Skip to content
Ads Advertisement

ဆူညံသံနှင့် ကျန်းမာရေး

မြန်မာနိုင်ငံမှာ နားနဲ့ ဆက်စပ်တဲ့ ရောဂါကြောင့် ထိခိုက်ခံစားရသူတွေ သန်းဂဏန်းအထိ ရှိနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နဲ့ ကမ္ဘာ့ရောဂါ ဝန်ထုပ်ဝန်ပိုးလေ့လာမှု (GBD) အဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။ GBD မှတ်တမ်းများအရဆို မြန်မာနိုင်ငံဟာ တစ်ကမ္ဘာလုံးမှာ အသက်အရွယ်အလိုက် အကြားအာ ရုံချို့ယွင်းမှု ဖြစ်ပွားနှုန်း ဒုတိယအမြင့်ဆုံးနိုင်ငံဖြစ်ပြီး ၂၂ ဒသမ ၅ ရှိတယ်လို့ သိရပါတယ်။ အကြားအာရုံချို့ယွင်းမှုအများဆုံးနိုင်ငံစာရင်းမှာ ပါဝင်တဲ့ မြန်မာနိုင်ငံမှာ ဆူညံသံတွေနဲ့ ပတ်သက်ပြီး အများပြည်သူရဲ့ ခံစားမမှု အခြေအနေကို MyanHealth ကနေ မေးမြန်းပြီး စုစည်းဖော်ပြလိုက်ပါတယ်။

ဒေါ်ညွန့်ရီ (မြောက်ဒဂုံ)

ညဖက်တွေ အိပ်ရင်တော့ ဆူညံသံကို မခံနိုင်ဘူး။ နေ့လည်ဘက်ကတော့ ဆူညံလည်း အဆင်ပြေတယ်။ အသက်ကြီးလာတော့ ညဖက်ဆူညံသံတွေ ကြားရရင် အိပ်လို့ မရတော့ဘူး။ ကိုယ့်ဘေးနားမှာ ဖုန်းလာသုံးပြီး ကြည့်နေရင်၊ အသံထွက်လာရင်တောင် ဘယ်လိုမှ အဆင်မပြေတော့ဘူး။ ရင်တုန်တာတွေ၊ အိပ်မရတာတွေ ဖြစ်တယ်။ အသက်ကလည်း စကားပြောလာတယ်။ အသက်ကြီးလာတော့ အအိပ်အနေ နည်းလာတော့ အိပ်ပျော်တဲ့အချိန်လေး ကောင်းကောင်းအိပ်ချင်တယ်။ ရပ်ကွက်က နည်းနည်း အသံတိတ်တဲ့ရပ်ကွက်ဖြစ်လို့ နေရတာအဆင်ပြေတယ်။ တိုက်ခန်းတွေဆို အဆင်ပြေမှာ မဟုတ်ဘူး။

ဒေါ်အေးအေး (Lucky ကားရေဆေးနှင့် ကားအလှဆင်ရုံပိုင်ရှင်)

မနက်ပိုင်း အလုပ်လုပ်တဲ့အချိန်ကျတော့ မော်တာသံတွေနဲ့က နေသားကျနေပြီပေါ့။ ညဘက်ဆိုရင်တော့ အသံတွေကြားရင် အဆင်မပြေဘူး။ ဘေးအိမ်မှာက ခွေးရှိတော့ ညဘက်ထဟောင်ရင်တောင် အိပ်လို့မရတော့ဘူး။ အသံချဲ့စက်သံကြားရင်လည်း အိပ်မရတော့ဘူး။ နေ့လည်ပိုင်းအချိန်တွေကတော့ အလုပ်လုပ်နေတဲ့အချိန်ဆိုတော့ ဒီအတိုင်းပဲ ကျင့်သားရနေပြီလို့ ပြောလို့ရတယ်။ တခါတလေကျရင် ဒီဘက်မှာက ဘာမှမဟုတ်ဘဲ ဆောင်းဘောက်တွေဖွင့်၊ ကားပေါ်တင်ပြီး လှည့်ကြတာရှိတယ်။ အလှူခံတာလည်း မဟုတ်ဘဲနဲ့ အလှူရာသီဆို စက်ဌားအောင်လို့ ကားပေါ် သီချင်းဖွင့်ပြီး လှည့်တာ။ အဲဒါမျိုးမြင်ရင် စိတ်တိုတယ်။ ညဘက် အိပ်ရေးမဝတဲ့နေ့ဆို ပိုဆိုးတယ်။

ဒေါက်တာ တင်စိုးမိုး (မြန်မာနိုင်ငံ ဆရာဝန်အသင်း (မြိတ်) အခမဲ့ ဆေးကုခန်း)

Noice pollution ဖြစ်တာက အသံချဲ့စက်တွေ၊ ကားတွေကြောင့် အစရှိသဖြင့်ပေါ့နော်။ အဲဒါတွေကို အချိန်ကြာမြင့်စွာ ခံစားရပြီဆိုရင် အဓိက အကြားအာရုံတွေကို ထိခိုက်လာတာပေါ့။ နား မကြားတာတွေ ဖြစ်လာတတ်တယ်။ နားက တော်တော်နဲ့ မကြားတာတွေ ဖြစ်လာတတ်တယ်။ လူကြီးပိုင်းတွေမှာ အသံဆူညံတာတွေ ကြားရပြီဆိုရင် အလိုလိုနေရင်းနဲ့ စိတ်တိုလာတတ်တယ်။ အိပ်မပျော်တော့ဘူး။ အသက်ကြီးလို့ အိပ်တာနည်းလာတဲ့အချိန်မှာ ဆူညံသံတွေ ကြားရရင် သူတို့အတွက် အဆင်မပြေဘူး။ အဲဒီကနေ နောက်ဆက်တွဲ နှလုံးရောဂါမျိုးတွေ ဖြစ်လာတတ်တယ်။ နောက်ပြီး စိတ်ကအလိုလိုနေရင်းနဲ့ ဒေါသထွက်လာတယ်။ အဓိကဖြစ်တာက အကြားအာရုံကို ထိခိုက်တယ်။

ကိုရန်နောင်ထွန်း (ကုမ္ပဏီဝန်ထမ်း)

ကျွန်တော်တို့ ရပ်ကွက်ထဲမှာပေါ့နော်၊ အသံတွေ ဆူညံတယ်၊ အသံတွေ အော်ပြောတာတွေ၊ ဆောင်းဘောက်ဖွင့်တာတွေဆိုရင် ဘယ်လိုပြောရမလဲ မကြိုက်ဘူးပေါ့နော်။ ခံစားလို့ မကောင်းဘူး။ နေလို့ထိုင်လို့ မကောင်းဘူး။ ခေါင်းထဲမှာကို နောက်လာတယ်။ စိတ်ညစ်စရာတွေ ပိုများလာတယ်။ ပိုများလာတော့ နားမခံသာရင် ကျွန်တော်တို့ ဘာအလုပ်မှလည်း လုပ်လို့မရသလို စိတ်မကြည်ရင် ဘာမှ မလုပ်ဖြစ်တော့ဘူး။ အဲဒီလိုခံစားရတယ်။ ပြီးတော့ အိပ်ခါနီးအချိန်တွေ၊ အိပ်နေတဲ့အချိန်တွေဆို ပိုဆိုးတာပေါ့။ အဲဒီအချိန်ကြားလို့ကတော့ ဒေါသ တော်တော်ကြီးကို ထွက်တယ်။ ဒေါသက အလိပ်လိုက် အလိပ်လိုက်ကို ထွက်တာ။ ဘေးအိမ်က ဆောင်းဘောက်ဖွင့်ထားရင် စကားများမလား၊ ပြေပြေလည်လည်ပြောရင် အဆင်ပြေမလား၊ ဒါမှမဟုတ် ပိုဆိုးမလား၊ ရန်ဖြစ်မလား၊ အဲဒီလောက်အထိကို ဆိုးသွားနိုင်တယ်။

မသီသီဝင်း( အရောင်းဝန်ထမ်း)

ဆူညံသံကြားရင် ထွက်သွားလိုက်တယ်။ ဆူညံသံ အရမ်းကြားရင်လည်း နားလည်း မခံနိုင်ဘူး။ အဲဒီလိုမျိုးဆို လက်ပ်တော့ယူပြီး အလုပ်ကို နားအေးပါးအေးနေရာမှာ ဆက်လုပ်နေလိုက်တယ်။ အရောင်းဝန်ထမ်းဖြစ်တော့ နားပူတာက တစ်ကဏ္ဍ၊ ရောင်းစရာရှိတာတော့ ရောင်းရတာပေါ့။ ပွဲစျေးတွေမှာ ရောင်းတယ်ဆိုရင် အသံတွေက ဆူညံနေတော့ ကိုယ့် Customer ကိုပဲ အာရုံစိုက်ရတယ်။ သူ ပြောတဲ့စကားကိုပဲ အာရုံစိုက်တယ်။ ဘေးမှာက ဘယ်လောက် ဆူဆူပေါ့နော်။ ကြာတော့ ဘာဖြစ်လဲဆိုတော့ နားကိုက်တာ ဖြစ်လာတယ်။ ပြီးတော့ တခါတလေ နားက သိပ်မကြားချင်ဘူး ဖြစ်တယ်။ ကိုယ့်နာမည်ကို လှမ်းခေါ်နေရင်တောင် မကြားရတာတွေ တခါတလေဖြစ်လာတယ်။ ဆောင်းဘောက်သံတွေ ကြားရင် နားစည်က မခံစားနိုင်ဘူး။ နားကြပ်နဲ့ သီချင်းနားထောင်ရင်တောင် အကြာကြီး နားမထောင်နိုင်ဘူး။ သီချင်းဆို သုံးပုဒ်လောက်ပဲ နားထောင်နိုင်တယ်။ နားထင်တွေပါ ကိုက်လာရော။ အလုပ်မှာ ကိုယ်ကလည်း လူကြီးပိုင်းဖြစ်နေတော့ အရောင်းပွဲတွေဆို ရှောင်လို့လည်း မရဘူး။ ကိုယ်တိုင် လိုက်ရတာပဲ။ အဲဒီလိုနေ့တွေဆိုရင် ကိုယ့် Customer တွေကိုပဲ အာရုံစိုက်ရတာပဲ။ အလုပ်ပဲလေ။

လူကြိုက်များသောဆောင်းပါးများ

Ads Advertisement