ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သည် Hantavirus ကူးစက်ခံရသူ နောက်ထပ်တစ်ဦးကို အတည်ပြုလိုက်ပြီဖြစ်သည်။ အဆိုပါဗိုင်းရပ်စ်ကို သင်္ဘောပေါ်မှ ဆင်းလာသည့် ပြင်သစ်နိုင်ငံသူ ခရီးသည်တစ်ဦးထံတွင် စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း WHO က ထုတ်ပြန်ခဲ့သည်။
ရောဂါပိုးတွေ့ရှိသူ အမျိုးသမီးကို ပဲရစ်မြို့သို့ ရောက်ရှိလာသည်နှင့် ချက်ချင်း သီးခြားခွဲထား (Isolation) လိုက်ပြီဖြစ်သည်။ အမေရိကန်နိုင်ငံသား ခရီးသည်တစ်ဦးတွင်လည်း ပိုးတွေ့ရှိကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း WHO က အတည်မပြုသေးပေ။
ထိုအမျိုးသား၏ ဓာတ်ခွဲခန်းစစ်ဆေးချက်မှာ တိကျမှုမရှိသေး ကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ရှင်းလင်းပြောကြားခဲ့သည်။ တစ်ချိန်တည်းမှာပင် စပိန်ကျန်းမာရေးဝန်ကြီးဌာနကလည်း စောင့်ကြည့်လူနာအဖြစ် သီးခြားခွဲထားသည့် စပိန်နိုင်ငံသား ခရီးသည်တစ်ဦးတွင် ဗိုင်းရပ်စ်ပိုး တွေ့ရှိကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ဟန်တာဗိုင်းရပ်စ်ကူးစက်မှုသည် MV Hondius အမည်ရှိ ဒတ်ခ်ျ (Dutch) အပျော်စီးသင်္ဘောက စတင်ခဲ့သည်။ ဧပြီလအတွင်း အာဂျင်တီးနားနိုင်ငံမှ ထွက်ခွာလာပြီးတဲ့နောက် သင်္ဘောပေါ်တွင် ရောဂါလက္ခဏာတွေ စတင်တွေ့ရှိခဲ့သည်။
ဟန်တာဗိုင်းရပ်စ်-Hantavirus သည် ကြွက်များ၏ ဆီး၊ မစင်နှင့် တံတွေးတို့မှတဆင့် စတင်ပြန့်ပွားတတ်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်သည်။ ရောဂါလက္ခဏာများမှာ ဖျားခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ အစာအိမ်ပြဿနာနှင့် အသက်ရှူရခက်ခဲခြင်းတို့ ဖြစ်ပြီး ပြင်းထန်ပါက အသက်သေဆုံးနိုင်သည်။ လက်ရှိအချိန်အထိ အဆိုပါရောဂါအတွက် ကာ ကွယ်ဆေးနှင့် ကုသဆေး မရှိသေးဘဲ ဝေဒနာသက်သာအောင်သာ ပြုစုကုသပေးနိုင်ကြောင်း သိရှိရသည်။
လက်ရှိဖြစ်ပွားနေသော Hantavirus မျိုးစိတ်သည် အာဂျင်တီးနားတွင် အတွေ့ရများသော Andes Strain ဖြစ်ပြီး တခြား Hantavirus များနှင့်မတူသည့်အချက်မှာ လူတစ်ဦးကနေ တစ်ဦးကို ကူးစက်နိုင်စွမ်းရှိ၍ ကျန်းမာရေးအဖွဲ့အစည်းများနှင့် အစိုးရများအနေဖြင့် သတိထားကိုင်တွယ်နေကြရပါသည်။
နောက်ဆုံးရသတင်းများအရ သင်္ဘောပေါ်မှနေရပ်ပြန်ကြသည့် ခရီးသည်များအနက်မှ အတည်ပြုလူနာ (၁၁) ဦးအထိ ရှိလာပြီး သေဆုံးသူ (၃) ဦး ရှိကြောင်း WHOကဆိုသည်။သို့သော် WHO နှင့်ဥရောပရောဂါထိန်းချုပ်ရေးဗဟို (ECDC) တို့ အဆိုအရ ဟန်တာဗိုင်းရပ်စ်သည် COVID-19 ကဲ့သို့ အစုလိုက်အပြုံလိုက် ကူးစက်နိုင်ခြေ (Risk) အလွန်နည်းပါးကြောင်း သိရသည်။
Ref: The Colorodo Sun
Photo -AP