Skip to content
Ads Advertisement

တကျော့ပြန် စပ်ဆေးအန္တရာယ်

​”ကိုယ်တွေလက်တွေ ကိုက်ခဲနေလို့ ဆေးလေးပေးပါဦး”

​ဒီအသံကတော့ မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ ဆေးအရောင်းဆိုင်တစ်ဆိုင်မှာ လူတစ်ဦး ဆေးဝယ်နေတဲ့ အသံပဲ ဖြစ်ပါတယ်။ သူ ပြောပြီးတဲ့နောက်မှာတော့ ဆေးဆိုင်ပိုင်ရှင်က ဖြစ်နေတဲ့ ရောဂါလက္ခဏာတွေကို မေးမြန်းပြီး ဆေးငါးလုံးခန့်ကို တစ်ရက်စာ ပေးလိုက်ပါတယ်။

​”သုံးရက်စာ ပေးလိုက်မယ်။ တစ်ရက် သုံးကြိမ် သောက်ရမှာ” လို့ ပြောပြီး ဆေးဆိုင်ပိုင်ရှင်က ဆေးတွေကို အိတ်ထဲ ထည့်ပြီး မှာကြားနေပါတယ်။

​ဆေးထုတ်တွေကို တစ်ခါသောက်စာ ထည့်ပေးအပြီးမှာတော့ ဆေးမှာတဲ့သူက ၁,၀၀၀ ကျပ်တန် ငါးရွက်ကို ဆေးဆိုင်ပိုင်ရှင်ကို ပေးလိုက်ပါတယ်။

​အဲဒီ မြင်ကွင်းကတော့ မြောက်ဒဂုံမြို့နယ်ထဲမှာရှိတဲ့ ဆေးဆိုင်တစ်ဆိုင်မှာ ကိုယ်လက်ကိုက်ခဲနေတဲ့သူတစ်ဦးကို ဆေးဆိုင်ပိုင်ရှင်က ဆေးဝါးပေးနေတာပဲ ဖြစ်ပါတယ်။ ဆရာဝန်တွေလို နားကြပ်နဲ့ စမ်းသပ်တာတို့၊ အဖျားတိုင်းတာတို့ လုံးဝမရှိဘဲ လူနာရဲ့ ဖြစ်တဲ့အခြေအနေကို မေးမြန်းပြီး ဆေးဝါးရောင်းချနေတာပါ။

​ဆေးဝါးဈေးနှုန်းတွေ ကြီးမြင့်လာမှု၊ ဆရာဝန်စမ်းသပ်ခတွေ ကြီးမြင့်လာပြီးနောက်ပိုင်းမှာတော့ ရောဂါဖြစ်လာပြီဆိုရင် အခြေခံလူတန်းစားတွေအတွက် အားထားရာတစ်ခုဖြစ်လာတာက ဆေးအရောင်းဆိုင်တွေက ရောင်းချနေတဲ့ “စပ်ဆေး” ပဲ ဖြစ်ပါတယ်။

​”စပ်ဆေး” ဆိုတာကတော့ လူတစ်ယောက် ဖျားတာ၊ နာတာ၊ ကိုက်ခဲတာ ဖြစ်ပြီဆိုရင် ဆေးဝါးလေး၊ ငါးမျိုးကို ဆေးအရောင်းဆိုင်တချို့က ရောနှောပြီးတော့ ရောင်းချနေတာပါ။ စပ်ဆေးကို ပေးတဲ့သူတွေက ဆရာဝန်တွေလည်း မဟုတ်သလို ဆေးဝါးကျွမ်းကျင်အဆင့်မှာ ရှိနေတဲ့သူတွေလည်း မဟုတ်ပါဘူး။

​”ဒီဆေးတွေက တစ်ခါသောက်လိုက်ရင် သိသာတယ်ဗျ။ တစ်ခွက်လောက်ဆို လူက လန်းဆန်းသွား ရောပဲ” လို့ စပ်ဆေးသောက်သုံးသူတစ်ဦးက MyanHealth ကို ပြောပါတယ်။

​နေမကောင်းဖြစ်ပြီဆိုရင် လက်ရှိအချိန်မှာ ဆေးခန်းသွားပြဖို့ ငွေကြေးလုံလောက်မှု မရှိတဲ့ အခြေခံလူတန်းစားတွေအတွက်ကတော့ စပ်ဆေးဆိုတဲ့အရာက အားထားရာတစ်ခုလည်း ဖြစ်နေပါတယ်။

​”ဆေးခန်းပြဖို့ဆိုတာက အခုချိန်မှာ တစ်သောင်းခွဲလောက် ကုန်တယ်။ တစ်သောင်းခွဲဆိုတာက ကျွန် တော်တို့အတွက်ဆို Daily ကြေး တစ်ဝက်စာလောက် ရှိတယ်။ ဆေးခန်းပြဖို့ဆို ဘယ်လိုမှ မလောက်ဘူး။ ဆေးခန်းပြပြီးရင် ဘာနဲ့သွားစားမလဲ” လို့ အရှေ့ဒဂုံမြို့နယ်မှာ နေထိုင်တဲ့ ပန်းရံလုပ်ငန်းလုပ်ကိုင်သူ ကိုထွန်းထွန်းအောင်က ဆိုပါတယ်။

​အခြေခံလူတန်းစားအများစုနေထိုင်တဲ့ မြို့နယ်တွေဖြစ်တဲ့ အရှေ့ဒဂုံ၊ လှိုင်သာယာ၊ သန်လျင်၊ အင်းစိန်၊ ရွှေပြည်သာ၊ ကျောက်တန်း အစရှိတဲ့မြို့နယ်တွေမှာတော့ စပ်ဆေးဆိုတာကတော့ အခြေခံလူတန်းစားတွေ အတွက် အားကိုးနေရတဲ့ ဆေးဝါးအမျိုးအစားပဲ ဖြစ်ပါတယ်။

​”တချို့က ဆေးဝါးသင်တန်းဆင်းပြီး ဆေးဆိုင်ဖွင့်ကြတာ။ တချို့ကကျတော့ ဆေးဆိုင်မှာ အကူ လုပ်ရင်းနဲ့ လုပ်သက်လေးရလာတော့ ဆေးဆိုင်ဖွင့်ကြတာ။ တချို့ကျတော့လည်း ဆရာဝန်တွေပေးတာကို မှတ်ထားပြီး ဆေးဆိုင်ဖွင့်တော့ စပ်ဆေးဆိုပြီး ရောင်းကြတာ။ စပ်ဆေးက အလွယ်ခေါ်တာပေါ့။ ဆေးဆိုင် တော်တော်များများ အခု အဲဒီလို ရောင်းနေကြတာ တော်တော်များတယ်။ ကျွန်တော်တို့ ဆိုင်ကတော့ မရောင်းဘူး။ ဆိုင်းဘုတ်တောင် ချိတ်ထားတယ်” လို့ သာကေတမြို့နယ်မှာရှိတဲ့ ဆေးဆိုင်တစ်ဆိုင်က ပြောပါတယ်။

စပ်ဆေးရောင်းချတာဟာ တရားမဝင်ပေမယ့် ငွေကြေးမပြည့်စုံတဲ့သူတွေ၊ ဆေးဖိုးဝါးခ မတတ်နိုင်တဲ့ သူတွေအတွက်ကတော့ ဆေးဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူသောက်သုံးနေကြတဲ့ ဆေးဝါးတွေပဲ ဖြစ်ပါ တယ်။

လက်ရှိအချိန်က မိုးရာသီကို ရောက်ရှိလာပြီဖြစ်တဲ့အတွက်ကြောင့် ရာသီတုပ်ကွေးလို ရောဂါမျိုးတွေက စတင်ဖြစ်ပွားလာပြီ ဖြစ်ပါတယ်။ ရာသီတုပ်ကွေး ကာကွယ်ဆေးထိုးမယ်ဆိုရင် ဆေးဖိုး အနည်းဆုံး ကျပ် ငါးသောင်းလောက် ကုန်ကျမယ့်အခြေအနေမှာ ရှိတဲ့အတွက်ကြောင့် လက်ရှိအခြေအနေတွေမှာဆိုရင် လူတော်တော်များများ ထိုးနှံနိုင်ခြင်း မရှိကြပါဘူး။

ရာသီတုပ်ကွေးကာကွယ်ဆေး မထိုးနိုင်တဲ့အတွက်ကြောင့် အခုလိုအချိန် ဖျားနာတာတွေဖြစ်လာတဲ့အချိန်မှာ ဆေးရုံဆေးခန်းတွေကို သွားရောက်ကုသခြင်းမရှိဘဲနဲ့ ဆေးဆိုင်တွေမှာ စပ်ဆေးတွေနဲ့ အလွယ် တကူ ဝယ်ယူသောက်သုံးနေကြတာဖြစ်ပါတယ်။

အင်္ဂလိပ်ဆေးဝါးတွေဟာ ဓာတုပစ္စည်းအချိုးအဆတွေ အတိအကျနဲ့ ဖော်စပ်ထားတာဖြစ်လို့ ဆေးတွေကို မကျွမ်းကျင်ဘဲ ရောစပ်ရောင်းချနေတာ၊ ဝယ်ယူသောက်သုံးနေကြတာဟာ ဘေးထွက်ဆိုးကျိုးများစွာကို လက်ယက်ခေါ်နေသလိုမျိုး ဖြစ်နေတယ်လို့ ကျွမ်းကျင်သူတွေက သတိပေးကြပါတယ်။

​”ရောဂါ မြန်မြန်ပျောက်တယ်။ ငွေရေးကြေးရေးလည်း အကုန်အကျသက်သာတယ်။ တစ်ခွက် သောက်ပြီး ပျောက်တယ်ဆိုပေမယ့် နောက်ဆုံးမှာတော့ ဒါတွေက ခဏတာတော့ သက်သာပေမယ့် ရေရှည်မှာ သောက်သုံးသူရဲ့ ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်နိုင်တယ်။ အသက်အန္တရာယ်တောင် ရှိတယ်” လို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာ) ဒေါက်တာ သန်းနိုင်စိုးက MyanHealth ကို ပြောပါတယ်။​

ဆရာဝန်နဲ့ စနစ်တကျ စစ်ဆေးစမ်းသပ်တာ မဟုတ်ဘဲနဲ့ ဖြစ်တဲ့ရောဂါကို ပြောပြပြီး ဆေးဆိုင်တွေမှာ စပ်ဆေး ဝယ်ယူသောက်သုံးတာတွေကတော့ ရေရှည်မှာ အသည်း၊ ကျောက်ကပ် အစရှိတဲ့ ရောဂါတွေ ဖြစ်ပွားနိုင်ပါတယ်။

​”ရက်လွန်နေတဲ့ ဆေးဝါးတွေဖြစ်နိုင်တယ်။ သက်တမ်းရှိတဲ့ ဆေးလား၊ သက်တမ်းကုန်တဲ့ ဆေးလား ပေါ့။ အဲဒီ ဆေး(စပ်ဆေး) အများစုက အလုံးပြေနေတဲ့ဟာတွေ ဖြစ်နေတာပေါ့။ အလုံးပြေနေတဲ့ဟာကျတော့ သက်တမ်းကုန်နေတဲ့ဆေးတွေကို ရောထည့်ပေးလိုက်တာလည်း ဖြစ်နိုင်သလို နောက်တစ်ခုက ရောဂါကို အမြန်သက်သာအောင် လုပ်ပေးတဲ့ဆေးတွေပေါ့။ ဥပမာဆို စတီးရွိုက်ဆေးတွေပေါ့။ အကိုက်အခဲပျောက်တဲ့ဆေးတွေ ထည့်ပေးလိုက်တော့ ဥပမာ- လူနာတစ်ယောက်က အစာအိမ်က မကောင်းဘူး၊ ဗိုက်အောင့်ဗိုက်နာဖြစ်တယ်။ အဲဒီလိုဖြစ်တဲ့မျိုးမှာ ဆေးဆိုင်က အစာအိမ်ဆေးတွေ ပေးလိုက်တယ်။ ပေးလိုက်တဲ့ အခါကျတော့ တကယ့်ကို သက်တမ်းရှိတဲ့ဟာလည်း မရှိဘူးလား ဒါတွေက စကားပြောတယ်။ တချို့ကျတော့လည်း ဆက်သောက်ရင် ကျောက်ကပ်တွေ ထိတာတွေ ဖြစ်နိုင်တယ်” လို့ အမည်မဖော်လိုတဲ့ အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက ရှင်းပြပါတယ်။

စပ်ဆေးတွေနဲ့ ပတ်သက်ပြီး အခြားသတိထားရမှာက ဆေးယဉ်ပါးဖြစ်သွားမယ့် အခြေအနေ ဖြစ်ပါတယ်။

​”ပိုးသတ်ဆေးဆိုလည်း အလွယ်တကူ ထည့်ပေးတာပေါ့။ အမောက်စလင်တို့ ဘာတို့ ဒီလိုမျိုးပေါ့နော်။ ဒီလိုမျိုး ပိုးသတ်ဆေးတွေ ထည့်ပေးတဲ့အခါမျိုးကျတော့ ပိုးသတ်ဆေးတွေရဲ့ သဘောက အချိန်အဆလည်း မှန်ဖို့ လိုတယ်။ ဆေးပတ်လည်အောင် သောက်ဖို့လည်း လိုတယ်။ စပ်ဆေးတွေကို သောက်တဲ့သူတွေက ဘယ်လိုတွေဖြစ်လာလဲဆိုရင် နောက်ပိုင်းမှာ တော်ရုံတန်ရုံ ဆေးမတိုးတော့ဘူး။ ပိုးသတ်ဆေးကို ယဉ်ပါးတဲ့ ပြဿနာ ဖြစ်လာတယ်” လို့ နေပြည်တော်မှာ နေထိုင်တဲ့ ဆရာဝန်တစ်ဦးက ဆိုပါတယ်။

စပ်ဆေးတွေနဲ့ ပတ်သက်ပြီး ဆေးဝါးရောင်းချတဲ့ဆေးဆိုင်တွေကို မရောင်းဖို့ အသိပညာပေးတာတွေ လုပ်နေသလို စပ်ဆေးတွေ ရောင်းချနေတယ်ဆိုရင်လည်း ဆေးဝါးရောင်းချခွင့်လိုင်စင်ပိတ်တာတွေ ကျန်းမာ ရေးဝန်ကြီးဌာနက လုပ်ဆောင်နေတာမျိုး ရှိပါတယ်။

“စပ်ဆေးရောင်းချနေတယ်ဆိုရင် ဆေးဆိုင်လိုင်စင်ကို ရုပ်သိမ်းတာတွေကို ဆောင်ရွက်နေတယ်” လို့ ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။

​ငွေကုန်ကြေးကျ သက်သာတယ်၊ ခဏနဲ့ ပျောက်တယ်ဆိုတဲ့ အယူအဆတွေကြောင့် စပ်ဆေးရောင်း ချမှုတွေဟာ လက်ရှိအချိန်မှာတော့ တကျော့ပြန် ခေါင်းထောင်လာတာတွေ ရှိနေပါတယ်။ အထူးသဖြင့် အခြေခံ လူတန်းစား နေထိုင်မှုများတဲ့ ဆင်ခြေဖုံးမြို့နယ်တွေမှာ စပ်ဆေးရောင်းချမှုတွေ ရှိနေတာပါ။ ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်နိုင်တဲ့ အခြေအနေတွေရှိနေပေမယ့် ငွေကြေးသက်သာမှုတစ်ခုတည်းကိုသာ ကြည့်ပြီး စပ်ဆေး သောက်သုံးမှုတွေကလည်း ရှိနေတုန်းပဲ ဖြစ်ပါတယ်။

လူကြိုက်များသောဆောင်းပါးများ

Ads Advertisement