အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ဝေဒနာရှင်များအတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ အထူးကုဌာနတွင် အထူးကုပါမောက္ခဆရာဝန်ကြီးသုံးဦးဖြင့် ဇူလိုင် ၂၇ ရက်မှစ၍ တာဝန်ယူ ကြည့်ရှုကုသပေးနေပြီ ဖြစ်ပါတယ်။
လာရောက်ကုသရသူတွေ စောင့်ဆိုင်းရတာမျိုး မဖြစ်အောင်အတွက် ပါမောက္ခ ဆရာဝန်ကြီးတွေက လူနာတွေကို တပြိုင်နက်တည်း ကြည့်ရှုစစ်ဆေးတဲ့ အလှည့်ကျ တာဝန်ယူပေးတဲ့ စနစ်နဲ့ ကုသပေးမှာ ဖြစ်ပြီး အစာအိမ်အက်ဆစ်ပြန်ဆန်တက်တာ (Gastroesophageal Reflux Disease – GERD) ၊ အစာအိမ် ဒါမှမဟုတ် အူသိမ်ဦးပိုင်းမှာ အနာဖြစ်တာ (Peptic Ulcers)၊ အူလမ်းကြောင်း ပုံမှန်မဟုတ်တဲ့ရောဂါ (Irritable Bowel Syndrome – IBS) ၊ ပါးစပ်ကနေ စအိုဝအထိ အစာခြေလမ်းကြောင်း တစ်လျှောက် ရေရှည်ရောင်ရမ်းတာနဲ့ နာကျင်တာကို ဖြစ်စေတဲ့ အူလမ်းကြောင်းရောင်ရမ်းတဲ့ရောဂါ (Crohn’s Disease)၊ အူရောင်ရောဂါ (Colitis) အပြင် အသည်းနဲ့ သည်းခြေအိတ်ဆိုင်ရာ ပြဿနာတွေ၊ အသည်းရောင်တာ၊ အသည်းအဆီဖုံးတာ၊ သည်းခြေကျောက်တည် စတာတွေကိုလည်း ဒီဌာနမှာ ကုသနိုင်မှာ ဖြစ်ပါတယ်။
ဒီဌာနမှာ အစာပြွန်၊ အစာအိမ်၊ အူသိမ်၊ အူမကြီး၊ အသည်း၊ သည်းခြေအိတ်၊ မုန့်ချိုအိတ် စတဲ့ အစာခြေစနစ် အင်္ဂါများဆိုင်ရာ ပြဿနာများကို အဓိကထား ကုသပေးတာ ဖြစ်ပြီး ရောဂါရှာဖွေ စစ်ဆေးမှုများအား အစာလမ်းကြောင်းအထက်ပိုင်း မှန်ပြောင်းကြည့်ခြင်း (Endoscopy)၊ အူမကြီး မှန်ပြောင်းကြည့်ခြင်း (Colonoscopy)၊ ဝမ်းဗိုက် အက်ထရာဆောင်း (Ultrasound) ရိုက်ခြင်း၊ သွေးနှင့် ဝမ်း ဓာတ်ခွဲစစ်ဆေးမှုတွေကို အဆင့်မြင့်စက်ပစ္စည်းတွေသုံးပြီး ပိုမိုတိကျစွာ စစ်ဆေးကုသပေးသွားမှာ ဖြစ်ပါတယ်။
စစ်ဆေးကုသပေးမှုကို လူနာဟောင်းနဲ့ လူနာသစ် နှစ်မျိုးခွဲခြားပြီး လူနာဟောင်းတွေအတွက် အပတ်စဉ် အင်္ဂါနေ့ (မွန်းလွဲ ၁ နာရီကနေ ၃ နာရီ)၊ သောကြာနေ့ (မနက် ၈ နာရီကနေ ၁၁ နာရီအထိ) သတ်မှတ်ထားပြီး လူနာသစ်တွေအတွက် တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တွေမှာ မနက် ၈ နာရီကနေ ၁၁ နာရီအထိ သတ်မှတ်ပေးထားပါတယ်။
ဓာတ်ပုံ – Yangon General Hospital