Skip to content
Ads Advertisement

ကလေးငယ်များ၏ စမတ်ဖုန်းနှင့် Screen Time အသုံးပြုမှု

တိုးတက်လာတဲ့ နည်းပညာခေတ်ထဲ စမတ်ဖုန်းအသုံးပြုမှု များလာတာနဲ့အတူ ကလေးငယ်တွေရဲ့ ဖုန်းသုံးစွဲမှုကလည်း မြင့်တက်လာပါတယ်။ အိမ်မှာ လူဦးရေနည်းတဲ့ မိသားစုတွေမှာ ကလေးတွေကို မျက်ခြေမပြတ် ကြည့်ရှုမပေးနိုင်တဲ့ အခြေအနေတွေရှိရင် မိဘတွေက ကလေးတွေကို ဖုန်းပေးသုံးထားတာဟာ အလေ့အထတစ်ခုလို ဖြစ်လာပါတယ်။

“ကိုယ်တွေ ငယ်ငယ်တုန်းက ရပ်ကွက်ထဲ လျှောက်ဆော့နေကြတာ။ အခုကလေးတွေကို ကြည့်လိုက်ရင် YouTube ကြည့်မယ်၊ TikTok ကြည့်မယ် ဆိုတာချည်းပဲ။ ကလေးနှစ်ဦးတည်းရှိတဲ့ မိသားစုတွေမှာဆိုရင် ကလေးကို ထိန်းကျောင်းဖို့ မလွယ်ကူတာကြောင့် ဖုန်းပေးကြည့်ထားရတာမျိုး ဖြစ်တတ်တယ်။ ကလေးတွေကလည်း သီချင်းတွေကို လိုက်ကြည့်၊ လိုက်ဆိုနေကြတာပဲ။ တချို့ကလေးတွေကျတော့ ဖုန်းထဲက ဂိမ်းတွေ ဆော့ကြတယ်” လို့ ဖခင်တစ်ဦးဖြစ်တဲ့ ကိုအောင်မျိုးထွန်းက MyanHealth ကို ပြောပါတယ်။

မိခင်တွေ အိမ်အလုပ်တွေနဲ့ မအားလပ်တဲ့အချိန်မှာ ကလေးတွေကို ဖုန်းနဲ့ တက်ဘလက်လို ပစ္စည်းတွေ ပေးကြည့်ဖို့ တွန်းအားဖြစ်လာစေသလို၊ ကလေးတွေကို အပြင်ထွက်ပြီး ဆော့ကစားပေးဖို့ မလုံခြုံတဲ့ ပတ်ဝန်းကျင်အခြေအနေကလည်း ဒီအလေ့အထကို ပိုမိုတွန်းအားဖြစ်စေပါတယ်။

“အမေက အိမ်အလုပ်နဲ့ မအားတဲ့အချိန်ဆိုရင် ကလေးကို ဖုန်းပေးသုံးလိုက်တာပဲ။ ကာတွန်းကားပြတာတို့၊ ဂိမ်းဆော့ခိုင်းတာတို့က ဒီဘက်ခေတ်မှာ များလာတယ်” လို့ ကိုအောင်မျိုးထွန်းက ပြောပါတယ်။

သာကေတမြို့နယ်မှာ နေထိုင်တဲ့ မိခင်တစ်ဦးကလည်း “ဟိုးအရင်တုန်းကဆိုရင် ရပ်ကွက်ထဲမှာ ဆော့ရင် စိတ်ချရတယ်။ အခုက ကလေးတွေကိုတောင် စိတ်မချရတော့ အပြင်မှာ ပေးမဆော့ခိုင်းတော့ဘူး။ ကလေးတွေပျောက်တဲ့ သတင်းတွေ ကြားရရင် ပိုဆိုးတယ်” လို့ သူမရဲ့ အခြေအနေကို ရှင်းပြပါတယ်။

မြန်မာနိုင်ငံမှာ ဆယ်စုနှစ်တစ်ခုကျော် ကာလအတွင်း ဖုန်းလိုမျိုး ဒစ်ဂျစ်တယ် Device တွေ သုံးစွဲသူ များလာတာနဲ့အမျှ ကလေးတွေရဲ့ ဖုန်းသုံးစွဲမှုကလည်း မြင့်တက်လာပါတယ်။ ဒီလို Device တွေ ပေါပေါများများ မရှိခင်ကာလမှာ ကလေးတစ်ယောက်ရဲ့ နေအိမ်ထဲက အားလပ်ချိန်ဟာ ဆော့မယ်၊ မုန့်စားမယ်၊ စာဖတ်မယ်ဆိုတာမျိုးပဲ ရှိခဲ့တာပါ။ ဒါပေမဲ့ အခုကာလမှာတော့ ဖုန်းကြည့်တာ၊ ဂိမ်းကစားတာ၊ YouTube ကြည့်တာတွေက အစားထိုး ဝင်ရောက်လာပါပြီ။

ကလေးငယ်တွေ ဒီလိုမျိုး ဒစ်ဂျစ်တယ် Device အသုံးပြုတဲ့အခါ အချိန်တစ်ခု သတ်မှတ်ပြီး အဲဒီအတိုင်းအတာအတွင်းမှာပဲ အသုံးပြုခွင့် ပေးသင့်တယ်လို့ ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုပေးနေသူတွေက ဆိုကြပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကတော့ အသက် ၂ နှစ်အောက် ကလေးငယ်တွေအနေနဲ့ ကစားချိန်နဲ့ စားချိန်သာ ရှိသင့်တယ်လို့ ဆိုထားပြီး အသက် ၅ နှစ်အောက် ကလေးတွေ၊ အထူးသဖြင့် အသက် ၂ နှစ်အောက် ကလေးတွေဟာ ပိုမိုကစားတာ၊ ပိုမိုအိပ်စက်တာမျိုးပဲ ဖြစ်သင့်ပြီး ဖုန်း၊ ကွန်ပျူတာ၊ တီဗီ စတာတွေ ကြည့်တဲ့ Screen Time လုံးဝ မရှိသင့်ဘူးလို့ ဆိုထားပါတယ်။

အသက် ၃ နှစ်မှ ၄ နှစ်အရွယ် ကလေးတွေအတွက် Screen Time ဟာ တစ်နေ့ကို အများဆုံး တစ်နာရီထက် ပိုမများသင့်ဘဲ သူတို့ရဲ့ အားလပ်ချိန်တွေမှာ ကစားပေးတာ၊ စာဖတ်ပြတာ၊ ပုံပြင်ပြောပြတာ၊ သီချင်းဆိုတာ၊ ဆေးရောင်ခြယ်တာ၊ ဉာဏ်စမ်းပုစ္ဆာတွေကို အတူတူ ဖြေရှင်းပေးတာ စတဲ့ လှုပ်ရှားမှုတွေကို လုပ်ပေးသင့်တယ်လို့ WHO က တိုက်တွန်းထားပါတယ်။ မိဘတွေဘက်ကလည်း ကိုယ့်သားသမီးတွေရဲ့ Screen Time ကို ကန့်သတ်ပြီး ကလေးတွေ စိတ်ပျော်ရွှင်စေမယ့် လှုပ်ရှားမှုတွေနဲ့ ကောင်းကောင်းအိပ်စက်နိုင်စေမယ့် အလေ့အထတွေ ဖန်တီးပေးဖို့ တိုက်တွန်းထားပါတယ်။

ကလေးငယ်တွေဟာ အချိန်အကြာကြီး စမတ်ဖုန်းလို ဒစ်ဂျစ်တယ် Device တွေ သုံးစွဲတာဟာ ဦးနှောက်ရဲ့ လုပ်ဆောင်နိုင်စွမ်းကို ထိခိုက်စေနိုင်တဲ့အပြင် မကြာခဏ သတိမေ့လျော့တာတွေ ဖြစ်စေပြီး ကိုယ်ပိုင်တွေးခေါ်နိုင်စွမ်းနဲ့ ဖန်တီးနိုင်စွမ်းကို လျော့ကျစေနိုင်ပါတယ်။ ဒါ့အပြင် စမတ်ဖုန်းလို ဒစ်ဂျစ်တယ် Device တွေကို စွဲလမ်းသွားရင် စိတ်ဓာတ်ကျတာ၊ ညအိပ်မပျော်တာ၊ စိတ်မပျော်ရွှင်တာနဲ့အတူ စိတ်ကျန်းမာရေးပြဿနာတွေ ဖြစ်ပေါ်နိုင်တာကြောင့် အချိန်အကန့်အသတ်နဲ့သာ သုံးသင့်တယ်လို့ ကျန်းမာရေးဆိုင်ရာ ပညာရှင်တွေက အကြံပြုထားပါတယ်။

ဒစ်ဂျစ်တယ် Device သုံးသူအများစုဟာ အသုံးပြုတဲ့အခါ ထိုင်နေတာ ဒါမှမဟုတ် လဲလျောင်းပြီး အသုံးပြုတာတွေကို အများဆုံး ပြုလုပ်လေ့ရှိပါတယ်။ အချိန်အကန့်အသတ်မရှိ အသုံးပြုတဲ့အခါ ကိုယ်လက်လှုပ်ရှားမှု မရှိသလောက် ဖြစ်သွားစေပါတယ်။ ဒါဟာ ကိုယ်အလေးချိန် တက်လာနိုင်ခြေကို ပိုမိုများပြားစေသလို ပုံမှန်ထက် ကိုယ်အလေးချိန်များတာ၊ အဝလွန်တာတွေဟာလည်း ဒါနဲ့ အများကြီး ဆက်နွှယ်ပါတယ်။ ဒါနဲ့ ဆက်စပ်ပြီး အရိုးအကြောဆိုင်ရာ ပြဿနာတွေ၊ ကျီးပေါင်းတက်တာတွေကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။

နောက်ထပ်တစ်ခုကတော့ ကလေးငယ်တွေဟာ Screen Time အရမ်းများတဲ့အခါ ခန္ဓာကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေထက် မျက်စိကို ထိခိုက်စေမှုက ပိုပြီး စိုးရိမ်ရတဲ့ ကျန်းမာရေးပြဿနာတစ်ခု ဖြစ်လာနိုင်ပါတယ်။ မျက်စိညောင်းတာ၊ နာတာ၊ မျက်စိပူပြီး ယားယံတာ၊ ခေါင်းမူးတာ၊ အမြင်အာရုံ မှုန်ဝါးတာမျိုးတွေဟာ ဖုန်းလို Device တွေကို အချိန်အကြာကြီး အာရုံစိုက်အသုံးပြုသူတွေမှာ တွေ့ရတဲ့ ပြဿနာတွေ ဖြစ်ပါတယ်။

ဒီထက် အရေးကြီးတာတစ်ခုကတော့ ဒစ်ဂျစ်တယ် Device တွေရဲ့ မျက်နှာပြင်ပါ။ ဒီမျက်နှာပြင်ဟာ ဘက်တီးရီးယားလို ပိုးမွှားပေါင်းများစွာ ကပ်ငြိနိုင်ပြီး ဒါတွေကို အသုံးပြုပြီး လက်မဆေးဘဲ ပါးစပ်၊ မျက်စိ၊ နှာခေါင်း စတာတွေကို ပွတ်သပ်ကိုင်တွယ်မိတဲ့အခါ ရောဂါပိုးတွေဟာ ခန္ဓာကိုယ်ထဲကို အလွယ်တကူ ဝင်ရောက်နိုင်ပါတယ်။ ဒီ့နောက်ဆက်တွဲအနေနဲ့ ဖျားနာတာ၊ အော့အန်တာ၊ ဝမ်းပျက်ဝမ်းလျှောနဲ့ အရေပြားပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

ဒစ်ဂျစ်တယ် Device၊ အထူးသဖြင့် လက်ကိုင်ဖုန်းတွေဟာ ကလေးငယ်တွေရဲ့ ရုပ်ပိုင်းဆိုင်ရာအပြင် စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်စေတာကြောင့် တချို့ကမ္ဘာ့နိုင်ငံတွေမှာ ဖုန်းအသုံးပြုမှုကို ကန့်သတ်ဖို့ ဥပဒေပြဋ္ဌာန်းပြီး တားမြစ်ထားတာတွေ ရှိနေပါပြီ။

📱 နိုင်ငံအလိုက် ကလေးငယ်များအတွက် Screen Time တားမြစ်ကန့်သတ်မှုများ
🇦🇺 သြစတြေးလျ — ၁၆ နှစ်အောက် (၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာမှ စတင်)
🇮🇩 အင်ဒိုနီးရှား — ၁၆ နှစ်အောက် (၂၀၂၅ ခုနှစ်၊ မတ်လမှ စတင်)
🇲🇾 မလေးရှား — ၁၆ နှစ်အောက် (၂၀၂၆ ခုနှစ်၊ ဇွန်လမှ စတင်)
🇹🇷 တူရကီ — ၁၅ နှစ်အောက် (၂၀၂၆ ခုနှစ်၊ ဧပြီလမှ စတင်)
🇦🇪 ယူအေအီး — ၁၅ နှစ်အောက် (၂၀၂၆ ခုနှစ်၊ ဇွန်လမှ စတင်)
🇩🇰 ဒိန်းမတ် — ၁၅ နှစ်အောက် (၂၀၂၅ ခုနှစ်၊ အောက်တိုဘာလမှ စတင်)
🇬🇧 ဗြိတိန် — ၁၆ နှစ်အောက် (၂၀၂၇ ခုနှစ်တွင် အကောင်အထည်ဖော်မည်)
🇨🇳 တရုတ် — အသက် ၈ နှစ်မှ စတင်၍ ကန့်သတ် (၂၀၁၉ ခုနှစ်တွင် ပထမအဆင့်၊ ၂၀၂၁ ခုနှစ် ဩဂုတ်လတွင် ဒုတိယအဆင့်နှင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် နိုင်ငံတော်အဆင့် ဥပဒေပြဋ္ဌာန်းပြီး)

ဒစ်ဂျစ်တယ် Device တွေကို အသုံးပြုတဲ့ Screen Time ကို နိုင်ငံတော်အဆင့် ဥပဒေပြဋ္ဌာန်းပြီး ကန့်သတ်တာတွေ ရှိသလို ကလေးငယ်တွေကို ပြုစုပျိုးထောင်တဲ့ ကျောင်းတွေ၊ နေ့ကလေးထိန်းကျောင်းတွေ၊ ကလေးထိန်းသိမ်းရေးကျောင်းတွေမှာလည်း စည်းကမ်းချက်တွေ ထုတ်ပြန်ပြီး တားမြစ်တာတွေ အများကြီး ရှိပါတယ်။

ဒါပေမဲ့ ကလေးငယ်တွေကို ဘေးဥပဒ်ဖြစ်စေနိုင်တဲ့ Screen Time များပြားမှုဟာ နေအိမ်တွေမှာ အများဆုံး ဖြစ်ပေါ်နေတာမို့ ကလေးငယ်တွေရဲ့ မိဘတွေကိုယ်တိုင်က စနစ်တကျ အသုံးပြုစေတာ၊ ကြပ်မတ်တာမျိုး လုပ်နိုင်မှသာ ထိရောက်မှာ ဖြစ်ပါတယ်။

လူကြိုက်များသောဆောင်းပါးများ

Ads Advertisement