ရေးသူ – Hard News

ဧပြီလ ပထမဆယ်ရက်အတွင်း မြန်မာနိုင်ငံအနှံ့အပြားတွင် အပူချိန်များ မြင့်တက်လာမည်ဟု ခန့်မှန်းထားပြီး ဒေသအလိုက် ကွာခြားမှုများလည်း ရှိနေပါသည်။ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် ၇၃°F မှ ၈၄°F (ခန့်မှန်းအားဖြင့် ၂၃°C မှ ၂၉°C) အတွင်းရှိနိုင်ပြီး အပူချိန်သင့်တင့်သောအဆင့်တွင်သာ ရှိနေမည်ဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီး (အထက်ပိုင်း)၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်းနှင့် မြောက်ပိုင်း)တို့တွင်တော့ ၈၅°F မှ ၉၆°F (၂၉°C မှ ၃၆°C) အတွင်းထိ ရောက်ရှိနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ပါသည်။
တစ်ဖက်တွင် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး (အောက်ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ၉၇°F မှ ၁၀၇°F (၃၆°C မှ ၄၂°C) အထိ မြင့်တက်နိုင်ပြီး အပူပြင်းထန်သည့်အဆင့်သို့ ရောက်ရှိနိုင်ဟုလည်းထုတ်ပြန်သည်။
ဤကဲ့သို့ အပူချိန်မြင့်တက်မှုများသည် လူ့ခန္ဓာကိုယ်ကျန်းမာရေးအပေါ် သက်ရောက်မှုများ ရှိနိုင်ပါသည်။ အထူးသဖြင့် အပူလွန်ကဲမှုကြောင့် ဖြစ်ပွားနိုင်သော Heat Exhaustion နှင့် Heat Stroke တို့သည် သတိထားရမည့် အခြေအနေများဖြစ်သည်။ ခန္ဓာကိုယ်တွင် ရေဓာတ်လျော့နည်းခြင်း (Dehydration) ဖြစ်ပေါ်လာနိုင်သဖြင့် နေ့စဉ် ရေများများ သောက်သုံးရန် လိုအပ်ပါသည်။
ထို့အပြင် နေပြင်းသော နေ့လယ်ပိုင်း (မနက် ၁၁ နာရီမှ မွန်းလွဲ ၃ နာရီအတွင်း) တွင် အပြင်ထွက်ခြင်းကို လျှော့ချရန်၊ လေဝင်လေထွက်ကောင်းသော အဝတ်အစားများ ဝတ်ဆင်ရန်နှင့် နေရောင်ကာ ကာကွယ်ရေး လုပ်ဆောင်ချက်များ ပြုလုပ်ရန် အရေးကြီးပါသည်။ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များနှင့် ရောဂါရှိသူများသည် ပိုမိုသတိထားရမည်ဖြစ်ပြီး အပူဒဏ်ခံနိုင်မှု နည်းပါးသောကြောင့် အပူသက်သာပြီးအရိပ်ရသည့်နေရာတွင် နေထိုင်ရန် ကျန်းမာရေးပညာရှင်များက အကြံပြုထားသည်။
အပူချိန်မြင့်မားသည့် ကာလအတွင်း မိမိ၏ ကျန်းမာရေးကို ကာကွယ်ထိန်းသိမ်းရန် အလွန်အရေးကြီးပါသည်။ အပူကြောင့်ဖြစ်ပေါ်နိုင်သော လက္ခဏာများ (ခေါင်းမူးခြင်း၊ ချွေးထွက်လွန်ခြင်း၊ နှလုံးခုန်မြန်ခြင်း) တွေ့ရှိပါက အနားယူခြင်းနှင့် လိုအပ်ပါက ဆေးဝါးကုသမှု ချက်ချင်းခံယူရန် လိုအပ်ကြောင်း သတိပေးအပ်ပါသည်။