၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက် သတ်မှတ်ထားသော ဆောင်ပုဒ်သည် “အခွင့်အရေး။ တရားမျှတမှု။ စွမ်းဆောင်မှု။ အမျိုးသမီးများနှင့် မိန်းကလေးတိုင်းအတွက်” ဖြစ်သည်။ ဤဆောင်ပုဒ်နှင့်အတူ “ပေးကမ်းခြင်းဖြင့် ရယူပါ (Give To Gain)” ဟူသော ချဉ်းကပ်မှုသည် ကျွန်ုပ်တို့ လူ့အဖွဲ့အစည်းအတွင်း ကပ်ငြိတည်ရှိနေသော ဘက်လိုက်မှုများကို စိန်ခေါ်တိုက်ဖျက်ရန်နှင့် ကျားမ တန်းတူညီမျှမှုကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန် ကျွန်ုပ်တို့အားလုံးကို တိုက်တွန်းနှိုးဆော်လျက် ရှိသည်။
ယခုမတ်လဆန်းသို့ရောက်ရှိလာချိန်တွင် နှစ်စဉ်မတ်လ ၈ ရက်နေ့ရောက်တိုင်း ကမ္ဘာတစ်ဝန်း၌ အမျိုးသမီးများအား ဂုဏ်ပြုသောအားဖြင့် ပွဲလမ်းသဘင်များအခမ်းအနားများဖြင့် စည်ကား သိုက် မြိုက်နေသည်မှာ ဓလေ့တခုပင်ဖြစ်သည်။ သို့သော် ဤနေ့ထူးသည် အပေါ်ယံအခမ်းအနားမျှသာ မဟုတ်ပါ။ လွန်ခဲ့သော ၁၉၀၈ ခုနှစ်က နယူးယောက်မြို့ရှိ အထည်ချုပ်စက်ရုံများမှ အမျိုးသမီး လုပ်သား များသည် ရက်ရှည်လများ အလုပ်ချိန်နှင့် မတရားသော လုပ်ခလစာတို့ကို ဆန့်ကျင်ကာ လမ်းပေါ်ထွက် တောင်းဆိုခဲ့ကြသည်။ ထိုစဉ်က သူတို့၏ ကြွေးကြော်သံမှာ “ပေါင်မုန့်နှင့် နှင်းဆီ (Bread and Roses)” ဖြစ်ပြီး စီးပွားရေး ဖူလုံမှု (ပေါင်မုန့်) နှင့် ဂုဏ်သိက္ခာရှိသော ဘဝအရည်အသွေး (နှင်းဆီ) ကို တစ်ပြိုင်နက် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ ဂျာမနီနိုင်ငံမှ ကလပ်ရာဇက်ကင် (Clara Zetkin) ကဲ့သို့သော အမျိုးသမီး ခေါင်းဆောင်များ၏ ဆက်လက်ကြိုးပမ်းမှုကြောင့် ၁၉၁၁ ခုနှစ်တွင် ပထမဆုံးအကြိမ် နိုင်ငံတကာ အမျိုးသမီးများနေ့ကို ကျင်းပနိုင်ခဲ့ပြီး ယနေ့တိုင် အောင်ပွဲတစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။
ဤသမိုင်းဝင် ရုန်းကန်မှုများကို ပြန်လည်သုံးသပ်ရင်း၊ “အခွင့်အရေး” ဆိုသည်မှာ ဥပဒေအရ ရရှိရုံ မျှဖြင့် မပြီးဆုံးကြောင်း သတိပြုရန်လိုအပ်ခြင်းဖြစ်သည်။ ထိုအခွင့်အရေးများကို အပြည့်အဝ ခံစား နိုင်ရန် အခြေခံအကျဆုံး အရင်းအနှီးမှာ “ကျန်းမာရေး” ဆိုသည်ကိုငြင်းနိုင်မည်မဟုတ်ဟု အတည် ပြုလိုပါသည်။ အမျိုးသမီးတစ်ဦး၏ ကျန်းမာခြင်းသည် မိသားစုတစ်ခု၏ အခြေခံအုတ်မြစ် ခိုင်မာခြင်း ပင် ဖြစ်သည်။ သို့သော် ယနေ့ခေတ် အမျိုးသမီးအများစုသည် မိသားစုအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံ ရာတွင် မိမိ၏ ကိုယ်ခန္ဓာနှင့် စိတ်ဓာတ် ကျန်းမာရေးကို မေ့လျော့ထားတတ်ကြသည်။ ထို့ကြောင့် “အခွင့်အရေး” နှင့် “တရားမျှတမှု” တောင်းဆိုရာတွင် မိမိကိုယ်ကို ကျန်းမာစွာ စောင့်ရှောက်ပိုင်ခွင့် သည်လည်း အဓိက အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်သင့်ကြောင်း MyanHealth အနေဖြင့် တိုက်တွန်း လိုပါသည်။
ထို့ကြောင့်အမျိုးသမီးတို့အတွက် အထူးသတိပြုအပ်သော ကျန်းမာရေး နည်းလမ်းကောင်းများ
အမျိုးသမီးတိုင်း မိမိ၏ဘဝတွင် အောက်ပါအချက်တို့ကို အလေးထား ဆောင်ရွက်သင့်သည်-
၁။ အာဟာရပြည့်ဝရေး- အမျိုးသမီးတို့သည် ဓမ္မတာလာခြင်း၊ ကိုယ်ဝန်ဆောင်ခြင်းနှင့် နို့တိုက် ခြင်းတို့ကြောင့် သံဓာတ်၊ ကယ်လ်ဆီယမ်နှင့် ဖောလစ်အက်ဆစ် ဓာတ်များ လိုအပ်မှု မြင့်မားသည်။ ထို့ကြောင့် အဆင်သင့်စား အစားအစာများကို ရှောင်ကြဉ်ပြီး ဟင်းနုနွယ်၊ ကိုက်လံ၊ ပဲအမျိုးမျိုး၊ ငါးနှင့် အနီရောင်အသားများကို မျှတစွာ စားသုံးပေးရန် လိုအပ်သည်။ မိသားစုကို ဦးစားပေး ကျွေးမွေးရင်း မိမိမှာ အာဟာရချို့တဲ့နေပါက ရေရှည်တွင် မိသားစ်အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာနိုင်သည်ကို သတိပြုသင့်သည်။
၂။ ကြိုတင်ကာကွယ်ရေး စစ်ဆေးမှုများ- ရင်သားကင်ဆာနှင့် သားအိမ်ခေါင်းကင်ဆာကဲ့သို့သော ရောဂါများသည် အစောပိုင်း လက္ခဏာ မပြတတ်ပေ။ “ရှင်းပါတယ်၊ မကြာခင် ပျောက်သွားမယ်” ဟု ပေါ့မသင့်ပါ။ တစ်နှစ်လျှင် တစ်ကြိမ် ပုံမှန် ကျန်းမာရေး စစ်ဆေးခြင်း (General Check-up) နှင့် လိုအပ်ပါက ကင်ဆာစစ်ဆေးမှုများ ပြုလုပ်ခြင်းသည် မိမိ၏ အသက်ကို ကာကွယ်သည့် အကောင်းဆုံး နည်းလမ်းဖြစ်သည်။
၃။ စိတ်ကျန်းမာရေး စောင့်ရှောက်ခြင်း- လုပ်ငန်းခွင်ဖိအား၊ အိမ်မှုတာဝန်နှင့် လူမှုရေးဖိအားများ ကြားတွင် စိတ်ဖိစီးမှု (Stress) ကို စီမံခန့်ခွဲတတ်ရန် လိုအပ်သည်။ မိမိစိတ်ကို အနားပေးခြင်း၊ ဝါသနာ ပါရာ လေ့ကျင့်ခန်း သို့မဟုတ် အလုပ်တစ်ခုခု ပြုလုပ်ခြင်းဖြင့် စိတ်ဓာတ်ခွန်အား ပြန်လည် ဖြည့်တင်း သင့်သည်။ စိတ်ကြည်လင်မှသာ ကိုယ်ကျန်းမာမည် ဖြစ်သည်။
နေ့စဉ်ဘဝအတွက် လက်တွေ့ကျသော ကျန်းမာရေး ကျင့်စဉ်များ
MyanHealth ပရိတ်သတ်အမျိုးသမီးများအနေဖြင့် နေ့စဉ်ဘဝတွင် ရိုးရှင်းသော်လည်း အကျိုးရှိသည့် အောက်ပါအလေ့အထများကို ပြုစုပျိုးထောင်ကြရန်လည်း အကြံပြုလိုပါသည်။
နံနက်ခင်း ရေသောက်ခြင်း- အိပ်ရာမှနိုးလျှင် ရေနွေးနွေး သို့မဟုတ် ရေသန့် တစ်ဖန်ခွက် သောက် ပေးပါ။ ယင်းသည် ခန္ဓာကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်ကို နိုးကြွစေပြီး အဆိပ်အတောက်များ စွန့်ထုတ်ရန် ကူညီသည်။
ကိုယ်လက်လှုပ်ရှားမှု- အိမ်မှုကိစ္စများသည် လေ့ကျင့်ခန်း မဟုတ်ပါ။ တစ်နေ့လျှင် အနည်းဆုံး မိနစ် ၂၀ ခန့် လမ်းမြန်မြန်လျှောက်ခြင်း၊ စက်ဘီးစီးခြင်း သို့မဟုတ် ယောဂကျင့်ခြင်းတို့ကို သီးသန့်အချိန်ပေး ပြုလုပ်ပါ။
နေရောင်ခြည် ခံယူခြင်း- မနက်ခင်း ၁၀ နာရီ မတိုင်မီ နေရောင်ခြည်ကို ၁၅ မိနစ်ခန့် ခံယူပေးခြင်းဖြင့် အရိုးကျန်းမာရေးအတွက် မရှိမဖြစ် ဗီတာမင် ဒီကို အလွယ်တကူ ရရှိနိုင်သည်။
လုံလောက်စွာ အနားယူခြင်း- ညစဉ် အနည်းဆုံး ၇ နာရီမှ ၈ နာရီအထိ အိပ်စက်အနားယူခြင်းသည် ကိုယ်တွင်းအင်္ဂါများ ပြန်လည်ပြုပြင်ရေးနှင့် ဦးနှောက်အတွက် မရှိမဖြစ် လိုအပ်သည်။
အာဟာရပြည့် စားသုံးခြင်း- အချိုဓာတ်နှင့် ဆီကြော်စာများကို လျှော့ပါ။ ရာသီပေါ် သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များကို များများ စားသုံးခြင်းက အသားအရေ ကြည်လင်စေရုံသာမက ရောဂါ ကာကွယ်နိုင်စွမ်းကိုပါ မြှင့်တင်ပေးသည်။
အဆုံးသတ်အနေဖြင့် ဆိုရလျှင် အမျိုးသမီးတို့၏ အခွင့်အရေးနှင့် တရားမျှတမှုအတွက် တိုက်ပွဲသည် ပြင်ပလောကတွင်သာ မဟုတ်ပါ။ မိမိ၏ ကိုယ်ခန္ဓာနှင့် စိတ်တို့ကိုကို ချစ်ခင်မြတ်နိုးကာ ကျန်းမာရေး အတွက် နေ့စဉ်တိုက်ပွဲဝင်ခြင်းသည်လည်း ထိုတိုက်ပွဲ၏ အရေးပါသော အစိတ်အပိုင်း ဖြစ်ပါသည်။ မိမိကိုယ်ကို စောင့်ရှောက်ခြင်း (Self-care) သည် အတ္တဆန်ခြင်း မဟုတ်။ ယင်းသည် မိမိ၏ ဘဝကို တာဝန်ယူခြင်း၊ မိသားစုကို ဆက်လက် ပြုစုစောင့်ရှောက်နိုင်ရန် ခွန်အားဖြည့်တင်းခြင်းပင် ဖြစ်သည်။ ယခုအပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှစ၍ အမျိုးသမီးတိုင်း ကျန်းမာသန်စွမ်းသော ရုပ်ခန္ဓာ၊ ကြည်လင်သော စိတ်ဓာတ်တို့ဖြင့် အလှဆုံး နှင်းဆီပန်းများကို ခူးဆွတ်ပန်ဆင်နိုင်ကြပါစေကြောင်း ဆန္ဒပြုအပ်ပါသည်။
- အယ်ဒီတာ