အမျိုးတို့ရေ … မယ်ကြော့တို့ မတွေ့ကြတာတောင် အတော်ကြာပြီနော်။
လူတစ်ခု ပူမှုရယ် ဆယ်ကုဋေဆိုတဲ့ အတိုင်း အလုပ်များနေလို့ပါတော်။ အခုတော့ အမျိုးတို့အတွက် မယ်ကြော့ ပြန်လာပြီ။ တကယ်က မယ်ကြော့ လည်း အမျိုးတို့ကို လွမ်းနေတာပါတဲ့တော့်။ ကဲ…ကဲ…အလွမ်းသယ်ခန်းလေး လျှော့မယ်နော်။ ဒီတစ်ပတ် မယ်ကြော့အမျိုးတို့ကို ပြောပြချင်တာက နွယ်မြက်သစ်ပင် ဆေးဘက်ဝင် ဆိုတဲ့အတိုင်း မယ်ကြော့တို့ လူ့အဖွဲ့အစည်းထဲက သူတိုင်း သိကြတဲ့ ဘီတဲလ်အကြောင်းတော့။ ဘီတဲလ်ဆိုလို့ နိုင်ငံခြားက အဆိုတော်ကြီး မဟုတ်ဘူးနော်။ Betel လို့ ခေါ်တဲ့ ကွမ်းရွက်အကြောင်းရှင့်။ တို့များနိုင်ငံမှာက ကွမ်းဆိုရင် တပျစ်ပျစ်နဲ့ ထွေးလို့ နိုင်ငံနေရာအနှံ့ အနီရောင်တွေ စွန်းနေတဲ့ ကွမ်းစားတာကိုချည်း မြင်တတ်ကြတာ။ ဒါက သွားနဲ့ခံတွင်းကင်ဆာလိုဟာကို ဖိတ်ခေါ်နေတဲ့ အမူအကျင့်။ အခု မယ်ကြော့ ပြောမှာက ကွမ်းရွက်အကြောင်းတော့။
ကွမ်းရွက်ဆိုတာ ရုက္ခဗေဒဆိုင်ရာ ပါဝင်မှုဖြစ်တဲ့ Bioactive Compounds လို့ ခေါ်တဲ့ ဇီဝဓာတ်ကြွဒြပ်ပေါင်းတွေ အများကြီးပါတဲ့ အရွက်ပါတော့။ ဖီနောလ် Phenols ဟာ ကွမ်းရွက်ရဲ့ ထူးခြားတဲ့ အနံ့နဲ့ အရသာကို ပေးတဲ့ အဓိက ဒြပ်ပေါင်းဖြစ်ပြီး ဒါက ပိုးတွေကို သတ်နိုင်တဲ့ ဂုဏ်သတ္တိနဲ့ ဘက်တီးရီးယားတွေကို ဆန့်ကျင်နိုင်တဲ့ ဂုဏ်သတ္တိ ရှိသတဲ့ရှင့်။ နောက်ပြီး Hydroxychavicol လို ပိုးသတ်နိုင်တဲ့ နောက်ထပ်ဂုဏ်သတ္တိလည်း ရှိသလို ဒါက အနာဖြစ်ရင် မြန်မြန်ကျက်ဖို့ အထောက်အကူပြုပြန်ကော။ နောက်ထပ် ပါဝင်သေးတဲ့ ဒြပ်ပေါင်းက Eugenol နဲ့ Methyl Eugenol ဒြပ်ပေါင်းတွေ။ ဒီဒြပ်ပေါင်းတွေကို မုန့်ညှင်းဆီ၊ လေးညှင်းတို့မှာလည်း တွေ့နိုင်ပြီး အကိုက်အခဲ ပျောက်စေတဲ့၊ ရောင်တာ ရမ်းတာ ကျစေတဲ့အပြင် ပိုးတွေကိုပါ သတ်နိုင်တဲ့ ဂုဏ်သတ္တိ ရှိပါတယ်။ ဒါက ဖီနောလ်လို့ ခေါ်တဲ့ ဒြပ်ပေါင်းခေါင်းစဉ်အောက်ကနေ ရှိနေတဲ့ အ သုံးဝင်ဒြပ်ပေါင်းတွေပါ။ နောက်ထပ် ဓာတ်ပေါင်းတစ်မျိုးကတော့ Terpenes နဲ့ Terpenoids ဒြပ်ပေါင်း ထဲပါဝင်တဲ့ Limonene နဲ့ Caryophyllene ဆိုတဲ့ မွှေးရနံ့ရှိတဲ့ ဓာတုဒြပ်ပေါင်းပါ။ ဒီဒြပ်ပေါင်းက အနံ့အ ရသာအပြင် ဆေးဘက်ဝင်အာနိသင်လည်း ရှိပါတယ်တဲ့။ နောက်တစ်ခုကတော့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidant) အလုပ်လုပ်ပြီး ဆဲလ်ပျက်စီးတာတွေကို ကာကွယ်ပေးတဲ့ Quercetin နဲ့ Catechin အစရှိတဲ့ ဒြပ်ပေါင်းတွေ ပါဝင်ပြန်ပါတယ်။
အမျိုးတို့ရေ…ကွမ်းရွက်ဟာ တကယ်တော့ မြန်မာ့လူ့ဘောင် အဖွဲ့အစည်းနဲ့ ရိုးရာဓလေ့ထုံးတမ်းဆိုင်ရာ ပွဲတွေမှာလည်း အရေးပါတဲ့ အရွက်နော်။ ဘာသာရေးနဲ့ ဆက်စပ်တဲ့ ကန့်တော့ပွဲ ထိုးရင်၊ ရိုးရာနတ်တွေနဲ့ ဆက်စပ်တဲ့ ကန်တော့ပွဲထိုးရင်လည်း သူက မပါမဖြစ်။ တကယ်တော့ သူ့ရဲ့ ရုက္ခဗေဒနာမည်က Piper betal L. တဲ့။ ကွမ်းကို မြန်မာမှာတင် မဟုတ်ဘူးနော်။ မြန်မာ့အိမ်နီးချင်းဖြစ်တဲ့ အိန္ဒိယ၊ မလေးရှား၊ အင်ဒိုနီး ရှား၊ ဖိလစ်ပိုင်နဲ့ သီရိလင်္ကာလို အာရှတိုက် အပူပိုင်းနိုင်ငံတွေမှာ တွင်တွင်ကျယ်ကျယ်နဲ့ကို စိုက်ကြ၊ ပျိုးကြ၊ သုံးကြတာ။
ဆေးဘက်ဝင် ကွမ်းရွက်
မယ်ကြော့ရဲ့ အမျိုးတို့ရေ…
တကယ်တော့ ကွမ်းရွက်ကို ရိုးရာဆေးပညာနယ်ပယ်မှာ အမျိုးမျိုးသော ရောဂါတွေအတွက် သုံးလေ့ သုံးထ ရှိကြတာရှင့်။ အခုနောက်ပိုင်း သိပ္ပံနည်းကျ လေ့လာမှုတွေ လုပ်ပြီးနောက်မှာ သူ့ရဲ့ ဆေးဘက်ဝင်ဂုဏ်သတ္တိ တွေကို ပေါ်ပေါ်တင်တင် ထောက်ခံလာကြတာ။
ကွမ်းရွက်မှာပါတဲ့ Eugenol ဒြပ်ပေါင်းဟာ နာကျင်တာတွေကို သက်သာစေသလို ရောင်ရမ်းတာတွေကို လျှော့စေတာမို့ အဆစ်အမြစ် ကိုက်တာ၊ ဒဏ်ရာရောင်ရမ်းတာဖြစ်ရင် ခန္ဓာကိုယ်ပြင်ပလိမ်းဆေးအဖြစ် အသုံးပြုလို့ ရပါတယ်။ နောက်ပြီး ပိုးသတ်ဆေးနဲ့ ဘက်တီးရီးယားဆန့်ကျင်ဆေးအဖြစ် သုံးနိုင်တဲ့ Chavicol, Betephenol, Eugenol ဒြပ်ပေါင်းတွေကြောင့် မှိုနဲ့ ဗိုင်းရပ်စ်တချို့ကို တိုက်ဖျက်နိုင်တဲ့ ဂုဏ် သတ္တိ ရှိတာမို့ ကွမ်းရွက်ကို ဝါးတာ ဒါမှမဟုတ် ပြုတ်ရည်နဲ့ ပလုပ်ကျင်းရင် သွားဖုံးနဲ့ ခံတွင်းနာတွေ၊ ခံတွင်း အနံ့ဆိုးထွက်တာတွေကို သက်သာစေပြန်ပါတယ်။ ကွမ်းရွက်မှာအနာကို ကျက်စေတဲ့ ဂုဏ်သတ္တိလည်းရှိတာမို့ ကွမ်းရွက်ရည်ကို အနာပေါ် လိမ်းပေးရင် အနာကျက်နှုန်း မြန်သလို ပိုးဝင်တာကိုလည်း ကာကွယ်ပေး ပြန်သတဲ့တော်။ အစားစားပြီးတဲ့အခါ ကွမ်းရွက် ဝါးပေးရင် တံတွေးထွက်လာအောင် လှုံ့ဆော်ပေးပြီး အစာခြေဖျက်တာကို အားပေးတဲ့အပြင် လေပွတာနဲ့ အစာမကြေတာကိုလည်း သက်သာစေပြန်သတဲ့။ ရိုးရာဆေး ကျမ်းတချို့မှာဆို ကွမ်းရွက်ရည် ဒါမှမဟုတ် ကွမ်းရွက်ကို ပျားရည်နဲ့ ရောပြီး သောက်ရင်ဖြင့် ချောင်းဆိုးတာ၊ လည်ချောင်းနာတာနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို သက်သာစေတယ်လို့ ဆိုပါတယ်။
နောက်ထပ် အရေးကြီးတဲ့ ဂုဏ်သတ္တိက ကွမ်းရွက်မှာ ရှိသေးတယ်ရှင့်။ အဓိကတော့ Antioxidant ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိ ရှိတဲ့ Flavonoids နဲ့ Phenols တွေ ပါတာမို့ ခန္ဓာကိုယ်ထဲ ဆဲလ်ပျက်စီးတာနဲ့ နာ တာရှည်ရောဂါ ဖြစ်ပွားတာတွေကို ကာကွယ်ပေးပါတယ်။ နောက်ပြီး Anticancer လို့ ခေါ်တဲ့ ကင်ဆာ ဆန့် ကျင်တဲ့ ဂုဏ်သတ္တိလည်း ပါဝင်တယ်လို့ တချို့သော လေ့လာဆန်းစစ်မှုတွေမှာ တွေ့ရှိထားပြီး ကင်ဆာဆဲလ် ကြီးထွားမှုကို ဟန့်တားနိုင်တဲ့ အလားအလာတောင် ရှိပြီလို့ ဆိုထားပါတယ်တော့်။ ဒါပေမဲ့ ပိုပြီးသေချာအောင် အတွက် ကျယ်ပြန့်တဲ့ သုတေသနတွေတော့ ထပ်လုပ်ဖို့ လိုသေးတာပေါ့တော်။
ကွမ်းရွက်နဲ့ ကလေး
အမျိုးတို့ရေ…မြန်မာပြည်မှာက အဓိကအားဖြင့် ဗမာကွမ်းလို့ အလွယ်ခေါ်တဲ့ ကွမ်းနုဝါနဲ့ ကရင်ကွမ်း / ဟင်္သာတကွမ်းလို့ ခေါ်တဲ့ ကွမ်းကြမ်းကို အဓိက စိုက်ပျိုးတာတော့။ တချို့ဒေသတွေမှာလည်း တခြားကွမ်းအမျိုးအစားတွေ ရှိပေမယ့် အဓိကတော့ ကွမ်းနုဝါနဲ့ ကွမ်းကြမ်းကိုပဲ အဓိက စိုက်တာပါ။ ကွမ်းရွက် ၁၀၀ ဂရမ်မှာ ကယ်လ်စီယမ်ဓာတ် ၁၅၀ မီလီဂရမ်၊ ကယ်လိုရီ ၄၂ ၊ သံဓာတ် ၅ ဒသမ ၇ မီလီဂရမ်အပြင် မျက်စိကို အကျိုးပြုတဲ့ မီတာမင်အေဓာတ်က ၇၅၉၀ IU အထိ ပါတာကို ကမ္ဘာ့အာဟာရသိပ္ပံပညာရှင်တွေက ဖော်ထုတ်ထားပြီး ဖြစ် ပါတယ်။ အာဟာရဓာတ်တွေ မြင့်သလို မြန်မာ့ ဆေးသုတေသနဦးစီးဌာနရဲ့ လေ့လာမှုတွေအရ ကွမ်းရွက်ဟာ တုပ်ကွေးလို ရာသီဖျားနဲ့ အာဂန္တုဖျားတွေ၊ နှာစေး၊ ချောင်းဆိုး၊ ရင်ကျပ်၊ ပန်းနာ၊ ဝမ်းပျက်/ဝမ်းလျှော နဲ့ မျက်စိနာတွေကို သက်သာပျောက်ကင်းစေတယ်လို့ ဆိုထားပါတယ်။ အမျိုးတို့ရေ…တကယ်တော့ ကွမ်းရွက် က မယ်ကြော့တို့ ငယ်စဉ်တောင်ကျေးကတည်းက အိမ်သုံးဆေးတစ်ခုလို သုံးလာကြတာ မဟုတ်လား။
ကလေးတွေ ချောင်းဆိုး/ရင်ကျပ်ရင်၊ အသက်ရှူကျပ်ရင် ကွမ်းရွက်ကို မီးကင်၊ ဆီသုတ်ပြီး ရင်ဘက်၊ ရင်ညွန့်၊ ရင်ခေါင်းနေရာတွေမှာ အုပ်စည်းပေးထားလိုက်ရင် သက်သာစေတယ် မဟုတ်လား။ အဆုတ်နဲ့ လည်ချောင်း နာဖြစ်ရင် မီးကင်၊ မုန့်ညှင်းဆီလေးသုတ်ပြီး ရင်ဘက်ပေါ် စည်းထားပေးတာ မဟုတ်လား။ ကလေးတွေ ဖြစ်လေ့ ဖြစ်ထရှိတဲ့ အစာမမကြေ၊ လေနာ၊ ဝမ်းသွားဖြစ်ရင်တော့ ကွမ်းရွက်စိမ်းကို အရည်ညှစ်၊ ရတဲ့ သတ္တုရည်ကို ပျားရည်နဲ့ ဆတူရောပြီး တစ်ဂရမ်လောက်ကို တစ်နေ့ နှစ်ကြိမ် ကျွေးပေးရင် သက်သာစေတယ်လို့ လူကြီးသူမတွေက လမ်းညွှန်ထားသလို လိုက်လည်း လုပ်ကြတယ် မဟုတ်လား။ ကလေးက နှာစေးနေရင် တော့ ပန်းညိုရွက်၊ လင်းနေ၊ ပင်စိမ်း (ကုလားပင်စိမ်း)၊ ပင့်ကူတောင်စုံ၊ ကွမ်းရွက်စိမ်းတို့ကငို ရောကြိတ်၊ နှမ်းဆီနဲ့ ဖျောပြီး ကလေးနှာထိပ် အုံပေးလိုက်ရင် သက်သာစေတယ် မဟုတ်လား။ အမျိုးတို့ရေ…မယ်ကြော့ တို့ မြန်မာ့လူဘောင်က ကျယ်ပြန့်တော့ ကလေးသူငယ်နဲ့ ကွမ်းရွက်အသုံးကတည်း တစ်ကျောင်း တစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်းပဲတော့်။
“ကွမ်းရွက်ကတော့ ကလေးတွေအတွက် ငယ်ငယ်ကတည်းက သုံးလာတယ်လို့ ပြောရမယ်။ ဒီမှာက ကွမ်းရွက်ကလည်း လွယ်လွယ်နဲ့ ရှာလို့ ရတော့ ပိုပြီးလည်း သုံးတယ်။ အခုခေတ်ကာလ ဆေးတွေက ကိုယ်လည်း နားသိပ်မလည်တော့ နှာစေး၊ ချောင်းဆိုး၊ လေဖော၊ လေယောင်၊ ဝမ်းချုပ်တာလောက်တော့ ကွမ်းရွက်နဲ့ပဲ ပြီးတာ။ ကျွန်မတို့ ငယ်ငယ်တုန်းကလည်း အမေတွေက ဒီနည်းတွေပဲ သုံးခဲ့တော့ ကလေးအတွက် အန္တရာယ် မရှိဘူးဆိုတာ သိထားပြီးသားလေ။ ကျွန်မတို့ဘက်မှာ ကလေးတွေ လည်ချောင်းနာတာ၊ နှာစေး၊ ချောင်းဆိုးဖြစ်ရင် ကွမ်းရွက်ကို အရည်ညှစ်ပြီး ရတဲ့ အရည်ကို ဆားနည်းနည်းထည့်၊ ပြီးရင် တစ်နေ့ကို ၁၀ စက်၊ ၁၅ စက်လောက် ကလေးကို တိုက်ရင် ခဏနဲ့ ပျောက်တာလေ။ ဒီတော့ အခုခေတ် ဆေးဝါးတွေ တိုက်စရာ မလိုတော့သလို အဲဒီဆေးတွေက ရနိုင်တဲ့ Side effect တွေ ဘာတွေရှိရင်လည်း ကြိုပြီး ကာကွယ်ပြီးသား ဖြစ်တာပေါ့” လို့ မကွေးတိုင်း၊ မင်းဘူးမြို့မှာ နေတဲ့ ကလေး သုံးယောက်မိခင် ဒေါ်နွဲ့ (အမည်လွှဲ) က MyanHealth ကို ပြောပြပါတယ်။
အမျိုးတို့ရေ…မယ်ကြော့ ပြောခဲ့သလို ကလေးတွေအတွက် ကွမ်းရွက်အသုံးက တစ်ကျောင်း တစ်ဂါထာတော့။ ကလေးလေးတွေ နှာစေး၊ နှာမွှန်ပြီး အသက်ရှူကျပ်ရင် သုံးတဲ့ အသုံးတစ်ခုက ကွမ်းရွက်ကို မီးကင်၊ ကင်ပြီး အရွက်အပေါ် မုန့်ညှင်းဆီ၊ နှမ်းဆီ၊ အုန်းဆီ တစ်ခုခု သုတ်ပြီး ကွမ်းရွက်ကို အလယ်က အပေါက်ကလေး ဖောက်ပြီး အဲဒါကို ကလေးငယ်ထိပ် တည့်တည့်မှာ ကပ်ပေးထားရင် မြန်မြန်သက်သာတယ်တဲ့။ ဒီခေတ်လူတွေကတော့ ပြောကြမှာပေါ့။ ကွမ်းရွက်ပူကြီး ကလေးငယ်ထိပ်ကပ်တာ မဟုတ်က ဟုတ်ကတော် ဆိုပြီး။ တကယ်က ကွမ်းရွက်အပူကြီး ကပ်ခိုင်းတာ မဟုတ်ဘူးနော်။ မီးကင်ပြီး ကွမ်းရွက် ခပ်နွေးနွေးပေါ်မှာ ဆီးသုတ်၊ အေးခါနီးကျမှ ကပ်ခိုင်းတာမျိုးပေါ့။ နောက်ပြီး ကလေးတွေ စကားထစ်တာ၊ စကားပြောနှေးရင် သုံးတဲ့ အသုံးကွဲတွေလည်း ရှိပြန်ပါသေးတယ်။ စကားပြော ထစ်ရင်တော့ တိုင်းရင်းဆေး အမှတ် (၁) ဖြစ်တဲ့ မက်လင်ချဉ်လျက်ဆား ကို ကွမ်းရွက်နဲ့ ကြိတ်၊ ရတဲ့ သတ္တုရည်ကို လျက်ခိုင်းရင် သက်သာစေသလို အဲဒီ သတ္တုရည်ကိုပဲ ရှောက်ရည်၊ သံပုရာရည်နဲ့ ရောပြီး လျက်ခိုင်းရင်လည်း သက်သာပါစေတဲ့။ နောက်ပြီး စပါးကြီးသည်းခြေကို သတ္တုရည်နဲ့ နည်းနည်းရောပြီး လျှာရင်းကို နာနာပွတ်ပေးရင် စကားပြောနှေးတာ၊ စကားထစ်တာကို သက်သာစေတဲ့တော်။ ကွမ်းရွက်မှာက မျက်စိအားကောင်းစေတဲ့ ဗီတာမင်အေဓာတ် ပါဝင်မှုနှုန်းက မြင့်မြင့်မားမား ပါတယ်လို့ ခေတ်သစ်ဆေးပညာနဲ့ အာဟာရပညာရှင်တွေ တွေ့ရှိထားပြီး ဖြစ်တယ် ဆိုတာ မယ်ကြော့ ပြောပြထားပါတယ်နော်။ ဒီတွေ့ရှိချက်တွေ မရှိခင်ကတည်းက စာကြည့်၊ စာဖတ်၊ စာရေး၊ တီဗီကြည့်များလို့ မျက်စိအားနည်းရင် သန့်စင်ထားတဲ့ ကွမ်းရွက်သတ္တုရည်ကို နေ့ခင်းဘက်တွေမှာ တစ်စက်၊ ဒါမှမဟုတ် နှစ်စက်လောက်အထိ မျက်စဉ်းအဖြစ် ခတ်ပေးလို့ ရသလို ညအိပ်ယာဝင်ရင် ကွမ်းရွက်ကို မျက်စိပေါ် ကပ်ထားရင်လည်း မျက်စိကို အားပြန်ပြည့်စေပါသတဲ့တော်။
မယ်ကြော့ရဲ့ အမျိုးတို့ရေ…တကယ်တော့ ကွမ်းရွက်က ကလေးတွေအတွက် ဘက်စုံအသုံးဝင် အရွက်တင် မဟုတ်ဘူးနော်။ ကလေးတို့ မေမေတွေအတွက်လည်း အသုံးတည့်တာတွေက ရှိသေးသတော်။ ဥပမာ သားသေအမျိုးသမီးတွေမှာ နို့အုံရောင်ပြီး ကိုက်တာ ခဲတာ ဖြစ်တတ်ပါတယ်။ အဲဒီလို ဖြစ်ရင် ကွမ်းရွက်ကို ဆီသုတ်၊ မီးကင်ပြီး ရောင်ရမ်းကိုက်ခဲတဲ့နေရာကို အုံထား၊ စည်းထားပေးရင် ကိုက်တာ၊ ခဲတာ ပျောက်ကင်းတဲ့အပြင် နို့ရည်ခန်းသွာတာမျိုး ဖြစ်သွားပါလိမ့်မယ်။ နောက်ပြီး ကလေးတို့ မေမေတွေမှာ ဖြစ်တတ်တဲ့ နို့ချောင်းပိတ်၊ နို့ကျိတ်ရောင်တာတွေ ဖြစ်ရင်လည်း ကွမ်းရွက်ကို နှမ်းဆီ၊ အုန်းဆီ၊ မုန့်ညှင်းဆီ ရရာတစ််ခုခု သုတ်ပြီး ကပ်ပေး ရင် သက်သာစေတဲ့တော်။ နောက်ပြီး သားဖွားပြီး မေမေတို့မှာ နို့ရည်ကောင်းကောင်းမထွက်ရင် အများအား ဖြင့် မြန်မာ့လူ့ဘောင်မှာက နွားမြီး ပြုတ်သောက်ဖို့ တိုက်တွန်းကြလေ့ ရှိတယ် မဟုတ်လား။ တကယ်လို့ နွားမြီးရဖို့ ခက်ရင် ကွမ်းရွက်ကို ချင်းစိမ်းနဲ့ ရောပြီး ပြုတ်၊ ရလာတဲ့ ပြုတ်ရည်ကို သောက်ခိုင်းရင် သွေးသားလည်း ကြည်လင်သလို နို့ရည်လည်း ကောင်းကောင်းထွက်မှာမို့ သားသား၊ မီးမီးတို့အတွက် စိတ်မပူရတော့ဘူးပေါ့နော်။ ဒါက အရပ်ပြော မဟုတ်ဘူးနော် အမျိုးတို့။ အရပ်ပြောဆေးအသုံးတွေကို စု၊ ပြန်လည်ဆန်းစစ်ပြီးနောက် တိုင်းရင်းဆေးဌာန ခွင့်ပြုချက်နဲ့ ဆရာဦးခန့်ကျော်ဆိုသူက “ဂမ္ဘီရနနတ်ပန်းသစ်ရွက်များ” ဆိုတဲ့ နာမည်နဲ့ တရားဝင် စာအုပ်အဖြစ် ထုတ်ဝေထားတာကနေ ကိုးကားထားတာပါနော်။
“တကယ်က ကွမ်းရွက်က ကလေးတွေအတွက်တင် မဟုတ်ဘူး။ လူကြီး လူငယ် လူရွယ်မရွေးတိုင်းအတွက် နားလည်ရင် နားလည်သလောက် အသုံးတည့်တဲ့အရွက်ဗျ။ ကွမ်းစားတာကိုတော့ မဆိုလိုဘူးနော်။ ကွမ်းစား တာက ကွမ်းရွက်ထဲ တခြား Chemical ဆေးဝါးတွေ၊ ထုံးလို ဟာတွေ ထည့်စားကြလို့ ဖြစ်တာ။ ကွမ်းရွက်နဲ့ ပတ်သက်ရင် မြန်မာ့ သမားတော်လက်သုံးကျမ်းမှာဆိုရင် ကွမ်းရွက်ဟာ ပူစပ်တဲ့ အရသာ ရှိပြီး သလိပ်ကို ကြေစေတယ်၊ လေကို နိုင်တယ်၊ သွေးဖောက်ပြန်တဲ့ အနာ၊ သည်းခြေနဲ့ ယှဉ်တဲ့အနာ၊ အပုပ်အားကြီးတဲ့ အနာတွေကို နိုင်တယ်။ အညှော်အသင်းကို ထုတ်စေတတ်တယ်၊ ချောင်းဆိုးနာကို နိုင်တယ်လို့ ဆိုထားတယ်ဗျာ။ ဥတုဘောဇကျမ်းမှာလည်း ဒီအတိုင်းကို ညွှန်းထားတာ။ ပုံပြဆေးအဘိဓာန်ကျမ်းမှာဆို ကွမ်းသည် နှုတ်ကို မြိန်စေ၏။ ဆီးဝမ်းကို ရွှင်စေ၏။ အားကို တိုးစေ၏။ အဆိပ်ကို ပယ်၏။ ဝမ်းမီးကို တောက်စေ၏။ ကာမအားကို ပေး၏။ နှလုံးကို အကျိုးပြု၏။ လေ၊ သလိပ်ကို နိုင်၏။ ချောင်းဆိုး၊ ပန်းနာ၊ နှလုံးရောဂါကို ပျောက် ကင်းစေ၏လို့ ဖော်ပြထားတယ်ဗျာ။ အခုခေတ်သစ် ဆေးပညာအရဆိုရင် အမေရိကန် အစိုးရက တရားဝင် လွှင့်တင်ထားတဲ့ NLH (National Library of Medicine) လို ဝက်ဘ်ဆိုက်မှာတောင် ကွမ်းရွက်ကို စီးပွားရေးအရရော၊ ဆေးဘက်ဝင်မှုအရရော အသုံးဝင်တဲ့ အစိမ်းရောင်ရွှေ (Green Gold) လို့ ဆိုထားတာဗျ။ ဒါကို ကြည့်ရင် ကွမ်းရွက်က ဘယ်လောက်အသုံးဝင်တယ်ဆိုတာ မြင်သာပါတယ်ဗျာ” လို့ တိုင်းရင်းဆေး ကျမ်းတွေကို လေ့လာနေတဲ့ ကိုဝေ (အမည်လွှဲ) က MyanHealth ကို ဆိုပါတယ်။
ကဲ…အမျိုးတို့ရေ… ကွမ်းရွက်ကို အိမ်သုံးဆေးဝါးလို သုံးတာနဲ့ ပတ်သက်လို့ မြန်မာ့လူ့ဘောင်မှာက အမြင်အမျိုးမျိုးရှိကြပေမယ့် မြန်မာ့တိုင်းရင်းဆေး၊ ကမ္ဘာ့အဆင့်မီ ခေတ်သစ် ဆေးပညာသမားတွေကတောင် ကွမ်းရွက်ရဲ့ အသုံးဝင်မှုကို စာနဲ့ ပေနဲ့ ရေးကြ၊ သားကြ၊ ပြောနေကြပြီ မဟုတ်လား။ ဒါကြောင့် ဒီတစ်ပတ်မှာတော့ ကလေးတွေနဲ့ ကွမ်းရွက်အသုံးတည့်မှုကိုပဲ ပြောပြထားလိုက်ပါမယ်။ နောက်များ ကြုံရင် ဆုံရင် နောက်ထပ် အသုံးတည့်တာတွေကို မယ်ကြော့ ထပ်ပြောပြမယ်နော်။
ကိုးကား – NLH (US-government), ဥတုဘောဇနကျမ်း၊ ပုံပြဆေးအဘိဓာန်၊ ဂမ္ဘီရနတ်ပန်းသစ်ရွက်များ
#ချောင်းဆိုး/ရင်ကျပ်