ရာဂီကြောင့် ရေဘေးသင့်သူသိန်းချီရှိပြီး ဆေးဝါး၊ အစားအစာ၊ ရေသန့်၊ အမျိုးသမီးလစဥ်သုံးပစ္စည်းတွေ လိုအပ်

Published On: September 16th, 2024|Views: 580|
စက်တင်ဘာ ၁၆
 
တိုင်ဖွန်းမုန်တိုင်း ရာဂီအရှိန်ကြောင့် မြန်မာနိုင်ငံက နေရာဒေသအများစုက ပြည်သူတွေ   ရေကြီးနစ်မြုပ်မှုဒဏ်ကို ဆိုးရွားစွာရင်ဆိုင်နေကြရပြီး အစားအစာ ၊သောက်ရေသန့်နဲ့ဆေးဝါးတွေ အဓိကအရေးပေါ် လိုအပ်နေတယ်လို့ သိရပါတယ် ။

Photo: Myanmar Fire Services

မြန်မာနိုင်ငံမှာ စက်တင်ဘာလ ၁၁ ရက်ကစပြီး ရေကြီးနစ်မြုပ်မှုကိုခံစားနေရတာဖြစ်ပြီး လက်ရှိအထိလည်း ရွာလုံးကျွတ်ရေနစ်မြုပ်တာတွေ ရှိနေတဲ့အပြင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲ၊ ကယ်ဆယ်ရေး အင်အားမလုံလောက်ခြင်း ၊ကယ်ဆယ်ရေးလှေမလုံလောက်ခြင်းတွေကြောင့် ကယ်ဆယ်ရေးတွေသွားရောက် နိုင်ခြင်းမရှိတဲ့ နေရာတွေလည်းအများအပြားရှိနေပါတယ်။
 
ဒါကြောင့် လက်ရှိရေနစ်မြုပ်ပြီး ကယ်ဆယ်ရေးမရောက်တဲ့ ကျေးရွာတွေ အပါအဝင် ရေဘေးသင့်ကယ်ဆယ်ရေးစခန်းတွေ၊ရေဘေးသင့်တွေ ခိုလှုံနေတဲ့ ဘုန်းတော်ကြီးကျောင်း စတဲ့ရေဘေးသင့်ပြည်သူတွေအတွက် အစားအစာတွေ၊ဆေးဝါးတွေနဲ့သောက်ရေသန့်တွေ အဓိကအများအပြား လိုအပ်နေတာဖြစ် တယ်လို့သိရပါတယ်။
 
“ရေစီးတအားသန်လို့ လှေတစင်းတည်းသွားမရတဲ့ရွာတွေရှိနေတယ်။ကယ်ဆယ်ရေးအင်အားမလောက်လို့ နေရာအစုံမရောက်နိုင်တာတွေလည်းရှိနေတယ်။ရေစီးသန်တဲ့ဘက်ဆို လှေတွေစုပြီးသွားရတာရှိတယ်။ရေပြင်အလယ်စက်ပျက်တာဘာညာကလည်းရှိနိုင်တယ်လေ။အဓိက အစားအစာတွေလိုတယ်။ဆေးဝါးတွေလိုတယ်။သောက်ရေသန့်ရောပေါ့။အစားအစာဆို ချက်စားဖို့ကလည်း မလွယ်တော့ အသင့်စားအစားအစာရော ဆန်ရောလိုတယ်။သောက်ရေသန့်ကတော့ပိုလိုတယ်။သွားလာဖို့မလွယ်တဲ့နေရာတွေဆို အလှူရှင်တွေအရောက်နည်းတယ်။တချို့ဆိုစားစရာတွေပြတ်ကုန်ပြီ” လို့ ကယ်ဆယ်ရေးလုပ်နေသူတစ်ဦးကပြောပါတယ်။
 
ရေဘေးသင့်ဒဏ်ခံ ပြည်သူတွေအတွက် လိုအပ်တဲ့ဆေးဝါးတွေက ဖျားနာကိုက်ခဲခြင်းအတွက် သက်သာစေနိုင်မယ့် ဒီဂိုဂျင် ၊ ပါရာစီတမော့ ဆေးဝါးတွေအပြင် ဓာတ်ဆား၊ ကလေးငယ်တွေအတွက်အဖျားပြတ်ဆေး၊ အရေပြားရောဂါအတွက်လိမ်းဆေးတွေ၊ ဆေးစွဲသောက်နေရတဲ့ နာတာရှည်ရောဂါခံစားနေရသူတွေအတွက် ဆေးဝါးတွေ၊ TB ဆေးဝါးတွေ စသဖြင့် ဆေးဝါးအများအပြားလိုအပ်နေတာဖြစ်တယ်လို့သိရပါတယ်။
 
ဒါအပြင် ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူတွေ အတွက်လည်း လိမ်းဆေးအပါ အခြား ဆေးဝါးတွေလိုအပ်သလို ပိုးသတ်ဆေးတွေလည်း လိုအပ်နေတာဖြစ် ​တယ်လို့ သိရပါတယ် ။
 
“ရေနစ်လို့ အရေးပေါ်ထွက်ခဲ့ရတာကများတယ်ဆိုတော့ အစားအစာ၊ဆေးဝါး ယူနိုင်သူမရှိဘူး။ အဝတ်တထည်နဲ့ပြေးရသူတွေလည်းရှိတယ်။ ရေဘေးရှောင်တွေထဲမှာ ဆီးချိုသမားတွေရှိမယ်။ တခြားနာတာရှည်ဆေးပုံမှန်သောက်ရသူတွေရှိတယ်။ခုတခါရေကြီးမှုကနေရာတိုင်းမှာအချိန်တိုအတွင်းအတက်ကြမ်းတော့အကုန်ဒုက္ခရောက်တယ်။စုပြုံဖြစ်တော့ ကယ်ဆယ်ရေးတွေမနိုင်၊ အစားသောက်တွေလိုပေါ့။ဆေးဝါးလှူသူပိုလိုအပ်တယ်။ခုထိကို ရွာတွေပိတ်မိလို့ ကယ်ဆယ်ရေးလုပ်ရတုန်းပဲ” လို့ ရေတာရှည်မြို့နယ် ရေဘေးကယ်ဆယ်ရေးလုပ်နေသူတစ်ဦးကပြောပါတယ်။
 
ရေဘေးသင့် ပြည်သူတွေထဲမှာ မီးဖွားပြီးစ မိခင်တွေနဲ့  မွေးကင်းစကလေးငယ်တွေ ၊ ကိုယ်ဝန်ဆောင်တွေ၊ နာတာရှည်ရောဂါဝေဒနါသည်  သက်ကြီးရွယ်အိုတွေ၊ ဖျားနာနေသူတွေ၊ အာရုံကြောဆေးသောက်နေရသူတွေ ၊ကျောက်ကပ်သမား ၊ အသည်းရောဂါ စသဖြင့် လူပေါင်းစုံရှိနေတာဖြစ်တယ်လို့သိရပါတယ်။
 
ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေကြီးနစ်မြုပ်မှုမှာ  ပြည်သူသိန်းနဲ့ချီပြီး ရေဘေးသင့်ဒဏ်ခံစားနေကြရတာဖြစ်လို့ အစားအစာ ၊ ေသာက်ရေသန့်နဲ့ဆေးဝါး လိုအပ်ချက်ကလည်း များပြားတာဖြစ်ကြောင်း ကယ်ဆယ်ရေးမရောက်တဲ့ရွာတွေမှာဆိုရင် အစားအစာအပါအဝင် အားလုံးပြတ်တောက်နေတာမျိုးပင်ရှိနေတာဖြစ်တယ်လို့သိရပါတယ်။
 
“စားစရာတွေလိုပါတယ်။ကျွန်မတို့နေရာက သွားလာရခက်တော့ ကယ်ဆယ် ရေးတွေကလည်း တဖွဲ့ပဲရောက်သေးတယ်။စားစရာနဲ့ရေသန့်တော့လှူသွားတယ်။ဒါပေမယ့် မလုံလောက်ဘူး။နေမကောင်းရင်တောင်သောက်စရာဆေးမရှိဘူး။အခုဒီမှာက လူ၆၀၀ ကျော်လောက်ရှိတယ်။” လို့ ရမည်းသင်းမြို့နယ်မှ ရေဘေးသင့်ပြည်သူ မတင်မာဆွေကပြောပါတယ်။
 
ရေဘေးသင့်ပြည်သူတွေထဲမှာ အမျိုးသမီးတွေလည်းရှိတာကြောင့် အမျိုးသမီးလစဥ်သုံး ပစ္စည်းတွေလည်း လိုအပ်တယ်လို့သိရပါတယ် ။
 
ရေကျသွားတဲ့ ဒေသတွေမှာလည်း ပြန်လည်ထူထောင်ရေးတွေလုပ်ဖို့အတွက် အိမ်ဆောက်ပစ္စည်း တွေ၊ အိုးခွက်ပန်းကန်တွေ၊ အဝတ်အထည်တွေ၊အမိုးအကာ၊ခြင်ထောင်တွေ လည်းလိုအပ်နေပါတယ်။
 
ရေကြီးရေလျှံမှုဖြစ်ပွားပြီးနောက် မသန့်ရှင်းတဲ့ရေတွေကြောင့် နောက်ဆက်တွဲရောဂါအနေနဲ့လည်း  အူရောင်ငန်းဖျား ၊ ငှက်ဖျား ၊သွေးလွန်တုပ်ကွေး၊ဝမ်းပျက်ဝမ်းလျှောရောဂါ နဲ့အရေပြားရောဂါတွေဖြစ်ပွားနိုင်တဲ့အတွက်လည်း အဆိုပါရောဂါတွေအတွက် ဆေးဝါးတွေ ကြိုတင်ပြင်ဆင်ထားဖို့လည်းလိုအပ်တယ်လို့ ဆရာဝန်တွေက သတိပေးထားပါတယ်။ 
 
ဒါကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားတဲ့ဒေသက  ရေဘေးသင့်ပြည်သူတွေအတွက် အစားအသောက်အပြင် သောက်ရေသန့်နဲ့  ဆေးဝါးတွေအဓိကလိုအပ်သလို  နဲ့ ရောဂါဖြစ်ပွားလာပါကလည်း  ထိရောက်တဲ့ကုသမှုအပြင်  ကျန်းမာရေးစောင့်ရှောက်မှုတွေပေးဖို့လိုအပ်နေပါတယ်။
 
လက်ရှိမှာတော့  အစိုးရဘက်က ရေဘေးသင့်ဒေသတွေအနက်  နေပြည်တော်ကောင်စီနယ်မြေထဲက  တပ်ကုန်းမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ်အတွင်းက   ရေဘေးရှောင်စခန်းတွေမှာသာ  ဆရာဝန် ၂၁ ဦး၊ အခြေခံကျန်းမာရေးဝန်ထမ်း ၁၂၇ ဦးတို့ဖြင့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးနေတာရှိပါတယ်။
 
ကျန်တဲ့ ရေဘေးသင့်ပြည်သူတွေရှိရာစစ်ဘေးရှောင်စခန်း နဲ့ခိုလှုံရာတွေအပြင် ရွာတွေမှာတော့ ကျန်းမာရေးကဏ္ဍအတွက်နေပြည်တော်ကဲ့သို့ စီစဥ်ပေးတာမျိုးမရှိသေးဘူးလို့သိရပါတယ်။
 
ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေကြီးနစ်မြုပ်မှုဒဏ်ကိုတော့   ရှမ်းပြည်နယ်၊ ပဲခူးတိုင်း ၊မန္တလေးတိုင်း၊ နေပြည်တော် တို့က အဆိုးရွားဆုံးခံစားခံရ ပြီး ဧရာဝတီ တိုင်း၊ကရင်ပြည်နယ်၊ကယားပြည်နယ်၊စစ်ကိုင်းတိုင်း ၊ ရန်ကုန်တိုင်းထဲမှာလည်း ရေကြီးမှုတွေခံနေကြ ရတာဖြစ် ပါတယ်။
 
ရေကြီးနစ်မြုပ်မှု ကြောင့် လူပေါင်းရာချီသေဆုံးခဲ့ရသလို ရေစီးနဲ့အတူမျောပါပျောက်ဆုံးသူ၊မြေပြိုပြီး ပျောက်ဆုံးသူတွေလည်းအများအပြားရှိတဲ့အပြင် ရွာလုံးကျွတ်နေအိမ်တွေရေစီးနဲ့မျောပါ ပျက်စီးတာတွေလည်းရှိနေပါတယ်။

သတင်းရေးသားပေးပို့သူ = ချစ်ခွန်းချို

တည်းဖြတ်- MyanHealth’s Editorial team

သတင်းရေးသားသူသည် ၂၀၁၂ မှ စတင်ပြီး သတင်းလုပ်ငန်းများကို လုပ်ကိုင်နေသည့် ဂျာနယ်လစ်တစ်ဦးဖြစ်သည်။တိုင်းရင်းသားရေးရာများ၊စိုက်ပျိုးစီးပွားသတင်းများ၊လူမှုဘဝ နှင့် ယဥ်ကျေးမှု ဆိုင်ရာ ဆောင်းပါးများကိုအဓိကထားရေးသားလျက်ရှိသည်။

ဒီအကြောင်းအရာကို မျှဝေပါ

သတင်း
ဆောင်းပါး နှင့် အထူးကဏ္ဍ