Skip to content
Ads Advertisement

ဖြူ၊နီ၊ပြာ၊ဝါ စပ်ဆေးထဲက မင်းသားကြီး စတီးရွိုက်

ဖျားနာလို့ပဲဖြစ်ဖြစ်၊ ကိုယ်တွေလက်တွေ ကိုက်ခဲလို့ပဲဖြစ်ဖြစ် မြို့ကြီးပြကြီးတွေရဲ့ ရပ်ကွက်တွေမှာရော ကျေးရွာများပါမကျန် လူထုထဲမှာ အသုံးတွင်ကျယ်ပြီး ပျံ့နှံ့နေတာကတော့ စပ်ဆေးလို့ခေါ်တဲ့ ဆေးထုပ်လေးတွေပဲ ဖြစ်ပါတယ်။

စပ်ဆေးတွေကို မြို့နေလူတန်းစားရဲ့ ရပ်ကွက်တွေအပြင် ကျေးလက်နေပြည်သူတွေရဲ့ ကျေးရွာတွေမှာရှိတဲ့ ဆေးဆိုင်၊ ဈေးဆိုင်ငယ်၊ ကုန်စုံဆိုင်နဲ့ စတိုးဆိုင်ငယ်လေးတွေမှာပါ လွယ်လင့်တကူ ဝယ်လို့ရနေတာကလည်း စပ်ဆေးကို ဝယ်ယူသုံးစွဲနိုင်မှုရဲ့ အဓိကအကြောင်းအရင်းလည်း ဖြစ်ပါတယ်။ တချို့ကတော့ အသင့်ပြင်ဆင်ပြီးသား အထုပ်လေးတွေကို ရောင်းကြတာလည်းရှိသလို၊ တချို့ကတော့ ဝယ်သူလာမှပဲ ဆေးလုံးလေးတွေကို ဖောက်ထည့်ပြီး ရောစပ်ပေးလိုက်တာမျိုးလည်း ရှိပါတယ်။

စပ်ဆေးတစ်ထုပ်ကို လေ့လာကြည့်ရင် ဖြူ၊ နီ၊ ပြာ၊ ဝါ အရောင်စုံ ဆေးလုံးလေးတွေ ပါဝင်ပြီး ဈေးသက်သက်သာသာနဲ့ ဝယ်ယူလို့ရနေတာကို တွေ့နိုင်မှာဖြစ်ပါတယ်။ ဒီဆေးလုံးလေးတွေက ဘယ်လိုအမျိုးအစားတွေလဲ၊ ဘယ်လိုရောဂါတွေအတွက် အသုံးပြုပြီး ဘယ်လိုအခြေအနေမျိုးမှာတော့ မသောက်ရဘူးလဲဆိုတာ ဖော်ပြထားတာလည်း မရှိတဲ့ ဆေးထုပ်တွေ ဖြစ်တဲ့အတွက် အထူးသတိပြုဖို့ လိုအပ်ပါတယ်။ ဒီလိုဆေးအမျိုးအစား တစ်ခုထက်မက ပါတဲ့ ဆေးထုပ်လေးတွေထဲမှာတော့ အဓိကအားဖြင့် ပိုးသတ်ဆေး (antibiotics)၊ အကိုက်အခဲပျောက်ဆေး (analgesics) နဲ့ စတီးရွိုက် (steroids) လို့ခေါ်တဲ့ ဆေးတွေ ပါဝင်ပြီး သောက်သုံးရန် မသင့်ဆိုတဲ့ တားမြစ်ချက်တွေကို ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများမှလည်း ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။

မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက်တော့ ကိုက်ခဲနာကျင်မှုများနှင့် ဖျားနာမှုများအတွက် အလွယ်တကူ ဝယ်ယူသောက်သုံးလေ့ရှိသော “စပ်ဆေး” များဟာ ပြည်သူ့ကျန်းမာရေးအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ် ဖြစ်နေပါတယ်။ ဒီစပ်ဆေးတွေမှာ ရောဂါလက္ခဏာကို ချက်ချင်းသက်သာစေဖို့အတွက် ထည့်လေ့ရှိတဲ့ “စတီးရွိုက် (Steroid)” ဆေးဝါးဆိုတာ ဘာလဲဆိုတာ သိဖို့လိုပါတယ်။

စတီးရွိုက်ဆိုတာ တကယ်တမ်းတော့ ခန္ဓာကိုယ်ထဲ သဘာဝအတိုင်းရှိနေပြီး ခန္ဓာကိုယ်က လိုအပ်သလောက် အလိုအလျောက် ထုတ်ပေးနေတဲ့ ဟော်မုန်းတစ်မျိုး ဖြစ်ပါတယ်။ စတီးရွိုက်ဆေးတွေကတော့ ဒီဟော်မုန်းမျိုးနဲ့ ဆင်တဲ့ ဆေးဝါးအုပ်စုတစ်ခု ဖြစ်ပါတယ်။ လေ့လာကြည့်ရင် ခန္ဓာကိုယ်နဲ့ ကြွက်သားပိုင်းဆိုင်ရာ ကြံ့ခိုင်မှုနဲ့ ကြီးထွားမှုမှာ သတိထားအသုံးပြုရတဲ့ စတီးရွိုက်အုပ်စု (anabolic steroids) နဲ့ ဆေးဝါးကုသမှုပိုင်းဆိုင်ရာမှာ အသုံးပြုကြတဲ့ စတီးရွိုက်အုပ်စု (Corticosteroids) တို့ကို အများဆုံး တွေ့ရှိရပါတယ်။ စတီးရွိုက်ဆေးဝါးမှန်သမျှကတော့ “သုံးတတ်ရင် ဆေး၊ မသုံးတတ်ရင် ဘေး” ဆိုတာကို သတိပြုရမှာ ဖြစ်ပါတယ်။

စပ်ဆေးတွေမှာသုံးတဲ့ စတီးရွိုက်အမျိုးအစားက Corticosteroids လို့ခေါ်တဲ့ စတီးရွိုက်ဆေးအမျိုးအစားများဖြစ်တဲ့ ဒက်ဆာလို့ အလွယ်တကူခေါ်ကြတဲ့ (Dexamethasone) နဲ့ ပရတ်လို့ အလွယ်ခေါ်ကြတဲ့ (Prednisolone) တို့ပဲ ဖြစ်ပါတယ်။ ဒီဆေးတွေဟာ ပန်းနာရင်ကျပ်ရောဂါ၊ ပြင်းထန်ဓာတ်မတည့်မှု (allergy) နဲ့ ကိုယ်ခံအားစနစ်ဆိုင်ရာရောဂါတွေ (autoimmune diseases) မှာ ဆရာဝန်ညွှန်ကြားချက်နဲ့ သတိထားပြီး အသုံးပြုရတဲ့ ဆေးဝါးတွေ ဖြစ်ပါတယ်။ ရောဂါအခြေအနေတစ်ရပ်ရပ်ကြောင့် အချိန်ကြာကြာ သုံးထားရတဲ့အခါမှာလည်း ခန္ဓာကိုယ်ရဲ့ သဘာဝစတီးရွိုက် ထုတ်လုပ်မှု လျော့နည်းနိုင်တာကြောင့် မိမိသဘောဆန္ဒနဲ့ ရုတ်တရက်ရပ်လို့မရဘဲ ဆရာဝန်ညွှန်ကြားချက်အတိုင်း တဖြည်းဖြည်းချင်း ပမာဏလျှော့ချပြီးမှ ရပ်ဖို့ လိုအပ်တဲ့ သတိထားသုံးစွဲရတဲ့ ဆေးဝါး ဖြစ်ပါတယ်။

စပ်ဆေးသောက်လိုက်တဲ့အခါ နာကျင်ကိုက်ခဲမှုတွေနဲ့ ဖျားနာမှုတွေ ချက်ချင်းပျောက်ကွယ်သွားသလို ခံစားရတာကြောင့် လူအများက စပ်ဆေးကို သဘောကျကြတာ ဖြစ်ပါတယ်။ ဒီလိုဖြစ်ရတဲ့ အဓိကအကြောင်းရင်းကတော့ စတီးရွိုက်ဟာ ခန္ဓာကိုယ်ရဲ့ ရောင်ရမ်းမှုဖြစ်စဉ်နဲ့ ကိုယ်ခံအားစနစ်ရဲ့ တုံ့ပြန်မှုကို ဖိနှိပ်ပေးနိုင်လို့ ဖြစ်ပါတယ်။ ရောဂါပိုးဝင်ခြင်း ဒါမှမဟုတ် တစ်ရှူးတွေ ထိခိုက်ခြင်း ဖြစ်လာတဲ့အခါ ခန္ဓာကိုယ်က ရောင်ရမ်းမှုဖြစ်စေတဲ့ ဓာတုပစ္စည်းတွေ ထုတ်လွှတ်ပြီး ဖျားခြင်း၊ နာကျင်ကိုက်ခဲခြင်း၊ ရောင်ရမ်းခြင်းနဲ့ နီရဲခြင်း စတဲ့ လက္ခဏာတွေ ဖြစ်ပေါ်လာစေပါတယ်။ စတီးရွိုက်က ဒီတုံ့ပြန်မှုတွေကို လျှော့ချပေးလိုက်တဲ့အတွက် လက္ခဏာအများစုဟာ အချိန်တိုအတွင်း သက်သာသွားနိုင်ပါတယ်။

စတီးရွိုက်ပါတဲ့ စပ်ဆေးတွေကို ရေရှည်စွဲသောက်ခဲ့မယ်ဆိုရင် မျက်နှာဖောင်းအစ်လာပြီး အဆီစုကာ ကိုယ်အလေးချိန် ရုတ်တရက်တက်လာခြင်း၊ အစာအိမ်နံရံများ ပါးလာပြီး အစာအိမ်အနာ ဖြစ်လွယ်ခြင်း၊ အစာအိမ်သွေးကြော ပေါက်ခြင်း၊ ခန္ဓာကိုယ်၏ ရောဂါခုခံနိုင်စွမ်းကို စတီးရွိုက်မှ ဖိနှိပ်ထားတာကြောင့် ရောဂါပိုးမွှားများ အလွယ်တကူ ဝင်ရောက်ကူးစက်နိုင်ခြင်း၊ အရိုးများ ပွလာပြီး အနည်းငယ်ထိခိုက်မိရုံဖြင့် အရိုးကျိုးလွယ်ခြင်း၊ သွေးပေါင်ချိန်များ မြင့်တက်လာခြင်း၊ သွေးတွင်းသကြားဓာတ် ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့လာခြင်းနဲ့ ဆေးသုံးစွဲမှု အချိန်ကြာလာတာနဲ့အမျှ ကျောက်ကပ်ထိခိုက်လာခြင်း၊ ကလေးတွေမှာတော့ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုကို အဟန့်အတား ဖြစ်စေနိုင်ခြင်း စတဲ့ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ စပ်ဆေးသောက်တာ ကြာလာတဲ့အခါမှာလည်း ခန္ဓာကိုယ်က ပုံမှန်ထုတ်နေကျ ဟော်မုန်းဟာ ထုတ်တာနည်းပါးလာပြီး စပ်ဆေးထဲက စတီးရွိုက်ကို ခန္ဓာကိုယ်က အလွန်အမင်း မှီခိုရတာမျိုး ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် နေထိုင်မကောင်းတဲ့အခါ ဆေးဆိုင်တွေ၊ ကုန်စုံဆိုင်နဲ့ စတိုးဆိုင်လေးတွေမှာ စပ်ဆေးထုပ်တွေကို အလွယ်တကူ ဝယ်ယူသောက်သုံးတာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။ ရောဂါဝေဒနာ ခံစားရရင်လည်း တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေးဆိုင်ရာ ဆရာဝန်၊ ဝန်ထမ်းများနဲ့ တိုင်ပင်ပြသပြီး စနစ်တကျ မှန်ကန်တဲ့ ကုသမှုကို ခံယူဖို့ အထူးလိုအပ်လှပါကြောင်း ပြောကြားရင်း ဆောင်းပါးလေးကို နိဂုံးချုပ်လိုက်ပါတယ်။

လူကြိုက်များသောဆောင်းပါးများ

Ads Advertisement