ရခိုင်ပြည်နယ်မှာ HIV နဲ့ TB ဆေးများပြတ်လပ်၊ ထိရောက်တဲ့ကုသမှုမလုပ်နိုင်လို့ သေဆုံးရတဲ့လူနာတွေပင်ရှိလာ

Published On: August 12th, 2024|Views: 304|

ဩဂုတ် ၁၁။ ရခိုင်

ချစ်ခွန်းချို

ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ ကျန်းမာရေး ဆိုင်ရာ ဆိုးရွားတဲ့အခြေအနေတွေကြောင့်ပြည်သူတွေအသက်ဆုံးရှုံးနေရတဲ့အခြေအနေအပေါ် လက်ရှိအစိုးရဘက်ကလည်း ဖြေရှင်းပေးတာမရှိသလို ရခိုင်ပြည်နယ်အတွင်းတိုက်ပွဲဖော်ဆောင်နေတဲ့ AA ရခိုင့်တပ်မတော်ကလည်း ဖြေရှင်းတာမျိုးမရှိဘူးလို့သိရပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ HIV, TB ဆေးအပါအဝင် အခြားနာတာရှည် ရောဂါတွေအတွက် ဆေးဝါးတွေ ပြတ်လတ်မှုဖြစ်ပေါ်နေတဲ့အပြင်ဆေးရုံတွေမှာလည်းထိရောက်တဲ့ကူသမှုတွေမပေးနိုင်တဲ့အခြေအနေတွေဖြစ်နေတယ်လို့ ေဒသခံပြည်သူတွေဆီကနေသိရပါတယ်။

Photo: healthline

တိုက်ပွဲတွေကြောင့်ရခိုင်ပြည်နယ်ကိုကုန်းကြောင်း၊ရေကြောင်းကနေဝင်ရောက်ခွင့်ကန့်သတ်ခံထားရပြီးဆေးဝါးပစ္စည်းတွေကိုပါတရားဝင်သယ်ဆောင်ခွင့်မပြုတဲ့အပြင်အရေးပေါ်လူနာတင်ယာဥ်တွေကိုလည်းမြို့နယ်တခုနဲ့တခုကိုသွားခွင့်မပြုသလိုပြည်မထဲကိုသွားရောက်ကုသခွင့်လည်းမပြုဘူးလို့သိရပါတယ်။

“မြို့ထဲက TB ဆေးထုတ်ပေးတဲ့ဌာနတွေမှာကိုဆေးတွေမရှိတော့ဘူး ။ပြတ်နေပြီ။ဆေးပြတ်ရင် TBလူနာရောHIVလူနာတွေရောကစိတ်ကျရောဂါဝင်တာပဲ။ဆေးမသောက်ရရင်သေတော့မှာလားဆိုပြီးဖြစ်ကုန်ရော။မြို့ထဲကဆေးရုံမှာကလည်းအကြီးစားခွဲစိတ်မှုတွေမလုပ်နိုင်ဘူး။ဆေးရုံမှာရှိနေသေးတဲ့လက်ကျန်ဆေးဝါးအရပဲကုသမှုလုပ်နိုင်တယ်။အရေးပေါ်လူနာလွှဲပြောင်းမယ်ဆိုလည်း လူနာတင်ကားတောင်မြို့အပြင်ပေးမထွက်တော့သေတဲ့သူတွေများလာတယ်။အခုကမြို့ထဲဆေးရုံမှာကုလို့ရရင်ကု၊ကုမရရင်အသေခံဒါပဲရှိတယ်။” လို့ တောင်ကုတ်မြို့နယ် ဒေသခံတစ်ဦးဖြစ်သူကိုမင်းမင်း (အမည်လွဲ) ကပြောပါတယ်။

တောင်ကုတ်မြို့နယ်တခုတည်းမှာတင်ဆေးဝါးပြတ်လတ်မှု၊အရေးပေါ်ကူသမှုမလုပ်နိုင်တဲ့အခြေအနေတွေကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ ဒေခံပြည်သူ ၁၀ ဦးကျော်အထိရှိနေတယ်လို့သိရပါတယ်။

အလားတူ အခြားရခိုင်ပြည်နယ်တွင်းရှိ မင်းပြား၊သံတွဲ၊ပေါက်တောအပါအဝင် စတဲ့မြို့နယ်တွေမှာပါ ဆေးဝါးတွေပြတ်လပ်နေပြီးဆေးရုံတွေမှာလည်းဆရာဝန်နဲ့သူနာပြုတွေမရှိသလောက်ဖြစ်နေတဲ့အတွက် လက်နက်ကြီးထိမှန်တဲ့လူနာအပါအဝင် နာတာရှည်ရောဂါခံစားရသူတွေ၊HIV ဆေးသောက်သုံးရသူတွေ အားလုံးဒုက္ခရောက်နေကြရတာဖြစ်တယ်လို့သိရပါတယ်။

တရားမဝင်တင်သွင်းရောင်းချနေတဲ့ ဆေးဝါးများရှိသော်လည်း စျေးနူန်းအဆမတန်ကြီးမြင့်နေတာကြောင့် ဒေသခံပြည်သူတွေမှာ ဝယ်ယူသောက်သုံးနိုင်မှု နည်းပါးလှပါတယ်။

” တချို့ပိုက်ဆံရှိသူကျတော့တီဘီဆေးသောက်မှရမှာမို့မရရအောင်ရှာပြီးစျေးအဆမတန်ပေးဝယ်ရတာရှိတယ်။ဒါလည်းလိုချင်တိုင်းမရတော့ဆေးကပြတ်တော့အစကပြန်သောက်ရပြန်ရော။ဆေးတွေကိုသယ်ခွင့်မပေးတော့ အကုန်ဒုက္ခရောက်နေရတယ်။” လို့ နောက်ထပ်ဒေသခံတစ်ဦးဖြစ်သူ ဒေါ်မော်မော် (အမည်လွဲ) ကပြောပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ ဆေးဝါးပြတ်လပ်မှု၊ ဆေးဝါးစျေးနူန်းတွေအဆမတန်မြင့်တက်မှု ၊ ဆေးရုံတွေမှာ ထိရောက်တဲ့ဆေးကုသမှုတွေမပြုလုပ်နိုင်ခြင်း၊ ပြည်နယ်ပြင်ပကိုလည်း ထွက်ခွာဆေးကူသခွင့်မရခြင်း၊ လမ်းပန်းဆက်သွယ် ရေးတွေ ပြတ်တောက်ခြင်း စတဲ့အခက်အခဲတွေကြောင့် ဒေသခံပြည်သူတွေ ကျန်းမာရေးဆိုင်ရာ ကဏ္ဍမှုနစ်နာဆုံးရှုံးမှုတွေ များစွားရင်ဆိုင်နေရပြီး ဒုက္ခရောက်နေကြရတာဖြစ်ပါတယ်။

ဒေသခံပြည်သူတွေကတော့ကျန်းမာရေးကဏ္ဍနဲ့ပတ်သက်ပြီးတရားဝင်သွားလာကုသခွင့်ပေးစေလိုတဲ့အပြင် ဆေးဝါးတွေလည်း တရားဝင်သယ်ယူခွင့်ပြုပေးဖို့ တောင်းဆိုနေကြပါတယ်။

သတင်းရေးသားပေးပို့သူ = ချစ်ခွန်းချို

တည်းဖြတ်- MyanHealth’s Editorial team

သတင်းရေးသားသူသည် ၂၀၁၂ မှ စတင်ပြီး သတင်းလုပ်ငန်းများကို လုပ်ကိုင်နေသည့် ဂျာနယ်လစ်တစ်ဦးဖြစ်သည်။တိုင်းရင်းသားရေးရာများ၊စိုက်ပျိုးစီးပွားသတင်းများ၊လူမှုဘဝ နှင့် ယဥ်ကျေးမှု ဆိုင်ရာ ဆောင်းပါးများကိုအဓိကထားရေးသားလျက်ရှိသည်။

မျှဝေရင်းကူ

ဒီအကြောင်းအရာကို မျှဝေပါ