Skip to content

အခါမဟုတ်မိုးနဲ့ အဖြစ်များတဲ့ ရောဂါ၊ လက္ခဏာ

ရန်ကုန်အပါအဝင် မြန်မာပြည်က ဒေသအချို့မှာ အခုဆိုရင် အခါစောမိုးတွေ ရွာလို့ တချို့သော သူတွေကတော့ အပူလျော့ပြီဟေ့လို့ ပျော်နေကြပေမယ့် တကယ်တော့ ဒါဟာ ကျန်းမာရေးရှုထောင့်အရ သတိ ထားရမယ့် အရာပါ။ ပုံမှန်အားဖြင့် မြန်မာပြည်ရဲ့ မိုးရာသီဟာ မေလကနေ အောက်တိုဘာလအထိပါ။ ဒါကို တချို့ကလည်း မုတ်သုန်ရာသီဥတုလို့လည်း သုံးနှုန်းတတ်ကြပါတယ်။ တခါတရံမှာ မုတ်သုန်အဝင်စောလို့ မိုးရာသီ စောစောရောက်တာ ရှိတတ်ပေမယ့် ဒါကလည်း ဧပြီလလောက်ကျမှ ဖြစ်တတ်တာပါ။ ဒါပေမဲ့လည်း အခုနှစ်မှာတော့ မုတ်သုန်မိုး စောစောမဝင်ခင်မှာတောင် အခါစော မိုး (ဒါမှမဟုတ်) အခါမဟုတ် မိုးတွေ ရွာသွန်းလာတာက ပူပြင်းမှုကို လျော့ပါးစေပေမယ့် သတိထားရမယ့် ခြိမ်းခြောက်မှုတွေကလည်း ရှိလာပါတယ်။ ဒါဟာ အပူချိန်၊ လေထု စိုထိုင်းဆနဲ့ ရေဝပ်မှုတွေကနေ လာမယ့် ခြိမ်းခြောက်မှုပါ။​ အထူးသဖြင့် ရန်ကုန်၊ မန္တလေး တို့လို မြို့ကြီးပြကြီးတွေမှာ အခါစောမိုးဟာ ကောင်းကျိုးထက် ဆိုးကျိုးကို ပိုဖြစ်စေတဲ့ ဖြစ်စဉ်ပါ။​

​အခါစောမိုးရွာတာ တချို့သော ရောဂါတွေကိုပါ တပါတည်း ခေါ်လာလေ့​ရှိပါတယ်။ အဓိကတော့ Influenza လို့ ခေါ်တဲ့ အအေးမိ၊ တုပ်ကွေးပါ။ အပူချိန်နဲ့ လေထု စိုထိုင်းဆ ပြောင်းလဲတာဟာ လူရဲ့ ကိုယ်ခံအားစနစ်ကို အားနည်းစေတာမို့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို ဖိတ်ခေါ်သလို ဖြစ်တတ်ပါ တယ်။ Influenza ဖြစ်ပြီဆိုရင် လူက နှာရည်ယို / နှာပိတ်မယ်၊ လည်ချောင်းတွေ နာမယ် / ချောင်းဆိုးမယ်၊ ရင်ကျပ်မယ်၊​ ကိုယ်လက်ကိုက်ခဲတာနဲ့ ခေါင်းကိုက်တာ ဖြစ်မယ်၊ မောပန်းမယ်၊​ တခါတလေဆိုရင် ဖျားနာတာ အထိ ဖြစ်တတ်ပါတယ်။

​အခါစောမိုးကြောင့် ဖြစ်လာနိုင်တဲ့ နောက်ထပ်ပြဿနာက မိုးဖွဲလောက် မရွာဘဲ သည်းသည်းထန်ထန်ရွာတဲ့အခါမျိုးမှာ အစားအစာတွေကို ညစ်ညမ်းစေတာ၊ သန့်ရှင်းတဲ့ ရေအရင်းအမြစ်ကို ထိခိုက်တာ၊ ရေကြီးမှုလိုမျိုးဖြစ်လာရင် ရေဆိုးရေညစ်နဲ့အတူ ထကြွလာတဲ့ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ဝမ်းလျှောရောဂါတွေလို ဖြစ်စေတတ်တာပါ။ နောက်ပြီး မိုးရွာလို့ ရေအိုင်တွေ၊ ရေဝပ်နေရာတွေ ဖြစ်လာရင် အေဒီးစ် (Aedes Aegypti) လို ခြင်တွေ ပေါက်ဖွားလာတာပါ။​ဒါဟာ ကြောက်စရာကောင်းတဲ့ သွေးလွန်တုပ်ကွေးရောဂါကို ဖြစ်စေပါတယ်။ သွေးလွန်တုပ်ကွေးဖြစ်ပြီဆိုရင် အဖျားကြီးမယ်၊ ပြင်းပြင်းထန်ထန် ခေါင်းကိုက်မယ်၊ ကြွက်သားနဲ့ အဆစ်အမြစ်တွေ နာမည်၊ အရေပြား နီးမြန်းတာမျိုး၊ အနီစက်ထွက်တာမျိုး ဖြစ်မယ်၊ တခါတရံမှာဆို နှာခေါင်းနဲ့ သွားဖုံးမှာ သွေးယိုတာမျိုးအပြင် သွေးလွန်တုပ်ကွေး​ပြင်းထန်အဆင့် (Dengue hemorrhagic Fever) အထိ ပြင်းပြင်းထန်ထန် ဖြစ်စေနိုင်ပါတယ်။ အေဒီးစ်ခြင်တွေကြောင့်ပဲ ဖြစ်နိုင်တဲ့ နောက်ထပ် ရောဂါက Chikungunya ဆိုတဲ့ အဖျားရောဂါ ဖြစ်ပြီး အခါစောမိုးကြောင့်လည်း ပေါက်ဖွားမှု ပိုများလာပြီး ရောဂါဖြစ်နိုင်ခြေကို မြှင့်တင်ပေးလာနိုင်ပါတယ်။​ ဒီရောဂါရဲ့ လက္ခဏာတွေက ရုတ်တရက်ဖျားတာ၊ ပြင်းထန်တဲ့ အဆစ်အမြစ် နာကျင်တာ၊ ဒီလို နာ ကျင်တာဟာ မကြာခဏဆိုသလို မလှုပ်ရှားနိုင်လောက်အောင်ကို နာကျင်စေတာမျိုးပါ။ ကြွက် သားတွေ နာမယ်၊ ခေါင်းကိုက်မယ်၊ အဆစ်အမြစ်တွေ ရောင်မယ်၊ အရေပြား နီမြန်းတာတွေ ဖြစ်မယ်။​ နောက်ပြီး ဖျားပြီဟေ့ဆိုရင် အပူချိန်ဟာ ၁၀၀ ကနေ ၁၀၄ ဒီဂရီစင်တီဂရိတ်အထိကို ရှိတတ်ပါတယ်။ ခြင်ကြောင့် ဖြစ်လာနိုင်တဲ့ နောက်ထပ်ရောဂါက Malaria လို့ ခေါ်တဲ့ ငှက်ဖျားရောဂါပါ။​ ငှက်ဖျားပိုးသယ်ဆောင်တဲ့ခြင်ကတော့ အနောဖလီးစ် (Anopheles) လို့ခေါ်ပါတယ်။ ယခင်ကတော့ တောတောင်နဲ့ နီးတဲ့နေရာမှာ အဖြစ်များကြပေမယ့် နိုင်ငံအတွင်း ရွှေ့ပြောင်းနေထိုင်သူများလာတဲ့အခါ ယခုအခါတော့ နေရာမရွေး တွေ့နေရပါပြီ။ ငှက်ဖျားလက္ခဏာတွေကတော့ ချမ်းတုန်ဖျားမယ် ၊ ဖျားတဲ့အခါ မကြာခဏဆိုသလို တစ်ကျော့ပြန်ပုံစံနဲ့ ဖျားမယ်၊​ ခေါင်း ကိုက်မယ်၊​ ကြွက်သားတွေ ကိုက်ခဲမယ်၊ ပျို့အန်မယ်၊ မောပန်းနွမ်းနယ်မယ်၊​ ဝမ်းလျှောမယ် စတာတွေပဲ ဖြစ်ပါတယ်။

အခါစောမိုးဟာ မိုးဖွဲ့အဆင့် ရွာတာမျိုး မဟုတ်ဘဲ ကြီးကြီးမားမား ရွာမယ်၊ ရေကြီးတဲ့အထိ ဖြစ်မယ်ဆိုရင် နောက်ထပ် လူတွေရဲ့ ကျန်းမာရေးကို ခြိမ်းခြောက်လာနိုင်တဲ့ ရောဂါကတော့ တိုက်ဖွိုက်လို့ လူသိများတဲ့ အူရောင်ငန်းဖျားရောဂါပါ။ ဒီရောဂါဟာ ရေကြီး၊ မိုးကြီးတာတွေက ရေအရင်းအမြစ်တွေကို မသန့်ရှင်းတဲ့ အညစ်အကြေးတွေနဲ့ ရောနှောညစ်ညမ်းစေပြီး ဒီကတဆင့် အစားအစာနဲ့ ရေကတဆင့် Salmonellla Typhi ဘက်တီးရီးယားတွေ ပျံ့နှံ့စေတာပါ။ ဒီဘက်တီးရီးယား ကူးစက်ခံရပြီဆိုရင် ဆက်တိုက်ဖျားမယ်၊ အားနည်းမယ်၊ မောမယ်၊ ခေါင်းကိုက်မယ်၊ ဝမ်းချုပ်ရင် ချုပ် – မချုပ်ရင် လျှောမယ်၊​ အစာစားချင်စိတ် ပျောက်မယ်၊ အရေပြားမှာ အနီစက်တွေ ပေါ်လာပြီး တခါတလေ ဗိုက်နာတာတွေ ခံစားရနိုင်ပါတယ်။​ အစားအစာနဲ့ ရေအရင်းအမြစ်တွေ ညစ်ညမ်းလာရင် နောက်ထပ် ဖြစ်နိုင်တဲ့ ရောဂါကတော့ ဝမ်းလျှောတာပါ။​ ဒါဟာလည်း မညစ်ညမ်းမှုကတဲ့ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေက အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါကို ဖြစ်စေတာပါပဲ။ ဒီလိုမျိုး ရောဂါပိုးတွေကြောင့် ဝမ်းလျှောရောဂါ ဖြစ်မယ်ဆို ပျော့တာကနေ ရေလိုမျိုးအထိ ဝမ်းတွေ သွားတာ၊ ဗိုက်အောင့်တာ၊ ပျို့တာ အန်တာတွေအပြင် ရေဓာတ်ခန်းတဲ့ လက္ခဏာတွေကို ခံစားရမှာပါ။ နောက်တစ်ခုကတော့ ဝမ်းပျက်ဝမ်းလျှော ရောဂါတစ်မျိုးဖြစ်တဲ့ Cholera လိုမျိုး ကူးစက်ခံရတာပါ။ ဒီရောဂါဟာ အူရောင်ငန်းဖျားဖြစ်တာနဲ့ ဆင်တူပြီး မသန့်ရှင်းမှု၊ ရေအရင်းအမြစ် ညစ်ညမ်းမှုကနေ စတဲ့ ရောဂါပါ။​ Cholera ဖြစ်ပြီဆို ဆန်ဆေးရည်လို ဝမ်းတွေ သွားတာအထိ ဖြစ်တတ်တဲ့ ပြင်းထန် ဝမ်းပျက်ဝမ်းလျှောဖြစ်တာကို ခံစားရစေပါတယ်။ ဒီ့နောက်ဆက်တွဲ​ အော့အန်တာ၊ ခပ်မြန်မြန်နဲ့ကို ခန္ဓာ ကိုယ် ရေဓာတ်ခန်းတာ၊ ကြွက်တက်တာ၊ တခါတလေဆို ရှော့ခ် (Shock) ရတာတွေအထိ ခံစားရတတ်ပါတယ်။

​နောက်တစ်ခုကတော့ အပူချိန်ပြင်းတဲ့အချိန်မှာ မိုးရွာလိုက်တာဟာ စိုထိုင်းဆ မြင့်လာတာကြောင့် စိုစွတ်မှုနဲ့ ဒီအခြေအနေမှာ ကြာကြာနေရပြီဆိုရင် အရေပြားမှာ မှိုနဲ့ ဘက်တီးရီးယားတွေ အားကောင်းမောင်း သန်ဖြစ်စေမယ့် ပတ်ဝန်းကျင်ကို ဖန်တီးပေးပါတယ်။ ဒီအခြေအနေမှာ မသန့်ရှင်းတာ၊ ကိုယ်ခန္ဓာမှာ ဘက်တီးရီးယားပိုး ဝင်လာနိုင်စေမယ့် အရေပြား ပွန်းပဲ့တာမျိုး ရှိလာရင် ဒါဟာ အရေပြားနဲ့ဆိုင်တဲ့ ရောဂါ (Skin Infections) တွေ ဖြစ်ဖို့ ပိုပြီးတော့ အခွင့်အလမ်း ဖြစ်သွားစေပါတယ်။​ အရေပြားနဲ့ဆိုင်တဲ့ ဘက်တီးရီးယား ပိုး ဒါမှမဟုတ် မှို စွဲကပ်ခံရပြီဆိုရင် အရေပြားတွေ နီမြန်းတာ၊ မှိုဝင်လက္ခဏာဖြစ်တဲ့ ပွေးပေါက်တာ၊ ခြေဖဝါး တွေ ယားယံတာ၊ ဘက်တီးရီးယားပိုးဝင်ပြီး အနာစိမ်းပေါက်တာတွေ ဖြစ်လာနိုင်ပါတယ်။​

​လီပတိုစပိုင်ရိုးစစ် (Leptospirosis) ဆိုတာ ဘက်တီးရီးယားကနေ ကူးစက်တာပါ။ ဒီရောဂါပိုးဟာ တိရစ္ဆာန်တွေရဲ့ ဆီးထဲမှာ ရှိတာပါ။ ဒီဆီးတွေက မြေကြီး၊ ရေ (ရေအိုင်၊ ဗွက်အိုင်) တွေဆီကို ရောက်ပြီး အဲဒီ ညစ်ညမ်းရေကို ထိမိတဲ့သူတွေက ရောဂါပိုး ကူးစက်ခံရတာပါ။​ အရေပြားမှာ ပွန်းတာ ပဲ့တာ၊ အနာရှိရင် ဒီကနေတဆင့် ပိုးဝင်သွားတာ၊ အနာမရှိပေမယ့် ပါးစပ်၊ နှာခေါင်း၊ မျက်လုံးစတာတို့မှာ ရှိတဲ့ နူးညံ့တဲ့ အမြှေးပါးတွေကတဆင့် ဝင်ရောက်ကူးစက်နိုင်တာတွေ ရှိပါတယ်။ နောက်ပြီး ပိုးရှိတဲ့ ရေကို သောက်မိ သုံးမိတာ၊ ပိုးရှိတဲ့ တိရစ္ဆာန်ကို ထိတွေ့မိတာတွေကနေတဆင့် ကူးစက်တာတွေလည်း​ ရှိနိုင်ပါတယ်။​ လီပတိုစပိုင်ရိုးစစ် ဘက်တီးရီးယားပိုး ကူးခံရပြီဆိုရင် ၂ ရက်ကနေ ရက် ၃၀ အတွင်း ရောဂါလက္ခဏာတွေ ပြတတ်ပါတယ်။​ ပြတဲ့အခါမှာ ကူးစက်ခံရသူရဲ့ အခြေအနေအလိုက် ပြင်းထန်အဆင့် ရှိသလို၊ အပျော့စားအဆင့်လည်း​ ရှိပါတယ်။​ အပျော့စားအဆင့်ဆိုရင် ရုတ်တရက် အဖျားကြီးတာ၊ ပြင်းပြင်းထန်ထန် ခေါင်းကိုက်တာ၊ ကြွက်သားတွေကိုက်ခဲတာ (အထူးသဖြင့် ခြေသလုံးကြွက်သားတွေ ကိုက်ခဲတာ)၊ ချမ်းတုန်၊​ ပျို့အန်၊ ဗိုက်နာ၊ ဝမ်းလျှော တာတွေအပြင် မျက်လုံးရဲ့ အဖြူရောင်အပိုင်းတွေအထိ နီရဲလာတာ၊ အရေပြားမှာ အနီစက်ထွက်တာတွေ ဖြစ်တတ်ပါတယ်။​ များသောအားဖြင့် လီပတိုစပိုင်ရိုးစစ် ပိုးကူးစက်ခံရရင် ဒီအဆင့်မှာတင် အများစုက ပျောက်ကင်းသွားလေ့ ရှိပါတယ်။ ဒါပေမဲ့ ဒီပိုးကူးစက်ခံရတဲ့ သူ ၁၀ ကနေ ၁၅ ရာခိုင်နှုန်းလောက်ဟာ ပြင်းထန်တဲ့ ဒုတိယအဆင့်အထိ ခံစားရတတ်ပြီး အသက်အန္တရာယ်တောင် ရှိနိုင်တဲ့ အဆင့်ပါ။ အဝါရောင်လို့ သတ်မှတ်ထားတဲ့ ဒီအဆင့်ဖြစ်ပြီဆိုရင် အသားဝါတာ၊ ကျောက်ကပ်ပျက်စီးတာ၊ အဆုတ်သွေးယိုစီးတာ၊ နှလုံးကြွက်သားရောင်တာ၊ ဦးနှောက်အမြှေးရောင်တာ၊ နှာခေါင်းနဲ့ အရေပြားအောက် သွေးခြေဥတာမျိုး သွေးယိုစီးတာ၊ ရှော့ခ် (Shock) ဖြစ်တာတွေအထိ ဖြစ်ပြီး အသက်အန္တရာယ်ကို ထိခိုက်စေတာပါ။ ဒီလို လက္ခဏာ ပြလာပြီဆိုရင်၊ သံသယရှိတယ်ဆိုရင် သွေးစစ်တာ၊​ ဆီးစစ်တာ စတဲ့ ဓာတ်ခွဲခန်း စစ်ဆေးမှုတွေ လုပ်ပြီး ရောဂါ ပိုးရှာဖွေတာ လုပ်ပြီး အတည်ပြုဖို့ လိုပါတယ်။

​အခါစောမိုးဟာ နွေရာသီအကုန်ပိုင်းမှာ ဖြစ်တတ်တော့ ပူပြင်းမှုကို သက်သာစေပေမယ့် တကယ်က သတိပြုရမယ့် မိုးရွာသွန်းမှုပါ။​ ဒီလို အခါစောမိုးကြောင့် ဖြစ်နိုင်တဲ့ သတိထားဖွယ် ရောဂါ၊ ရောဂါပိုးအန္တရာယ်ပိုး၊ ဘက်တီးရီးယားပိုးတွေ​ ရန်က ကာကွယ်ဖို့ဆို တစ်ကိုယ်ရေ သန့်ရှင်းရေးကို ကောင်းကောင်း လုပ်တာ၊ သောက်ရေ / သုံးရေ သန့်ရှင်းမှုကို ဂရုစိုက်တာ၊ အစားအစာတွေကို စနစ်တကျ ကိုင်တွယ်တာ၊ ခြင် အန္တရာယ်ကင်းဝေးဖို့ဆို အသက်ရှူလမ်းကြောင်းကို မထိခိုက်မယ့် ခြင်ဆေးဖျန်းတာမျိုး၊ ခြင်ပေါက်ဖွားနိုင်တဲ့ နေရာတွေကို ဖျက်ဆီးတာတွေကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ လုပ်ဆောင်ဖို့ လိုပါတယ်။ ကြိုတင်ကာကွယ်ခြင်းဟာ ဖြစ်မှကုသတာထက် အများကြီး ထိရောက်တဲ့ ကာကွယ်နည်းတစ်ခုပါပဲ။​

ကိုးကား – medanta.org, Apollo Hospitals, The Economic Times

#မုတ်သုန်ရာသီ

#တစ်ကိုယ်ရေသန့်ရှင်းရေး

#ဘက်တီးရီးယား

#ဝမ်းပျက်ဝမ်းလျှော

လူကြိုက်များသောဆောင်းပါးများ