မျက်နှာပေါ်က အရေးအကြောင်းတွေဆိုတာ အသက်အရွယ်အိုမင်းလာတဲ့အခါ မရှောင်လွှဲနိုင်တဲ့ ဇီဝကမ္မဖြစ်စဉ်တစ်ခုပါ။
သို့ပေမယ့်လည်း အသက်အရွယ်ဆိုတာ ကိန်းဂဏန်းတစ်ခုပါပဲ။
သဘာဝတရားကြီးကို ခဏလောက်ဖြစ်ဖြစ် တတ်နိုင်သလောက် အချိန်ဆွဲဆန့်ပြီး အိုမင်းခြင်းရဲ့ပြယုဂ်ကို ပိုသိသာစေတဲ့ မျက်နှာပေါ်က အရေးအကြောင်းတွေကို လုံးဝမပေါ်လာအောင် မတားဆီးနိုင်သည့်တိုင် ပုံမှန်ထက်နောက်ကျပြီးမှ ကိုယ့်မျက်နှာပေါ်ရောက်လာဖို့ တားဆီးကြည့်ကြရအောင်…
အရေးအကြောင်းတွေဆိုတာ ကျွန်တော်တို့ အရေပြားရဲ့ တင်းရင်းမှုနဲ့ ရုန်းကန်နိုင်စွမ်း တဖြည်းဖြည်း လျော့နည်းလာတဲ့အခါ ဖြစ်ပေါ်လာတဲ့ အကြောင်းများ၊ ခေါက်ရာများနဲ့ အမြောင်းရာတွေ ဖြစ်ပါတယ်။
ပြုံးတာ၊ ရယ်တာ၊ မျက်မှောင်ကြုတ်တာ နဲ့ တစ်ခုခုကို စူးစိုက်ကြည့်တဲ့အချိန် မျက်နှာပေါ်က ကြွက်သားတွေလှုပ်ရှားရတာကြောင့် နဖူးပြင်ပေါ်၊ မျက်ခုံးကြား နဲ့ မျက်လုံးဘေးနားမှာ ပေါ်လာတဲ့ အရေးကြောင်းတွေကို Dynamic wrinkles လို့ ခေါ်ပြီး မျက်နှာပြင်ကြွက်သားတွေ ပြေလျော့နေတဲ့အချိန်မှာတောင် ပေါ်နေတတ်တဲ့ အရေးအကြောင်းတွေကိုတော့ Static wrinkles လို့ ခေါ်ပါတယ်။
ကျန်းမာတဲ့ အရေပြားမှာ Collagen၊ Elastin နဲ့ Hyaluronic acid တို့ ရှိနေပြီး အရေပြားကို ချောမွတ်စေဖို့နဲ့ ပျော့ပျောင်းနူးညံ့ပြီး ရေဓာတ်ပြည့်ဝနေအောင် ပေါင်းစပ် လုပ်ဆောင်ပေးကြပါတယ်။
အသက်အရွယ် အိုမင်းလာတာနဲ့အတူ သူတို့လေးတွေကလည်း တဖြည်းဖြည်း လျော့နည်းလာပါတယ်။
တစ်ချိန်တည်းမှာပဲ အရေပြားက ပါးလွှာလာပြီး ပျက်စီးသွားတဲ့ cell တွေကို ပြန်လည်ပြင်ဆင်နိုင်စွမ်း နှေးကွေးလာပါတော့တယ်။
ဒီလိုဖြစ်စဉ်တွေကကြောင့် နက်ရှိုင်းတဲ့ အရေးအကြောင်းတွေ မပေါ်လာခင်မှာတင် မျက်လုံးနဲ့ ပါးစပ်ဘေးဝန်းကျင်နားမှာ ပါးလွှာတဲ့ အကြောင်းလေးများ ကနဦးပေါ်လာပါတော့တယ်။
ဒါဆို မျက်နှာပေါ်မှာ အရေးအကြောင်းတွေ မြန်မြန်ပေါ်လာအောင် ဘယ်လိုအရာတွေက တွန်းပို့ပေးနေလဲ?
ကျန်းမာတဲ့အသားအရေကို မက်မောကြသူတိုင်းရဲ့ ရန်သူတော် ခရမ်းလွန်ရောင်ခြည်တွေက ထိပ်ဆုံးက ပါနေပြန်ပါတယ်။
ခရမ်းလွန်ရောင်ခြည်တွေက အောက်ဆီဂျင်ဓာတ်တိုး ပျက်စီးမှု (Oxidative stress) ကို မြှင့်တင်ပေးပြီး အရေပြားရဲ့ တင်းရင်းနိုင်စွမ်းနဲ့ ရုန်းကန်နိုင်စွမ်းကို လျော့နည်းလာစေတာကြောင့် အရေးအကြောင်းတွေ၊ အသားအရောင် မညီညာတာတွေ၊ အရေပြား ကြမ်းတမ်းတာနဲ့ လျော့ရဲတွဲကျတာတွေ ဖြစ်လာပါတော့တယ်။
Photoaging လို့ ခေါ်တဲ့ ဒီလိုဖြစ်စဉ်ကြောင့် မျက်နှာအရေပြား အိုမင်းရင့်ရော်ခြင်းရဲ့ အများစုက ဇရာကြောင့် ပေါ်လာတာထက် နေရောင်ခြည်နဲ့ ရေရှည်ထိတွေ့တာနဲ့ ပိုမို သက်ဆိုင်နေတယ်လို့ သုတေသနလေ့လာမှုများမှာ ဖော်ပြထားပါတယ်။
နေထိုင်စားသောက်မှုနဲ့ဆိုင်တဲ့ အလေ့အထတွေထဲမှာ ဆိုရင် ဆေးလိပ်သောက်တာ၊ အိပ်ရေးပျက်တာ၊ စိတ်ဖိစီးမှုများတာ၊ အရက် အလွန်အကျွံ သောက်တာ၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်တွေစားတာနဲ့ လေထုညစ်ညမ်းတာတွေက အရေပြားကို မြန်မြန် အိုမင်းရင့်ရော်စေပါတယ်။
မျိုးရိုးဗီဇနဲ့လည်း ဆက်စပ်နေတာကြောင့် အသက်အရွယ်တူတဲ့ သူအချင်းချင်းမှာတောင် အရေးအကြောင်း စောပေါ်နေတဲ့သူတွေရှိနေတတ်ပါတယ်။
အရေးအကြောင်းတွေ ပေါ်လာတာကို နှေးကွေးစေဖို့ဆိုတဲ့နေရာမှာ ခရမ်းလွန်ရောင်ခြည်ဒဏ် ကနေကာကွယ်ဖို့ နေရောင်ထဲထွက်တဲ့ အချိန်တိုင်း Broad-spectrum Sunscreen (နေလောင်ကာလိမ်းဆေး) တစ်ခုခု လိမ်းဖို့လိုပါတယ်။
အသားအရေထိန်းသိမ်းဖို့ Skincare ပစ္စည်းအနေနဲ့ ကော်လာဂျင် ထုတ်လုပ်မှုကို လှုံ့ဆော်ပေးတဲ့ Retinoids ကို ဂရုတစိုက် စွဲသုံးတာ၊ အောက်ဆီဂျင်ဓာတ်တိုးပျက်စီးမှုကို ကာကွယ်ပေးနိုင်တဲ့ Vitamin C ပါတဲ့ skincare သုံးတာနဲ့ အစိုဓာတ်ဖြည့်ပေးနိုင်တဲ့ Hyaluronic Acid ပါတဲ့ skincare သုံးပေးတာတွေက အရမ်းမနက်ရှိုင်းတဲ့ အရေးအကြောင်းတွေကို သက်သာစေနိုင်ပါတယ်။
ဒါ့အပြင် သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နဲ့ ပရိုတင်း မျှတစွာ စားပေးမယ်၊ လေ့ကျင့်ခန်းပုံမှန်လုပ်မယ်၊ အိပ်ရေးဝအောင်အိပ်မယ်၊ အထူးသဖြင့် ဆေးလိပ်သောက်တာကို ရှောင်နိုင်မယ်ဆိုရင် အရေပြား စောစောစီးစီး အိုမင်းရင့်ရော်တာကို နှေးကွေးစေပါလိမ့်မယ်။
သိသိသာသာမြင်နေရတဲ့ အရေးအကြောင်းရှိသူတွေကတော့ ကိုယ့်မှာရှိတဲ့ အရေးအကြောင်းအမျိုးအစား၊ ကိုယ့်ရဲ့အောက်ခံအရေပြား အခြေအနေနဲ့ အသက်အရွယ်ပေါ် မူတည်နေတာမို့ ကုသနိုင်မှုတွေလည်း အမျိုးမျိုးရှိနေပြန်ပါတယ်။
ကော်လာဂျင် အသစ်ထုတ်လုပ်မှုကို လှုံ့ဆော်ပေးနိုင်တဲ့ Fractional laser resurfacing၊ Radiofrequency microneedling နဲ့ Microneedling တို့လို ကုသမှုတွေအပြင် Dynamic wrinkles လို အမျိုးအစား အရေးအကြောင်းတွေမှာ ကြွက်သားတွေကို ခေတ္တ ပြေလျော့စေနိုင်တဲ့ Botulinum toxin (Botox) ထိုးကုသမှုတွေ၊ ကြွက်သားထုထည်အားနည်းပြီးချိုင့်နေတဲ့ အရေးအကြောင်းတွေမှာဆိုရင် Hyaluronic acid အသားဖြည့်ဆေး (Dermal Fillers) နဲ့ ပြန်ဖြည့်တဲ့ ကုသမှုတွေ ရယူနိုင်ပါတယ်။
ဒီလိုကုသမှုတွေကလည်း ဆောင်ရ၊ ရှောင်ရမယ့်အချက်တွေအပြင် အခန့်မသင့်ရင် ဘေးထွက်ဆိုးကျိုးတွေရှိတတ်တာမို့ ကျွမ်းကျင်တဲ့ အရေပြားအထူးကုဆရာဝန်တွေနဲ့ တိုင်ပင်ပြီးမှသာ ကုသမှုယူသင့်ပါတယ်။
အရေးအကြောင်းတွေဆိုတာ အသက်အရွယ်အိုမင်းလာခြင်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်သည့်နည်းတူ၊ ဘယ်လို ကုသမှုမျိုးကမှ အိုမင်းရင့်ရော်မှု ဖြစ်စဉ်ကို ထာဝရ မတားဆီးနိုင်ပါဘူး။
သို့သော်ငြားလည်း ကိုယ့်ကို ရှိရင်းစွဲအသက်ထက်ကြီးတယ်လို့ ထင်ရစေတဲ့ အရေးအကြောင်းတွေကိုတော့ တတ်နိုင်သမျှ နှေးကွေးအောင်လုပ်နိုင်ပါတယ်။
အရမ်းနက်ရှိုင်းတဲ့ အရေးအကြောင်းတွေ ပေါ်လာမှ ကုသမှုခံယူတာထက် အသက် ၃၀ ဝန်းကျင်အရွယ်ကတည်းက ထိန်းသိမ်းနေထိုင်လို့ရတဲ့နည်းလမ်းတွေလိုက်နာနေထိုင်ရင်သက်သာစေတာကြောင့် ဆောင်းပါးလေးကနေတစ်ဆင့် ကျန်းမာရေးဗဟုသုတတွေကို လက်ဆင့်ကမ်းပေးလိုက်ပါတယ် ခင်ဗျာ…
References:
Mayo Clinic Staff. (2023, December 12). Wrinkles – Symptoms and causes. Mayo Clinic.
https://www.mayoclinic.org/…/wrinkles/symptoms-causes/syc-20354927
Fisher, G. J., Varani, J., & Voorhees, J. J. (2008). Looking older: fibroblast collapse and therapeutic implications. Arch Dermatol, 144(5), 666-672.
https://doi.org/10.1001/archderm.144.5.666
American Academy of Dermatology Association. (n.d.). Wrinkles.
https://www.aad.org/public/cosmetic/wrinkles