နေပြည်တော်ကောင်စီ နယ်မြေမှာ ပုံမှန်ထက် အပူချိန်မြင့်တက်ကုန်တာကြောင့် ပျဉ်းမနားမြို့၊ ရန်အောင် (၂) လမ်းမှာ ရှိတဲ့ မင်္ဂလာကန်တော်ထဲ သဘာဝအတိုင်း မွေးမြူထားတဲ့ ငါးတွေဟာ မေ ၇ ရက် နေ့လယ်ပိုင်းကစလို့ အောက်ဆီဂျင် ပြတ်တောက်ပြီး သေဆုံးကုန်တယ်လို့ မြို့ခံတွေက MyanHealth ကို အတည်ပြု ပြောဆိုပါတယ်။
အဲဒီ မင်္ဂလာကန်တော်ဟာ ဆယ်ဧကနီးပါး ကျယ်ဝန်းပြီး ကန်ရေကိုတော့ သောက်သုံးရေအဖြစ် အသုံးပြုတာမျိုးတော့ မရှိသလို သေဆုံးသွားတဲ့ ငါးတွေကို ရှင်းလင်းပြီး ရေအရည်အသွေ’ ပြန်ပြီး စစ်ဆေးဖို့ကိုလည်း စီစဉ်နေတယ်လို့ သိရပါတယ်။
“နေပူချိန်အရမ်းများတော့ ရေတွေပူပြီး ငါးတွေ သေဆုံးကုန်တာ။ ရှိသမျှ ရေက အကုန်ပူနေတာဗျ။ ရေလည်း နည်းနေပြီဆိုတော့ ငါးတွေလည်း မခံနိုင်တော့ဘူးဖြစ်မယ်။ အခု ရေပေါ် ပေါ်လာတာ တော်တော်များတယ်။ အကောင်ရေ ထောင်ချီတယ်” လို့ ပျဥ်းမနားမြို့၊ ရန်အောင် (၂) ရပ်ကွက်မှာ နေထိုင်သူတစ်ဦးကလည်း သူ မြင်တွေ့ခဲ့တဲ့ မြင်ကွင်းကို ပြန်လည် ပြောပြပါတယ်။
နေပြည်တော်ကောင်စီနယ်မြေမှာ အခု ရက်ပိုင်းအတွင်း အပူချိန်မြင့်မားမှုကို သိသိသာသာ ခံစားနေကြရပြီး မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ မေ ၈ ရက် ညနေပိုင်း ထုတ်ပြန်ချက်အရ အပူချိန်ဟာ ၄၀ ဒီဂရီ ဆဲလ်စီးယပ်စ်အထိ ရှိပြီး နှစ်စဉ် မေလ ပျမ်းမျှအပူချိန်ထက် ၃ ကနေ ၄ ဒီဂရီဆဲလ်စီးယပ်အထဖိ မြင့်တက်မယ်လို့ သတိပေးထားပါတယ်။
ပျဉ်းမနားမြို့ဒေသခံတစ်ဦးက “ပူတာကလေ ဘယ်လိုမှကို မနေနိုင်တာ။ သစ်ပင်သစ်ရိပ်လည်း နည်းသွားတော့ တိုက်လာတဲ့ လေကကို ပူနေတာ။ မနက် ၁၁ နာရီလောက်တို မခံနိုင်အောင် စပူတာ။ ညနေအထိပဲ။ ညဆိုလည်း အိုက်လွန်းလို့ အိပ်မရတာမျိုးတွေ။ ကျန်းမာရေးအရ ဟိုတယ်မှာ သွားနေရသူတွေလည်းရှိတယ်” လို့ ဆိုပါတယ်။
နေပြည်တော်ကောင်စီထဲက တပ်ကုန်းမြို့မှာလည်း ဒီရက်ပိုင်း မိုးနည်းနည်းရွာပေမယ့် အပူချိန်မြင့်တက်တာကိုတော့ သိသိသာသာ ခံစားနေရဆဲ ဖြစ်ကြောင်းကို “မိုးရွာပြီးမှကို ပိုပူတာ။ မိုးဆက်ရွာပါစေ ဆုတောင်းနေရတာ။ ရာသီဥတုက အရင်ကလို မှန်းလို့ မရတော့ဘူး”လို့ မြို့ခံတစ်ဦးကပြောပါတယ်။
အပူချိန် မြင့်တက်မှုကြောင့် သေဆုံးခဲ့တဲ့ငါးတွေဟာ ပုပ်သိုးလွယ်ပြီး ရောဂါပိုးမွှား ပြန့်စေနိုင်တာမို့ အနီးအနားတစ်ဝိုက်က သူတွေ ကျန်းမာရေးအတွက် အလျင်အမြန်နဲ့ စနစ်တကျ ရှင်းလင်းဖို့ အရေးကြီးတယ်လို့ ကျန်းမာရေးဝန်ထမ်းတွေက သတိပေးထားပါတယ်။ သေဆုံးသွားတဲ့ ငါးတွေကို ရှင်းလင်းဖို့အတွက် ကိုင်တွယ်တဲ့အခါ ရော်ဘာလက်အိတ်နဲ့ လည်ရှည်ဖိနပ် ဝတ်ဆင်ဖို့၊ နှာခေါင်းစည်း (Mask) တပ်ဖို့၊ ငါးသေပုပ်တွေကို စွန့်ပစ်ရာမှာ နေအိမ်၊ ရေတွင်း၊ ရေကုန်တွေနဲ့ ဝေးတဲ့နေရာမှာ ကျင်းနက်နက်တူးပြီး မြှုပ်နှံဖို့ လိုတယ်လို့ နေပြည်တော်က အထွေထွေရောဂါကုဆရာဝန်တစ်ဦးက ဆိုပါတယ်။ ဒါ့အပြင် ငါးသေတွေဟာ အဆိပ်အတောက်ဖြစ်တာမို့ လုံးဝမစားမိကြဖို့နဲ့ တိရစ္ဆာန်တွေကိုလည်း ကျွေးတာမျိုး မလုပ်သင့်ဘူးလို့ သူက သတိပေးပါတယ်။
အပူချိန်မြင့်နေတဲ့ နေပြည်တော်မှာ မိုးရွာမှုတွေရှိပေမယ့် မေ ၁၀ ရက်အထိ အပူချိန်မြင့်မားနိုင်တယ်လို့လည်း မိုး/ဇလက သတင်းထုတ်ပြန်ထားပါသေးတယ်။ အပူချိန်မြင့်တက်မှုကြောင့် သဘာဝအတိုင်း မွေးထားတဲ့ ငါးတွေ သေဆုံးခဲ့သလို ဒေသခံတွေအနေနဲ့လည်း အပူချိန်မြင့်တက်တာရဲ့ နောက်ဆက်တွဲ ကျန်းမာရေးအန္တရာယ်ကို သတိထားကြဖို့ ကျန်းမာရေးဝန်ထမ်းတွေက ထပ်ပြီး သတိပေးထားပါတယ်။ အထူးသဖြင့် သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ၊ နာတာရှည်ရောဂါရှိသူတွေနဲ့ ဆီးချို၊ နှလုံး၊ သွေးတိုးရောဂါ အခံရှိသူတွေ၊ စိတ်ကျန်းမာရေး ချို့ယွင်းနေသူတွေ၊ နေပူထဲ အလုပ်လုပ်ရတဲ့ ကာယလုပ်သားနဲ့ အားကစားသမားတွေ၊ အဝလွန်သူတွေ၊ အရက်နဲ့ မူးယစ်ဆေးသုံးစွဲသူတွေဟာ အပူဒဏ်ကို အထူးဂရုစိုက်ကြဖို့လည်း ကျန်း မာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
” အပူဒဏ်နဲ့ ဆက်စပ်တဲ့ လူနာတွေ ဒီနောက်ပိုင်း အတွေ့ရများပါတယ်။ အပူရှပ်တဲ့ လက္ခဏာ (Heat Stroke) ပေါ့။ သေဆုံးတယ်ထိတော့ မကြားသေးဘူး။ ဒါပေမဲ့ အခုလက်ရှိ အပူချိန်က ပုံမှန်ထက်ကို များနေတယ်ဆိုတော့ ကလေးတွေနဲ့ အသက်ကြီးတဲ့သူတွေအတွက် ကျန်းမာရေးဆိုင်ရာ ဂရုစိုက်မှုတွေ လိုအပ်တယ်” လို့ နေပြည်တော်မှာ တာဝန်ကျနေတဲ့ အထွေထွေရောဂါကုဆရာဝန်တစ်ဦးက ပြောပါတယ်။
Heat Stroke ဖြစ်တာဟာ ခန္ဓာကိုယ်ထဲက ရေနဲ့ ဆားဓာတ် ဆုံးရှုံးမှိုကိုဖြစ်ပြီး ပြင်းထန်ရင် အချိန်မရွေး သတိလစ်နိုင်သလို အသက်အန္တရာယ် ဆုံးရှုံးစေတဲ့အထိ အန္တရာယ် ရှိပါတယ်။ ပြီးခဲ့တဲ့ မတ်နဲ့ ဧပြီလက ဆိုရင် ရန်ကုန်၊ မကွေးနဲ့ စစ်ကိုင်းတိုင်းတွေမှာ အပူချိန်မြင့်တက်မှုကြောင့် လူသေဆုံးရမှုတွေအထိ ရှိထားပါတယ်။
ပုံမှန်ထက် အပူချိန်မြင့်တက်မှုဟာ ပတ်ဝန်းကျင်နဲ့ လုပ်ငန်းခွင်ဆိုင်ရာ ကျန်းမာရေးအတွက် အရေးကြီးတဲ့ ဘေးအန္တရာတစ်ခုဖြစ်ပြီး အပူကြောင့်ဖြစ်တဲ့ စိတ်ဖိစီးမှုကတဆင့် နှလုံးသွေးကြောဆိုင်ရာရောဂါ၊ ဆီးချို၊ ပန်းနာရင်ကျပ်၊ စိတ်ကျန်းမာရေး စတဲ့ ရောဂါရှိသူတွေအတွက် ပိုပြီး ဆိုးရွားစေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြီးခဲ့တဲ့ ဧပြီလတုန်းက သတိပေးထားပါတယ်။ ဒီလို အပူချိန်မြင့်တက်မှုဟာ ကူးစက်ရောဂါ ပြန့်ပွားမှဒကို မြင့်တက်စေသလို သေဆုံးမှုနှုန်း မြင့်မားနိုင်တဲ့ ဆေးဘက်ဆိုင်ရာ အရေးပေါ်အခြေအနေတစ်ခုလို့ WHO က ဆိုထားပြီး ကမ္ဘာ့ဒေသအားလုံးမှာ အလွန်အမင်း ပူပြင်းတဲ့ဒဏ်ကို ရင်ဆိုင်ရသူ အရေအတွက် တတိုးနေပြီး အသက် ၆၅ နှစ်နဲ့အထက် သေဆုံးမှုဟာလည်း မြင့်တက်နေတယ်လို့ WHO က ထုတ်ပြန်ထားပါတယ်။
လက်ရှိကာလဟာ နွေရာသီကနေ မိုးရာသီအကူးကာလဖြစ်ပြီး အပူချိန်မြင့်တက်နေမှုနဲ့အတူ လေထုထဲက ရေခိုးရေငွေတွေကလည်း အပူချိန်ကို ပိုမိုမြင့်တက်စေတာဖြစ်ကြောင်း “လေတိုက်ရင် နည်းနည်းတော်တယ်။ လေမတိုက်ဘဲနဲ့ ငြိမ်နေရင် အပူချိန်က အရမ်းမြင့်လာတယ်။ ၄၀ ဒီဂရီဆဲလ်စီးယပ်ဆိုတာက တော်ရုံတန်ရုံကျန်းမာတဲ့သူတွေတောင် သတိထားရတယ်” လို့ ရာသီဥတုအရေး လေ့လာသူ ဦးဝင်းနိုင်က MyanHealth ကို ပြောပါတယ်။
အပူချိန်ကြေင့် ကျန်းမာရေး မထိခိုက်အောင်ဆိုရင် ရေများများ သောက်ဖို့လိုပြီး နေပူချိန်အမြင့်ဆုံးဖြစ်တဲ့ နေ့ လယ် ၁၂ နာရီကနေ ညနေ ၄ နာရီအထိ အပြင်ထွက်တာမျိုး ရှောင်ကာ လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ကြဖို့ လိုပါတယ်။ လိုအပ်လို့ အပြင်ထွက်ရရင်လည်း ထီးနဲ့ ဦးထုပ်လို အကာအကွယ် ယူဖို့လိုသလို မကြာခဏဆိုသလို အရိပ်ရတဲ့ နေရာတွေမှာ အနားယူပေးဖို့ လိုအပ်တယ်လို့ ကျန်းမာရေးဝန်ထမ်းတွေက အကြံပြုထားပါတယ်။
အပူဒဏ်ကြောင့် သတိလစ်တဲ့အထိ ခံစားရတဲ့ လူနာတွေအတွက် အရေးပေါ် ရှေးဦးပြုစုကုသနည်းတွေကိုလည်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားကာ လူနာကို အရိပ်ရပြီး အေးတဲ့ နေရာကို ရွေ့ထားဖို့၊ ပန်ကာ သို့မဟုတ် လေအေးပေးစက် ဖွင့်ထားပေးဖို့ လိုပြီး ဒီအရာတွေ မရှိရင် ယပ်ခတ်ပေးတာမျိုး လုပ်ပေးဖို့ လိုပါတယ်။ လူနာကို ပက်လက်အနေအထားနဲ့ ထားပြီး ခြေထောက်အောက်ပိုင်းကို မြှင့်ထားပေးဖို့၊ လူနာရဲ့ အဝတ်အ စားတွေကို ဖယ်ရှားပြီး လည်ပင်း၊ ချိုင်းနှစ်ဖက်နဲ့ ပေါင်ခြံနှစ်ဖက်ကို ရေပတ်တိုက်ပေးဖို့ လိုပါတယ်။ လူနာက သတိရလာပြီဆိုရင်တော့ ရေအေးအေး ဒါမှမဟုတ် ဓာတ်ဆားရည်တိုက်တာမျိုး လုပ်ပေးဖို့ လိုအပ်ပါတယ်။