေ့ကာလမှာ အမျိုးသမီးများဟာ ကိုယ့်ကိုယ်ကို ချစ်ဖို့၊ ဂရုစိုက်ဖို့၊ သတိထားမိဖို့ လိုအပ်ပါတယ်။ ကိုယ်ခံစားနေရတဲ့ လက္ခဏာတွေကို ဘာတွေက ပိုဆိုးစေလဲ၊ ဘာတွေက သက်သာစေလဲဆိုတာ သတိထားလေ့လာဖို့ လိုပါတယ်။ ဒီအချိန်မှာ လမ်းလျှောက်တာ၊ အကြောလျှော့လေ့ကျင့်ခန်းတွေလုပ်တာ၊ ယောဂလုပ်တာ စတာတွေက ကိုယ်ခန္ဓာကို ပေါ့ပါးစေရုံသာမက အိပ်စက်ခြင်းကို မှန်စေတာ၊ စိတ်ဖိစီးမှုကို လျှော့စေတာ၊ အရိုးတွေကို သန်မာစေတာ စတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။ အစားအသောက်ပိုင်းမှာတော့ အားဆေးတွေကိုပဲ အားကိုးမနေဘဲ နေ့စဉ်စားသောက်မှုပုံစံကို မျှတအောင် ပိုဂရုစိုက်ဖို့ အရေးကြီးပါတယ်။ သွေးဆုံးပြီးတဲ့နောက် အီစထရိုဂျင်လျှော့နည်းလာတာကြောင့် အရိုးသိပ်သည်းဆကျဆင်းနိုင်ပြီး အရိုးပွလွယ်ကာ အရိုးကျိုးနိုင်ခြေလည်း ပိုများလာနိုင်ပါတယ်။ ဒါကြောင့် နွားနို့၊ ဒိန်ချဉ်၊ ချီးစ်၊ အားဖြည့်စာ၊ ပဲအမျိုးမျိုး၊ အရိုးပါဝါးစားလို့ရတဲ့ငါးကလေး၊ အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်များလို ကယ်လ်စီယမ်ဓါတ် ကြွယ်ဝတဲ့ အစားအစာတွေကို ပိုမိုထည့်သွင်း စားသုံးသင့်ပါတယ်။ ရေလုံလောက်အောင်သောက်ပေးတာ၊ အဆီအဆိမ့်များတဲ့အစားအစာတွေနဲ့ ချိုလွန်းတဲ့ အစားအစာတွေကို လျှော့စားတာတွေကလည်း အကျိုးရှိပါတယ်။

မီးယပ်သွေးဆုံးကိုင်တဲ့ အမျိုးသမီးများမှာ အိပ်မပျော်တာဟာလည်း အဖြစ်များတဲ့ ပြဿနာတစ်ခုပါ။ စိတ်ဖိစီးမှုတွေ၊ ညဖက်ချွေးထွက်များတာတွေ၊ စိတ်ဓါတ်ကျတာတွေကြောင့် အိပ်မပျော်နိုင်သလို အိပ်မပျော်ခြင်းကြောင့်လဲ ဒီလက္ခဏာတွေက ပိုဆိုးလာနိုင်ပါတယ်။ ဒါကြောင့် အိပ်ချိန်၊ ထချိန်ကို ပုံမှန်သတ်မှတ်တာ၊ ဖုန်းကြည့်ချိန်လျှော့တာ၊ ညအိပ်ခါနီး ဖုန်းမသုံးတာ၊ ကော်ဖီလျှော့သောက်တာ၊ ဆေးလိပ်၊ အရက်ဖြတ်တာ၊ ညပိုင်းကိုအလွန်အကျွံမစားတာ စတာတွေကို လိုက်နာသင့်ပါတယ်။ ဒါ့အပြင် အိပ်ခန်းကို အေးမြ၊ တိတ်ဆိတ်ပြီး လေဝင်လေထွက်ကောင်းအောင် ပြင်ဆင်ထားခြင်းကလည်း အိပ်ရေးဝစေဖို့ အထောက်အကူပြုနိုင်ပါတယ်။ အချိန်ရနိုင်ရင် တရားထိုင်တာ၊ အသက်ရှူလေ့ကျင့်ခန်းလုပ်တာတွေကလည်း ညမှာကောင်းကောင်းမွန်မွန် အိပ်ပျော်စေနိုင်ပါတယ်။

မြန်မာအမျိုးသမီးတွေကြားမှာ သိပ်ဆွေးနွေးလေ့မရှိတဲ့ နောက်ထပ်အရေးကြီးတဲ့ ပြဿနာက သွေးဆုံးကိုင်ချိန် မိန်းမကိုယ်ခြောက်သွေ့ခြင်းနဲ့ အမျိုးသားနဲ့အတူနေတဲ့အခါ နာကျင်ခြင်းပါ။ ဒီလိုအခြေအနေတွေဟာ ရှက်စရာမဟုတ်ဘဲ ဖြေရှင်းသင့်တဲ့ ကျန်းမာရေးပြဿနာတွေဖြစ်ပါတယ်။။ လိုအပ်ရင် မိန်းမကိုယ်စိုစွတ်မှုအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ ချောဆီ (lubricant)၊ အစိုဓါတ်ထိန်းခရင်မ် (moisturizer)တွေ အသုံးပြုနိုင်ပါတယ်။ ပြီးတော့ ဒီအချိန်အတွင်း ဓမ္မတာမမှန်ရင်တောင် ဓမ္မတာလုံးဝမရပ်သေးသရွေ့ ကိုယ်ဝန်ရနိုင်တဲ့အတွက် ကလေးမလိုချင်သူများက သင့်တော်တဲ့ သန္ဓေတားနည်းလမ်း အသုံးပြုသင့်ပါတယ်။ တချို့အမျိုးသမီးများမှာ အသက် ၄၀ မတိုင်မီ သွေးဆုံးတာ ဖြစ်နိုင်တဲ့အတွက် ဒီပြဿနာတွေကို လျစ်လျူမရှုသင့်ပါဘူး။

မြန်မာနိုင်ငံမှာ အမျိုးသမီးများဟာ မိသားစုတစ်ခုလုံးကို ဦးဆောင်ထိန်းသိမ်းပေးနေသူများ ဖြစ်ကြပါတယ်။ ဒါပေမယ့် မီးယပ်သွေးဆုံးကိုင်ချိန်မှာတော့ အမျိုးသမီးများရဲ့ ပုံမှန်လုပ်ဆောင်နိုင်စွမ်း ကျဆင်းသွားနိုင်ပါတယ်။ ဒီအချိန်မှာ မိသားစု၊ မောင်နှမများအနေနဲ့ ကိုယ့်အမေ၊ ကိုယ့်အဒေါ်၊ ကိုယ့်အမ၊ ကိုယ့်နှမကို စာနာနားလည်ပြီး ပံ့ပိုးပေးကြဖို့ လိုအပ်ပါတယ်။ အမျိုးသမီးများအနေနဲ့လည်း ကိုယ့်အတွက် လိုအပ်နိုင်တဲ့ ဆေးဖက်ဆိုင်ရာကုထုံး၊ စိတ်ပိုင်းဆိုင်ရာ အကူအညီတွေကို ရှာဖွေဖို့ မတွန့်ဆုတ်သင့်ပါဘူး။ အကယ်၍ မီးယပ်သွေးဆုံးကိုင်ချိန်မှာခံစားရတဲ့ ဝေဒနာတွေက နေ့စဉ်လူနေမှုဘဝကို အပြင်းအထန် နှောက်ယှက်နေရင်၊ သွေးဆင်းတဲ့အခါသွေးအတုံးအခဲတွေပါနေရင်၊ အမျိုးသားနဲ့ အတူနေပြီးတိုင်းသွေးဆင်းနေရင်၊ ၁၂လလောက်ရာသီမလာတော့ဘဲရပ်ပြီးနောက် သွေးပြန်ဆင်းနေရင် သားဖွားမီးယပ်ဆရာဝန်နဲ့ ချက်ချင်းတိုင်ပင်သင့်ပါတယ်။

မီးယပ်သွေးဆုံးကိုင်ခြင်းဟာ တစ်ကယ်တော့ သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပြီး အမျိုးသမီးတိုင်း ကျိန်းသေ ကြုံတွေ့ရမယ့်အရာပါ။ ဒါပေမယ့် အမျိုးသမီးတိုင်းဟာ ဒီဖြစ်စဉ်ရဲ့ဝေဒနာတွေကို ဘာအကူအညီမှ မယူဘဲ သည်းခံဖြတ်သန်းနေစရာ မလိုအပ်ပါဘူး။ ကျန်းမာတဲ့အလေ့အကျင့်၊ အစားအသောက်၊ အိပ်ရေးဝဝအိပ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ အကူအညီ စတာတွေနဲ့ ဒီလက္ခဏာတွေကို သက်တောင့်သက်သာ ဖြစ်အောင် စီမံလို့ရပါတယ်။ အရေးကြီးဆုံးကတော့ ကိုယ့်ကိုယ်ကို သိဖို့၊ နားလည်ဖို့နဲ့ ချစ်ဖို့ ဖြစ်ပြီး လိုအပ်တဲ့အကူအညီကို လိုအပ်တဲ့အချိန်မှာ ရယူနိုင်ဖို့ ဖြစ်ပါတယ်။

#မီးယပ်သွေးဆုံးကိုင်ခြင်း

#သွေးဆုံးခြင်း

#အမျိုးသမီးကျန်းမာရေး

#မိခင်ကျန်းမာရေး

References

#Cleveland Clinic, #NHS, #NIH

လူကြိုက်များသောဆောင်းပါးများ