ကျွန်တော်တို့အရပ်မှာတော့ သွားနာပြီ၊ သွားကိုက်ပြီဟေ့ဆိုရင် သွားဆေးခန်းကိုသွားပြီး သွားဆရာဝန်နဲ့ကုသဖို့ မကြိုးစားဘဲ သွားဆရာဝန်တွေထက်ပိုပြီး အားကိုးလို့ကောင်းတာတွေကရှိကြ ပါတယ်ဗျ၊ စပ်ဆေးတွေကို မကြောက်မလန့် လက်တဆုပ် ဝယ်သောက်ကြတယ်၊ ဘာမှန်းမသိတဲ့ ဆေး တွေလိမ်းမယ်၊ ထူးထူးဆန်းဆန်း ဆေးရည်တွေ သွားထဲထည့်မယ် စသဖြင့် ရပ်ကွက်ထဲက ဆရာ့ ဆရာကြီးများဆီ မျိုးစုံကြိုးခုန်လုပ်ပြီးမှသာပဲ ကျွန်တော်တို့ဆီရောက်လာကြတာက ခပ်များများ။ အထက်ပါ နည်းပေါင်းစုံထက်ပိုပြီး အောင်မြင်တဲ့ နည်းတစ်ခုကတော့ “သွားပိုးချ”တယ်ဆိုတဲ့နည်းလမ်း ပါပဲ။
ထိုသွားပိုးချတယ်ဆိုတဲ့ နည်းလမ်းလုပ်ငန်းစဉ်ကို ခံယူဖို့ အချိန်ကုန်၊ ငွေကုန်ခံပြီး တကူးတက သွားရောက်လုပ်ဆောင်ကြတာသိရတော့ ကျွန်တော်တို့မှာလည်း အံ့သြရုံသာပါပဲ။ သွားနဲ့ပတ်သက်တဲ့ ဝေဒနာခံစားကြရတဲ့အခါ စနစ်တကျကုသဖို့ မကြိုးစားဘဲ သွားဖက်ဆိုင်ရာဆရာဝန်နှင့် ပြသကုသဖို့ ကလွဲပြီး ကျန်သောနည်းပေါင်းစုံကြိုးစားပြီး လုပ်ဆောင်နေကြသူတွေထဲ တခါတခါ ပညာတတ် အသိုင်းအဝိုင်းကဆိုသူတွေပါ တွေ့နေရတော့ ကျွန်တော်တို့ဖက်က ရှင်းပြရတာလည်း ထပ်ခါထပ်ခါ မမောနိုင်မပန်းနိုင်ပါပဲဗျာ။
သွားပိုးစားတယ်ဆိုတဲ့ အသုံးအနှုန်းက ဘယ်လိုအကြောင်းတွေကြောင့် ကျွန်တော်တို့ မြန်မာ စကားမှာ နှုတ်ကျိုးရတဲ့အထိ စွဲသွားကြလဲတော့ မသိပါဘူး၊ အခေါ်အဝေါ်ကိုက သွားပိုးစားတယ်ဆိုပြီး နှစ်ပေါင်းများစွာ အသုံးပြုလာတာရဲ့ နောက်ဆက်တွဲကြောင့်ပဲ သွားနာ၊ သွားကိုက်ပြီဆို “သွားပိုးကိုက် လို့၊ သွားပိုးစားလို့” ဆိုတဲ့ တလွဲအသိမှားတွေရှိလာကြတာ ထင်ပါတယ်။ ကျွန်တော်တို့ သွားဆရာဝန် တွေ ဘယ်လိုပဲရှင်းပြရှင်းပြ မရှိတဲ့ သွားပိုးကောင်တွေကို သတ်ချင်လို့၊ သွားပိုးချချင်လို့ဆိုတာ ဒီနေ့ ခေတ်အထိ မရိုးနိုင်တဲ့ ပြဿနာအနေနဲ့ ရှိနေတုန်းပါပဲ။
သွားပိုးချထားပြီး ပြန်နာလာလို့ နောက်ဆုံးမှ သွားဆေးခန်းရောက်လာတဲ့အခါ လူနာတွေရဲ့ ပါးစပ်ထဲမှာ သွားက ဆွေးမြေ့ပျက်စီးနေပြီး သွားဖုံးနဲ့ပါးစောင် နေရာတွေမှာပါ ရောင်ရမ်းပျက်စီးနေ တာတွေ့ရများပါတယ်။ ခဏတာ နာကျင်မှုပျောက်သွားတာကိုပဲ ကုသမှုလို့ထင်နေကြတာဖြစ်ပါတယ်။ သွားပိုးချတယ်ဆိုတဲ့ လုပ်ငန်းစဉ်မှာ သုံးတဲ့ Chemical တွေကတော့ အမျိုးမျိုးရှိပါတယ်။ ဒီလို Chemical တွေက နာကျင်မှုခဏသာ လျော့စေတတ်ပြီး ပါးစပ်ထဲမှာရှိတဲ့ နူးညံ့တဲ့ ပါးစောင်၊ လျှာများ ကိုလောင်စေနိုင်ပါတယ်။ ပိုပြီးပြင်းထန်ရင် အာရုံကြောထိပါ ထိခိုက်စေနိုင်ပါတယ်။
သွားပိုးစား(Dental Caries)ဖြစ်စဉ်က ပါးစပ်ထဲမှာရှိနေပြီးဖြစ်တဲ့ သာမန်မျက်စိနဲ့မမြင်ရတဲ့ ဘက်တီးရီးယားပိုး (Bacteria) ၊ စားသောက်လိုက်တဲ့ အစားအစာထဲကအချို၊ နောက်တချက်က အချိန်ရယ် ဒီသုံးမျိုးပေါင်းစပ်ပြီးမှ ဖြစ်လာတာဖြစ်ပါတယ်။ ကျွန်တော်တို့ပါးစပ်ထဲမှာ အလိုလိုရှိနေပြီးသား Bacteria အမျိုးအစားပေါင်းက (၂၀၀)ဝန်းကျင် လောက်ရှိပါတယ်။ ရောဂါဝင်လာပြီ၊ ခံတွင်းထဲမှာတခြားပြဿနာတွေရှိလာပြီ၊ သန့်ရှင်းရေးမကောင်းဘူးဆိုရင်တော့ Bacteria အမျိုးအစားပေါင်းက (၇၀၀)ဝန်းကျင်လောက်အထိကို ခံတွင်းထဲမှာ ရှိနေနိုင်ပါသတဲ့ဗျာ။
အဲဒီ Bacteria အမျိုးအစားအများကြီးထဲမှာမှ သွားပိုးစားဖြစ်စဉ်မှာ ပါဝင်တဲ့ Bacteria ကတော့ Streptococcus Mutan ဖြစ်ပါတယ်။ သူကတော့ အဓိကပါဝင်သူဖြစ်ပြီး အရံပါဝင်တဲ့တခြား အမျိုးအစားတွေလည်း ရှိပါတယ်။ အစားအစာတွေထဲ ပါဝင်နေတဲ့ အချိုမှာလည်း အချိုအမျိုးအစား များစွာရှိပေမဲ့ သွားပိုးစားဖြစ်စဉ်ကို ပိုပြီးဖြစ်စေတဲ့ အချိုကတော့ Sucrose ဖြစ်ပါတယ်။ တခြားအချို တွေနဲ့ မတူတာက Sucrose က ပြိုကွဲပြီးသွားရင် သွားမျက်နှာပြင်မှာ စေးကပ်တဲ့ အလွှာဖြစ်စေပြီး အဲ့ဒီအလွှာထဲမှာ Bacteria တွေ ထပ်မံပေါက်ပွား ရှင်သန်စေပါတယ်။ Streptococcus Mutan က စားလိုက်တဲ့ အစားအစာထဲက Sucrose ကို အချဉ်ဖောက်လိုက်တဲ့အခါ အက်ဆစ် (Acid) အမျိုးအစားတွေ ထွက်ပေါ်လာပါတယ်။
ခံတွင်းထဲမှာ pH Level ကိုကျစေတဲ့အထိ ပမာဏများများနဲ့ ထွက်လာတာကတော့ Lactic Acid ဖြစ်ပါတယ်။ ဒီ Acid က သွားကြွေမျက်နှာပြင် (Enamel) မှာရှိတဲ့ Calcium နဲ့ Phosphate Crystal Structure ကို အားနည်းသွားစေတဲ့ Demineralization ဖြစ်စဉ်ကို ဖြစ်စေတာဖြစ်ပါတယ်။ အကြမ်းဖျင်းပြောရရင် သွားမျက်နှာပြင်ကို အက်ဆစ် စားသွားတယ်ပေါ့ဗျာ။ အချိန်ကြာလာတာနဲ့အမျှ ဒီဖြစ်စဉ်က ထပ်ခါထပ်ခါဖြစ်လာတဲ့အခါမှာ သွားပိုးစားဖြစ်စဉ်က သွားရဲ့ကြွေလွှာအောက်မှာရှိတဲ့ ဆင်စွယ်နှစ်လွှာ (Dentine အလွှာ)ထိ ရောက်ရှိလာပြီး သွားနာ၊ သွားကိုက်တဲ့အထိ ဖြစ်လာရတာဖြစ် ပါတယ်။ ရှုပ်ကုန်ပြီလားဗျ၊ အဓိကဖြစ်စေတဲ့ Bacteria ၊ အချိုနဲ့အချိန်ကြောင့် သွားပိုးစားဖြစ်စဉ် ဖြစ်တယ်ဆိုတာလေးသိရင် အဆင်ပြေပါပြီဗျာ။
အစာစားပြီးတိုင်း ပလုတ်ကျင်း၊ စနစ်မှန်သွားတိုက်နည်းနဲ့ သွားသန့်ရှင်းရေးလုပ်ပြီး စားကြွင်း၊ စားကျန်တွေ သွားမျက်နှာပြင်ပေါ်မှာ မရှိဘူးဆိုရင် ဒီဖြစ်စဉ်ကို ဖြတ်တောက်နိုင်ပါတယ်။ နာကျင်မှု မရှိသေးပေမဲ့ အက်ဆစ် ထိထားလို့ သွားမျက်နှာပြင် အရောင်ပြောင်းတာ၊ မဲတာ၊ ပေါက်နေတာတွေ သတိထားမိရင် သွားဆေးခန်းသွားပြီး စနစ်တကျကုသမှုခံယူလိုက်တာနဲ့ လွယ်လွယ်ကူကူ သွားတချောင်း စားလို့ဝါးလို့ ပြန်ကောင်းသွားနိုင်ပါတယ်။
သွား၊ ခံတွင်းနဲ့ပတ်သက်ပြီး မှန်ကန်တဲ့ ကျန်းမာရေး၊ အသိပညာရှိဖို့ရာ တတ်စွမ်းသလောက် ကျွန်တော်တို့သွားဆရာဝန်တွေ ကြိုးစားလျှက်ပါ။ ကလေးငယ်ရှိတဲ့ မိဘတွေ၊ ကလေးတွေကို သင်ကြားပြသ ဦးဆောင်နေတဲ့ ဆရာ၊ ဆရာမတွေဆိုရင် ပိုပြီးအားကြိုးမာန်တက် ရှင်းပြပေးဖြစ်ပါ တယ်။ မိဘ၊ ဆရာ ဆိုသူတွေက အတွေးအခေါ် အသိပညာမှန်ကန်ပါမှ နောက်မျိုးဆက်တွေလည်း အတွေးအခေါ်မှန်မယ်ဆိုသလိုပဲ သွားနှင့်ခံတွင်း ကျန်းမာရေးဗဟုသုတကလည်း အလားတူပဲဖြစ်ပါ တယ်ဗျာ။